လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ 

ကရင်နယ်ခြားစောင့်တပ်- BGF တဖြစ်လဲ၊ ကရင်အမျိုးသားတပ်မတော် (KNA) အပေါ် အမေရိကန် ဘဏ္ဍာရေးဌာနက နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အဖြစ် တနင်္လာနေ့မှာသတ်မှတ်ခဲ့တာဖြစ်ပြီး ၎င်းတို့ခေါင်းဆောင်တွေဖြစ်ကြတဲ့ စောချစ်သူနဲ့ သားနှစ်ဦးဖြစ်သူ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကို ဒဏ်ခတ်အရေးယူခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ “ဆိုက်ဘာလိမ်လည်မှု ပေါင်းများစွာ အခြေစိုက်ရာဖြစ်တဲ့” ထိုင်းနယ်စပ်နေရာကြီးကြီးမားမားကို ဦးစီးလည်ပတ်နေတယ်လို့ ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ 

၎င်းအစုအဖွဲ့တွေဟာ ၎င်းတို့ရဲ့တရားမဝင်လုပ်ငန်းတွေအတွက် လူကုန်ကူးမှုတွေကို အလေးထားလုပ်ဆောင်နေပြီး အာရှတဝှမ်းနဲ့ အခြားနိုင်ငံတွေကလူတွေကိုပါ တရားဝင်အလုပ်တွေနဲ့ ဖြားယောင်းပြီး ငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခဲ့ကြတယ်လို့ ဆိုပါတယ်။ 

လူသစ်တွေဟာ ထိုင်းနိုင်ငံကို ရောက်လာပြီး နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံထဲကို ခေါ်သွင်းခံရပြီး အဲဒီမှာရှိတဲ့ စခန်းတွေထဲ ချုပ်နှောင်ခံထားကြရတာလည်း ဖြစ်ပါတယ်။ 

ထိုင်းရဲတွေက စောချစ်သူအ‌ကြောင်းကို စုံစမ်းစစ်ဆေးနေပြီး၊ ၄င်းနှင့်ပတ်သက်ပြီး တရားရေးအာဏာပိုင်များထံမှလည်း ဖမ်းဝရမ်းတောင်းဆိုခံနေရကြောင်း Justice For Myanmar (JFM) က ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။

စောချစ်သူနှင့် သူ့မိသားစု

(အမေရိကန်ရဲ့) ပိတ်ဆို့အရေးယူမှုဟာ ထိုင်းအာဏာပိုင်တွေအတွက် စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ဖိအားဖြစ်လာနိုင်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က OCCRP ကို ပြောပါတယ်။ 

အခုနောက်ဆုံး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက စောချစ်သူကို ဝရမ်းတောင်းထားတဲ့ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပြီး သူ့သားနှစ်ယောက် အပါအဝင် သူ့မိသားစုဝင်တွေအထိပါ တိုးချဲ့ဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်တွေကို ဖိအားပေးနိုင်မှာပါလို့ သူမက ဆိုပါတယ်။ 

စောချစ်သူဟာ BGF/ KNA မှာ ဗိုလ်မှူးကြီးအဆင့်ရယူထားသူဖြစ်ပြီး သူ့ရဲ့သားတွေကတော့ KNA မှာ ဗိုလ်မှူးတွေ ဖြစ်ကြပါတယ်။ 

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မှာ နာမည်အကြီးဆုံးလုပ်ငန်းတခုကတော့ ဒေါ်လာ ၁၅ ဘီလီယံတန် ရထိုက်မြို့သစ်ဖြစ်ပြီး၊ ဒီစီမံကိန်းဟာ ဆိုက်ဘာလိမ်လည်လုပ်ငန်းတွေနဲ့ တရားမဝင် လောင်းကစားရုံတွေအတွက် မျက်နှာစာဖြစ်တယ်လို့ JFM ရဲ့ မနှစ်က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ရထိုက်စီမံကန်းကို ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ She Zhijiang က ဦးဆောင်ခဲ့တာပါ။ သူဟာ အရှေ့တောင်အာရှမှာ တရားမဝင် အွန်လိုင်းလောင်းကစားတွေကို ဦးစီးနေတယ်လို့ စွပ်စွဲခံထားရပြီး တရုတ်ကို တရားခံလွှဲပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုနဲ့ ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်တွေရှိတဲ့ ကမ္ဘောဒီးယားက ငွေလိမ်လုပ်ငန်းတခုနဲ့လည်း ဆက်နွယ်မှုတွေရှိကြောင်း OCCRP က ဖော်ပြခဲ့ဖူးပါတယ်။

BGF/ KNA နဲ့ ၎င်းရဲ့ခေါင်းဆောင်တွေဟာ ရာဇဝတ်ကွန်ရက်တွေကို မြေငှားခြင်း၊ ငွေလိမ်လုပ်ငန်းတွေကို ပစ္စည်းတွေရောင်းချခြင်းနဲ့ ငွေလိမ်လုပ်ငန်းတွေအတွက် လက်နက်ကိုင်လုံခြုံရေးယူပေးခြင်းတွေကနေ ဘယ်လို အကျိုးအမြတ်ရရှိနေသလဲဆိုတာကို JFM ရဲ့ ၂၀၂၄ မေလ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။ 

စံမြင့်လို့လည်း သိကြတဲ့ စောချစ်သူနဲ့ ၎င်းရဲ့သားသမီး ၃ ယောက်တို့ဟာ ကရင်ပြည်နယ်က ကုမ္ပဏီကိုးခုမှာ အစုရှယ်ယာရှင်တွေဖြစ်ကြောင်း မြန်မာကော်ပိုရိတ်မှတ်တမ်းကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“စံမြင့် (စောချစ်သူ) နဲ့ သူ့မိသားစုဟာ မြန်မာစစ်တပ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကနေ များပြားလှတဲ့ ဝင်ငွေတွေရပြီး ဇိမ်ခံနေကြတယ်” လို့ JFM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံနဲ့ အခြားသော အရှေ့တောင်အာရှနိုင်ငံတွေဆီက ငွေလိမ်သူတွေဟာ အမေရိကန်တွေဆီကနေ ၂၀၂၂ ခုနှစ်မှာ ခန့်မှန်းခြေဒေါ်လာ ၂ ဘီလီယံခန့်နဲ့ ၂၀၂၃ ခုနှစ်မှာ ၃.၅ ဘီလီယံခန့် လိမ်လည်ခဲ့ကြတယ်လို့ ၎င်းက ဆိုထားပါတယ်။ 

စောချစ်သူကို အမေရိကန်က ပိတ်ဆို့အရေးယူမှု မလုပ်ခင် UK က ၂၀၂၃ ခုနှစ်မှာ အရေးယူမှုတွေပြုလုပ်ခဲ့သလို၊ ဥရောပသမဂ္ဂကလည်း ၂၀၂၄ ခုနှစ်မှာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ထားပါတယ်။

0 Shares:
You May Also Like
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။
Read More

စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။