အိန္ဒိယ အာဏာပိုင်တွေဟာ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အသက်ကယ်အင်္ကျီတွေပေးပြီး မြန်မာပိုင်နက်အနီး ပင်လယ်ထဲကို ရေတပ်သင်္ဘောပေါ်ကနေ ပစ်ချခဲ့တယ်လို့ ကုလသမဂ္ဂ အေဂျင်စီ၊ ဒုက္ခသည်တွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ရှေ့နေတွေက ပြောကြားခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ခုမှာ ရိုဟင်ဂျာ ၄၀ ထက်မနည်းကို နယူးဒေလီမှာ ထိန်းသိမ်းထားပြီးနောက် အိန္ဒိယရေတပ်က မြန်မာနဲ့ ရေပိုင်နက်အနီး ပင်လယ်ထဲကို ပစ်ချခဲ့ကြောင်း ဆိုထားပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒုက္ခသည်တွေဟာ ကမ်းပေါ်ကို ကူးသွားခဲ့ပေမယ့် မြန်မာပြည်က ဘယ်နေရာမှာ ရှိနေမှန်းမသိရသေးဘူးလို့ ကုလအေဂျင်စီက ပြောပါတယ်။

အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့အထဲ တချို့သူတွေဟာ သူတို့ မိသားစုဝင်တွေဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည် ၅ ယောက်က AP ကို သောကြာနေ့မှာ အတည်ပြုပြောဆိုပါတယ်။ ခရစ်ယာန်ဘာသာဝင် ၁၅ ယောက် အပါအဝင် သူတို့အဖွဲ့ကို လေယာဉ်နဲ့ သယ်ဆောင်ခဲ့ပြီးတဲ့နောက် မေလ ၈ ရက်နေ့မှာ အိန္ဒိယရေတပ်အာဏာပိုင်တွေက ပင်လယ်ထဲ ပစ်ချခဲ့ကြောင်း သူတို့က ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ ကိုယ်စားပြုရှေ့နေ Dilawar Hussain က မိသားစုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းတရားရုံးမှာ အသနားခံစာ တင်သွင်းခဲ့ပြီး သူတို့ကို နယူးဒေလီပြန်ပို့ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

ဒီကိစ္စအပေါ် အိန္ဒိယရေတပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ AP က ဆိုပါတယ်။

လူ့အခွင့်အရေးရုံးက ဒါဟာ “အသိစိတ်မရှိတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေပဲ” လို့ ဆိုထားပြီး ဒီအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက် ခန့်ထားတယ်လို့ ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ ဒါ့အပြင် “ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ပြန်ပို့တာအပါအဝင် လူမဆန်စွာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဆက်ဆံမှုမျိုးတွေ ရှောင်ရှားဖို့” ကုလသမဂ္ဂအေဂျင်စီက အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီဖြစ်ရပ်ဟာ “နိုင်ငံတကာ အကာအကွယ် လိုအပ်သူတွေရဲ့ အသက်နဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုတာဖြစ်ပြီး” “အတော်လေး ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်တယ်” လို့ ဝေဖန်ပါတယ်။

အိန္ဒိယမှာ ဒုက္ခသည်တွေကို ကိုယ်တွယ်ဖြေရှင်းဖို့ အမျိုးသားရေး မူဝါဒတစ်ရပ်မရှိသလို ဥပဒေလည်းမရှိတဲ့အပြင် ၁၉၅၁ ဒုက္ခသည်စာချုပ်ကိုလည်း လက်မှတ်မထိုးထားပါဘူး။

ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း သိန်းနဲ့ချီတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှာ အိန္ဒိယနိုင်ငံထဲလည်း ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀,၀၀၀ ခန့်အနက် အနည်းဆုံး ၂၂,၅၀၀ ဟာ UNHCR မှာ မှတ်ပုံတင်ထားကြောင်း သိရပါတယ်။

ဘေးကင်းရေး စိုးရိမ်မှုတွေကြောင့် AP က အမည်မဖော်ပြထားတဲ့ ဒုက္ခသည်တစ်ယောက်က သူ့ရဲ့ အကိုဟာ ပြန်လာတဲ့သူတွေထဲပါဝင်ကြောင်း၊ သူ့အကိုဟာ မြန်မာပြည်က ကျွန်းတကျွန်းရောက်တော့ ဒေသခံတံငါသည်တစ်ယောက်ဆီကနေ ဖုန်းငှားပြီး မေလ ၈ ရက်နေ့မှာ သူ့ဆီဖုန်းဆက်ခဲ့ကြောင်း AP ကို ပြောပါတယ်။

