တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။
၁၀၂၇ စစ်ဆင်ရေးက အဓိကကျတဲ့ အလှည့်အပြောင်းကြီးတခုဖြစ်ခဲ့ပေမဲ့၊ စစ်ကောင်စီတပ်ဖွဲ့တွေ လားရှိုးမြို့လယ်ကို အကန့်အသတ်နဲ့ ပြန်ရောက်လာတာကတော့ အပြောင်းအလဲလို့ မဆိုနိုင်ပါဘူး။ သာမန်ဆုတ်ယုတ်မှုတခု ဆိုတာထက်မပိုပါဘူး။ ဒီအပေါ် အရမ်းကြီး ဇာတ်နာမနေသင့်ပါဘူး။ ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်လုပ်ကိုင်ဖို့ပဲ လိုတာပါ။
စစ်ကောင်စီ အသက်ဆက်ဖို့အပါအဝင် မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးတို့အပေါ်မှာ စစ်တပ်လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထာနိုင်ဖို့အတွက် တရုတ်နိုင်ငံဟာ အခြားသော မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံတို့နဲ့အတူ မြန်မာ့ပြည်တွင်းရေးကို အားတက်သရော ဝင်ရောက်စွက်ဖက်နေကြပါတယ်။
သို့သည့်တိုင် ကျွန်တော်တို့အနေနဲ့ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားဖို့လိုပါတယ်။ ဒေသတွင်း နိုင်ငံတွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား စေ့စပ်ညှိနှိုင်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ အပေးအယူလုပ် ညှိနှိုင်းရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။
သူတို့အနေနဲ့ စစ်ကောင်စီကို စစ်ရေးအရ အနိုင်ရအောင် ကူညီပေးနေတာမဟုတ်ဘူး။ အဲဒီအစား တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးတာနဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်တို့ကို မက်လုံးပေးတာတွေကို ပေါင်းစပ်ခြင်းအားဖြင့် ပဋိပက္ခတွေ အရှိန်ကျအောင်၊ အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင်နဲ့ ညှိနှိုင်းမှုတွေကတဆင့် တည်ငြိမ်မှု ပြန်လည်ရရှိအောင် ကြိုးပမ်းနေကြပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်က စစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့ သန္နိဋ္ဌာန်ချထားပြီး စစ်မှန်တဲ့ အပေးအယူညှိနှိုင်းမှုတွေအတွက် ပြင်ဆင်ထားတာမျိုးမရှိတာကြောင့် အဲဒီကြိုးပမ်းမှုတွေက မလွဲမသွေ ကျရှုံးမှာဖြစ်ပါတယ်။
ဒီစစ်ပွဲဟာ မင်းအောင်လှိုင်အတွက် မျှော်လင့်ချက်ကင်းပြီးနဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ စစ်ပွဲဖြစ်တယ်။ ဒါဟာ အားကောင်းမောင်းသန်အနေအထားနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲမဟုတ်ဘူး။ သူနဲ့ စစ်ကောင်စီ အတွက်တော့ အနိုင်မရနိုင်တဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်ခြင်းနဲ့ ဖျက်ဆီးခြင်းစစ်ပွဲပဲ ဖြစ်ပါတယ်။
