အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

မင်းအောင်နဲ့အဖွဲ့ဟာ ရုရှခရီးစဥ်ကို သူတို့မကြာသေးမီကမှ အပြီးသတ်ဝယ်ယူထားတဲ့ Airbus လေယာဥ်ကို အသုံးပြုကာ ရုရှကို သွားရောက်တာဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီသတင်းဌာနတွေက ထုတ်ပြန်တဲ့သတင်းဓတ်ပုံများအရ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုအပါအဝင် စစ်ကောင်စီရဲ့ ပြည်ပ ထိပ်တန်းခရီးစဉ်တွေအတွက် ငှားရမ်းအသုံးပြုနေတဲ့ Airbus လေယာဉ်ကို အပြီးသတ်ဝယ်ယူလိုက်ပြီ ဖြစ်တယ်လို့ စစ်ကောင်စီက အမိန့်ပြန်တမ်း ထုတ်ပြန်ထားပါတယ်။

ဒီအမိန့်ပြန်တမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) မှာ အသုံးပြုဖို့အတွက် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ပြန်လျော့ အကောက်ခွန် (Drawback) စနစ်နဲ့ ငှားရမ်းတင်သွင်းထားတဲ့ Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ပြန်လည် တင်ပို့ခြင်း မပြုတော့ဘဲ ပြည်တွင်းမှာ ဝယ်ယူသုံးစွဲဖို့အတွက် ကျသင့်တဲ့ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ အမိန့်ပြန်တမ်းမှာ ဖော်ပြထားတာပါ။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ရုရှားခရီးစဉ်နဲ့ တရုတ်ခရီးစဉ်တွေမှာလည်း အဆိုပါ Airbus လေယာဉ်ကို အသုံးပြုကာ ခရီးသွားလာခဲ့သလို၊ မင်းအောင်လှိုင် မိသားစုဝင်တွေရဲ့ များစွာသော ပြည်ပခရီးစဥ်တွေမှာလည်း ဒီလေယာဥ်ကိုသာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ရဲ့ရုရှခရီးစဥ်မှာ အသုံးပြုနေတဲ့ လေယာဉ်ရဲ့မိခင်ကုမ္ပဏီက ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus ဖြစ်ပြီး၊ ၄င်းကုမ္ပဏီဟာ တရုတ်လက်နက်ကုမ္ပဏီကြီး AVIC ရဲ့ ကုမ္ပဏီခွဲ၊ ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီ AviChina မှာ အဓိကရင်းနှီးမြှုပ်နှံထားသူဖြစ်ပါတယ်။ တနည်းအားဖြင့် Airbus ဟာ မြန်မာစစ်တပ်ကို Y-12၊ K-8 စတဲ့တိုက်ခိုက်ရေးလေယာဥ်တွေကို ရောင်းချပေးနေတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Aviation Industry Corporation of China’s (AVIC) ရဲ့ မဟာဗျူဟာမိတ်ဖက်လည်း ဖြစ်ပါတယ်။

Airbus နဲ့မိတ်ဖက်ဖြစ်တဲ့ AVIC ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေကို အပြင်းအထန် တိုက်ခိုက်နေတဲ့ စစ်အုပ်စုကို လေယာဉ်နှင့် စစ်လက်နက်တွေကို တစိုက်မတ်မတ် ရောင်းချထောက်ပံ့နေကြောင်း Justice For Myanmar နဲ့ Info Birmanie အဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းမှာ အထောက်အထားတွေနဲ့တကွ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ဟာ သူနဲ့ သူ့မိသားစုရဲ့ ပြည်ပခရီးစဥ်တွေအတွက် အစစ်ဆေးအမေးအမြန်းမရှိဘဲ အခုလို Airbus လေယာဥ်ကြီးကို အလွယ်တကူ ဝယ်ယူသုံးစွဲနေပေမယ့်၊ သူအာဏာသိမ်းခဲ့စဥ်က “NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ကိစ္စတွေမှာ အသုံးပြုဖို့ ရဟက်ယာဉ်တစ်စင်း ငှားရမ်းခဲ့မှု” ကို အကြောင်းပြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပိုင်ငွေဖြုန်းတီးမှု(အကျင့်ပျက်ခြစားမှု)နဲ့ တရားစွဲဆိုကာ အဓမ္မထောင်ချထားသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့နယ်က အကြမ်းဖက်စစ်တပ် တပ်ရင်းအားလုံးနီးပါးကို AAသိမ်းပိုက်ထားပြီး နပခ ကိုထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။ အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး…
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံထောင်မှ နိုင်ကျဥ်း ၁ဦးကို ရောဂါပြင်းထန်မှ ပြင်ပဆေးရုံပို့ပေး၊ ဆေးရုံရောက်သည့်ရက်မှာပင် ကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သာကေတမြို့က စားသောက်ဆိုင်တစ်ခုမှာ ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်ရာက ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိ…

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက် ၊ ယမုံနာလမ်းက ပိတောက်ရိပ်စားသောက်ဆိုင်မှာ ဂတ်စ်အိုးပေါက်ကွဲတာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်အတွင်းက အမျိုးသား ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ သာကေတမြို့မှာ နေထိုင်သူတွေဆီက သိရပါတယ်။