ပုံစာ – လုံခြုံရေးအရ အမည်မဖော်လိုသည့် ရိုဟင်ဂျာဒုက္ခသည် တစ်ဦးက သူ့မိသားစု မြန်မာနိုင်ငံရှိ ကျွန်းတစ်ကျွန်းပေါ် ပြန်ပို့ခံရပုံကို ရှင်းပြနေစဉ်
News/Photo – AP

အိန္ဒိယ အာဏာပိုင်တွေဟာ သူတို့ကို ချုပ်နှောင်ထားတာ၊ မျက်လုံးပိတ်ထားတာတွေကို ဖယ်ရှားခဲ့ပြီးနောက် အသက်ကယ်အင်္ကျီတွေပေးကာ မြန်မာပိုင်နက်ထဲက ကျွန်းတစ်ကျွန်းကို ရေကူးသွားခိုင်းခဲ့ကြောင်း သူက ပြောပါတယ်။

ဒီအပေါ် စစ်ကောင်စီ ပြောခွင့်ရ သက်ဆွေကို မှတ်ချက်ပေးဖို့တောင်းဆိုရာမှာလည်း ချက်ချင်းတုံ့ပြန်တာမရှိသေးဘူးလို့ AP က ဖော်ပြပါတယ်။

ပြန်လာသူအများဟာ အိန္ဒိယ UNHCR ရုံးမှာ မှတ်ပုံထားပြီးဖြစ်ပြီး သူတို့ရဲ့ ဇီဝအချက်အလက်တွေ စုဆောင်းရာကနေ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ အိန္ဒိယက ဒုက္ခသည်တွေက ဆိုပါတယ်။

ဒုက္ခသည်တစ်ယောက်က နယူးဒေလီမှာရှိတဲ့ သူ့အကိုထံခေါ်ဆိုတဲ့ နောက်ထပ် ဖုန်းကောလ်တစ်ခုကိုလည်း AP က ကြည့်ရှုခွင့်ရရှိခဲ့ကြောင်း၊ အဲဒီအဖွဲ့ထဲက လူတချို့ကို အိန္ဒိယရေတပ်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ကြောင်း ကြားသိရတယ်လို့ ဖုန်းခေါ်ဆိုသူက ပြောဆိုကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သီးခြားအတည်ပြုဖို့ မဖြစ်နိုင်ကြောင်း AP က ဖော်ပြပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကို အိန္ဒိယက နှင်ထုတ်ချင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့အတော်များများ အိန္ဒိယနိုင်ငံတဝှမ်းက အကျဉ်းစခန်းအသီးသီး ရောက်ရှိခဲ့ကြပြီး တရားမဝင် ရွှေ့ပြောင်းသူတွေအဖြစ် ရှုမြင်ကာ အချို့ကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေဆီ ပြန်ပို့ခဲ့ပါတယ်။

မနှစ်တုန်းကလည်း ၀န်ကြီးချုပ် Narendra Modi အစိုးရဟာ အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့်ဥပဒေတရပ် ပြဌာန်းခဲ့ပြီး ရိုဟင်ဂျာတွေအပါအဝင် မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ခွဲခြားဆက်ဆံထားတယ်လို့ ဝေဖန်သူတွေက ပြောကြဆိုခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းမှာ ဓာတုငွေ့အဆိပ်သင့်လို့ မြန်မာအလုပ်သမား ၂ ဦးသေဆုံး၊ တစ်ဦး ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း ခရာဘီခရိုင်၊ ပလိုင်ဖရာယာမြို့နယ်က ဓာတုပစ္စည်းတွင်းကို နိုဝင်ဘာလ ၁၄ ရက်မှာ သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ ရှူမိခဲ့တဲ့အတွက် မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။ ကုမ္ပဏီဝင်းအတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား ၃ ဦးဟာ ဓာတုပစ္စည်းတွင်းထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် (Rotten-egg gas) ဓာတ်ငွေ့ အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။
Read More

ထိုင်းကို လာမည့် နိုင်ငံခြားသားခရီးသွားများအား ဘတ် ၃၀၀ ပြည်ဝင်ကြေး ကောက်ခံတော့မည်ဟုဆို

"ဒီဝင်ကြေးကို ရှုထောင့်နှစ်မျိုးနဲ့ ကြည့်လို့ရတယ်။ ခရီးသွားတွေကတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မြင်ကောင်း မြင်နိုင်ပေမယ့်၊ ဒီပိုထည့်ရတဲ့ ဘတ် ၃၀၀ က သူတို့ ဘေးကင်းဖို့၊ ကောင်းဖို့၊ ခရီးသွား အခြေခံအဆောက်အအုံတွေ ပိုကောင်းဖို့၊ ပိုအဆင်ပြေဖို့ဆိုတာကို အစိုးရက သေချာနားလည်အောင် ရှင်းပြပေးမှာပါ" လို့ ၎င်းက ဆိုပါတယ်။