အားနည်းတဲ့ စစ်အစိုးရတရပ်ကို နေပြည်တော်မှာ ထားရှိဖို့နဲ့ မြောက်ပိုင်း EROs တွေက တရုတ်ရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေကို နာခံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်ဟာ ဖိအားပေးနေ၊ ဩဇာလွှမ်းမိုးမှု တွေကို အမှန်တကယ်လုပ်ဆောင်နေပါတယ်။ စစ်တပ်အုပ်ချုပ်ရေးအောက်က အဖွဲ့တွေကွဲနေပေမဲ့ တည်ငြိမ်တဲ့ မြန်မာနိုင်ငံဟာ ပေကျင်းအတွက် ထိန်းချုပ်ရလွယ်ကူပြီး အမြတ်ထုတ်ဖို့ လွယ်ကူမှာဖြစ်ပါတယ်။ ဤသည်မှာ တရုတ်ရရှိလိုသော အကျိုးအမြတ်ပဲ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးတွေမှာ ဟန်ပြဂိုက်ပေးနေပေမဲ့ လက်ရှိ အတော်လေး အားနည်းနေပါပြီ။ စစ်ကောင်စီဟာလည်း အတွင်းမှာ အတော်ကိုလှိုက်စား ပျက်စီးယိုယွင်းနေပါပြီ၊ ဒါကြောင့်ပဲ သူဟာ သူ့ကိုယ်သူကယ်ဖို့နဲ့ အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေကို တရုတ်လက်ထဲလွှဲဖို့ အသင့်ဖြစ်နေတာပါ။
ဒါပေမဲ့ အဖြစ်အပျက်တွေက တရုတ်ခင်းတဲ့လမ်းအတိုင်း မရောက်နိုင်သလို မင်းအောင်လှိုင် လိုချင်သလိုလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ အနှေးနဲ့အမြန် တော်လှန်ရေး အင်အားစုတွေမဟုတ်ရင်တောင် စစ်တပ်ကိုယ်တိုင်က သူ့ကို ဖယ်ရှားပါလိမ့်မယ်။ မင်းအောင်လှိုင်ဟာ သိက္ခာလည်းမရှိ၊ ဖျင်းကလည်းဖျင်း၊ စိတ်ကူးယဉ်ဆန်သူဖြစ်ပြီး၊ အနိုင်မရနိုင်တဲ့ စစ်ပွဲကို တိုက်ခိုက်နေတဲ့ ပျက်စီးယိုယွင်းနေသည့် အာဏာရှင်စနစ်ကို ဦးဆောင်နေသူသာဖြစ်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိတော်လှန်ရေးရလဒ်ကို လွှမ်းမိုးဖို့အတွက် သြဇာရော၊ အကျိုးစီးပွားပါ နှစ်ခုစလုံးရှိတဲ့ တခုတည်းသော ပြည်ပနိုင်ငံဆိုတာ အမှန်ပါပဲ။ ဟုတ်ပါတယ် … တရုတ်ဟာ ခြိမ်းခြောက်မှုတခုအဖြစ် ရှိနေပါသေးတယ်။ အထူးသဖြင့် တရုတ်ဟာ အားနည်းပြီး၊ သူ့ကို မှီခိုနေရတဲ့ စစ်တပ်နောက်ခံပြု ဗဟိုအာဏာချုပ်ကိုင်ထားသူများတဆင့် မြန်မာနိုင်ငံကို စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ စိုးမိုးချယ်လှယ်ဖို့ ကြိုးပမ်းနေတဲ့ ကိုလိုနီလက်သစ် အာဏာရှင်နိုင်ငံအဖြစ် ဆက်လက်ပြုမူနေပါတယ်။

ဒါပေမဲ့လည်း တော်လှန်ရေးအင်အားစုတွေက ဒီအရွေ့ကို နားလည်ကြပါတယ်။ တရုတ်ရဲ့ဖိအားကို တခါတရံ ခေါင်းငုံ့ခံရပေမဲ့လည်း သူတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲကိုတော့ ပေကျင်းရဲ့ အစီအစဉ်ဆီမှာ အညံ့မခံလိုကြပါဘူး။
တရုတ်အနေနဲ့ အဖြစ်အပျက်တွေကို လွှမ်းမိုးနိုင်ပေမဲ့ ရလဒ်ကိုတော့ မဆုံးဖြတ်ပေးနိုင်ပါဘူး။ သန္နိဋ္ဌာန်ချထားတဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေက အင်အားကြီးတဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို အနိုင်ယူနိုင်တယ်ဆိုတာ သမိုင်းက သက်သေပြပြီးဖြစ်ပါတယ်။
လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ တစိတ်တပိုင်း ဆုတ်ခွာသွားတာနဲ့ပတ်သက်လို့ TNLA ဘက်ကို ဖိအားတွေ ပိုရောက်လာမှာ အမှန်ပါပဲ။ အဲဒီဖိအားတွေအောက် TNLA အနေနဲ့ နည်းဗျူဟာပိုင်းအရ ဆုတ်ခွာမှုအချို့ လုပ်ကောင်းလုပ်နိုင်သလို မလုပ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ မြန်မာလူထုရဲ့ လွတ်မြောက်ရေး တိုက်ပွဲလမ်းကြောင်းအပေါ် တရုတ်ဝင်ရောက်စွက်ဖက်မှုရဲ့ အကျိုးသက်ရောက်မှုက လက်ရှိ ကိုးကန့်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ဒါမှမဟုတ် တအာင်းတပ်အပေါ် တရုတ်နဲ့ စစ်ကောင်စီက ဘယ်လောက်ဖိအားပေးမလဲ ဆိုတဲ့အပေါ်မှာ မူတည်မှု နည်းပါးပါတယ်။
ကိုးကန့်တပ်အနေနဲ့ တရုတ်ဖိအားပေးစေခိုင်းမှုအောက်မှာ ရသလောက် အနည်းဆုံးကိုပဲ လိုက်လုပ်ဖွယ်ရှိသလို၊ TNLA ကလည်း ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ ဖိအားကို ခုခံကာ၊ အနည်းဆုံး လိုက်လျောပေးရဖို့ကို တတ်နိုင်သလောက် အသီးသီးလုပ်သွားပါလိမ့်မယ်။
အဓိကမေးခွန်းက ရှမ်းမြောက်မှာ တရုတ်ဘာလုပ်နေလဲ ဆိုတာမဟုတ်ဘဲ မြန်မာပြည်ရဲ့ တခြားနေရာတွေမှာ ဘာတွေဖြစ်ပျက်နေတာလဲ ဆိုတာပါ။ မြောက်ပိုင်း ERO တွေအပေါ် ဖိအားတွေက နိုင်ငံတွင်းအခြားနေရာတွေမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ ဗျူဟာမြောက်တိုးများလာမှုကြောင့် သက်သာရာရနိုင်ပါတယ်။
လက်ရှိအရေးကြီးတဲ့ အချက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ အဓိကကျတဲ့ NUG၊ PDF တပ်တွေ၊ K3C မဟာမိတ်အဖွဲ့နဲ့ AA တို့ရဲ့ ၎င်းတို့ နိုင်ငံရေးညီညွတ်မှုကို ထိန်းသိမ်းနိုင်ပြီး စစ်ကောင်စီအပေါ် စစ်ရေးဖိအားတွေ ဆက်ပေးနိုင်မှာလားဆိုတာပါပဲ။
အကယ်၍ ဒီလိုအဓိကအဖွဲ့တွေက နိုင်ငံရေးအရ အတူတကွ လက်တွဲပူးပေါင်းပြီး မဟာမိတ်အင်အားစုအဖြစ် ဆက်လက်တော်လှန်သွားရင် တရုတ်အနေနဲ့ ၎င်းရည်မှန်းချက်တွေ အောင်မြင်မှာ မဟုတ်ပါဘူး။
ကိုးကန့်ဟာ လူမျိုးစုအရ တရုတ်နွယ်ဝင်များဖြစ်ကြပြီး ၎င်းတို့ရဲ့ စစ်ရေးနဲ့ စီးပွားရေး ရှင်သန်မှုအတွက် တရုတ်အပေါ် အတော်လေး မှီခိုအားထားနေရတယ်ဆိုတဲ့ အရှိတရားကို လက်ခံရမှာပါ။ တရုတ်အနေနဲ့ အခြားလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေအပေါ် အလားတူနည်းဗျူဟာမျိုး လုပ်နိုင်လောက်ပေမဲ့ ကိုးကန့် MNDAA အပေါ် လွှမ်းမိုးနိုင်သလို သူတို့တွေကို လွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး။

TNLA နဲ့ KIA တို့အတွက် တရုတ်ဖိအားအောက်မှာ ရည်မှန်းချက်အောင်မြင်အောင် လှုပ်ရှားဆောင်ရွက်ဖို့ မလွယ်ကူသေးပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ၎င်းတို့ကိုယ်ပိုင် လွတ်မြောက်ရေးအစီအစဉ်တွေ အောင်မြင်အောင်တော့ တတ်နိုင်သလောက် လုပ်သွားကြမှာပါ။ တရုတ်ဖိအားကို ဘယ်လောက် ထိန်းထားနိုင်မလဲဆိုတာက ကျန်တဲ့မြန်မာနိုင်ငံတဝှမ်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဘယ်လောက်ဖြစ်မလဲ ဆိုတဲ့အပေါ် များစွာမူတည်ပါတယ်။
သေချာပေါက် တရုတ်ဟာ AA ကို ဖိအားပေးဖို့ ကြိုးစားနေသလို နောက်ကွယ်က လုပ်ဆောင်နေသည်မှာလည်း အမှန်ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ MNDAA အပေါ် လွှမ်းမိုးနိုင်သလောက် သူ့အနေနဲ့ AA အပေါ် လွှမ်းမိုးနိုင်လိမ့်မှာမဟုတ်ပါဘူး။
လက်ရှိမှာ AA ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သိသိသာသာ ထိန်းချုပ်ထားပြီး အိန္ဒိယနယ်စပ်နဲ့လည်း နီးကပ်နေပြီဖြစ်ပါတယ်။ ကိုးကန့်ကို တရုတ်ကသုံးတဲ့ နည်းဗျူဟာက AA အပေါ် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
AA ဟာ ဗျူဟာမြောက်အနေအထားမှာ ရှိနေပြီး နယ်မြေစိုးမိုးရေး၊ အားကောင်းတဲ့ အမျိုးသားရေးလက္ခဏာနဲ့ လူထုထောက်ခံမှု၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းအတွက် အရေးပါတဲ့ လမ်းကြောင်းတွေ စတဲ့ ဗျူဟာမြောက် အရင်းအမြစ်တွေကို ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ်က တရုတ်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအပေါ်လည်း ထိထိရောက်ရောက် လွှမ်းမိုးမှုရှိနေပါတယ်။
တရုတ်ဟာ (ဒါကြောင့်ပဲ MNDAA နဲ့) အလားတူနည်းအတိုင်း AA ကို အနိုင်ကျင့်လို့မရပါဘူး။
နိဂုံးချုပ်အနေနဲ့ အကြံပြုရရင် ပြောရရင် လားရှိုးမြို့ရဲ့ ဆုတ်ယုတ်မှုအပေါ် အရမ်းကြီး ဇာတ်နာမပြမိအောင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အာရုံစိုက်ဖို့ပါပဲ။
လူမျိုးစုတိုင်းရင်းသားတွေအါအဝင် မြန်မာပြည်သူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေးကနေ လွတ်မြောက်ဖို့အတွက် လွန်ခဲ့တဲ့ လေးနှစ်ခွဲအတွင်း အထင်ကြီးလောက်စရာ သန္နိဋ္ဌာန်မျိုး၊ သူရဲကောင်းဆန်မှုမျိုးနဲ့ ကြီးမားတဲ့ အနစ်နာခံမှုမျိုးတွေနဲ့အတူ လက်တွေ့ကျတဲ့ အခွင့်အရေးတခုဆီ နီးကပ်လို့လာခဲ့ပါပြီ။ သမိုင်းဝင်အောင်မြင်မှုတခုရဲ့ လက်တကမ်းအလိုမှာ ရောက်နေပြီဖြစ်ပါတယ်။
(မြန်မာပြည်သူတွေအနေနဲ့) ဘအပစ်ရပ်စဲရေး သဘောတူညီချက်အတုတွေ၊ အတုအယောင် ရွေးကောက်ပွဲတွေနဲ့ မြန်မာနိုင်ငံကို တရုတ် လက်သစ်ကိုလိုနီစနစ်အောက်က လွှမ်းမိုးချယ်လှယ်ခံ ပြည်နယ်အဖြစ် အသွင်ပြောင်းမှုမျိုးတွေကို ခေါင်းငုံ့လက်ခံနေမယ့်အစား၊ နိုင်ငံရေးမဟာမိတ်ပြုမှုတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားခြင်းမျိုးနဲ့ အဆုံးစွန်ထိ လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ တရုတ်နဲ့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ဝင်ရောက်မွှေနှောက်စွက်ဖက်မှုက တော်လှန်ရေးကို ပိုမိုခက်ခဲ ရှည်ကြာစေပါတယ်။ ဒါပေမယ့် (ဒါဟာ) လွတ်မြောက်ရေး မဖြစ်နိုင်တော့တဲ့အထိ လုပ်နိုင်စွမ်းငှာ မတတ်နိုင်ပါဘူး။
[မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blazevic ၏ ဆိုရှယ်မီဒီယာပို့စ် “ CHINA CAN PRESSURE, BUT IT CANNOT DECIDE MYANMAR’S FUTURE” ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။]