တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနေပြီဖြစ်တယ်
***
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ မကြုံစဖူး ပရမ်းပတာအခြေအနေကို ရောက်ရှိခဲ့ရတယ်။ နိုင်ငံတဝှမ်း စစ်တပ်ရဲ့ပြင်းထန်တဲ့ ဖိနှိပ်မှုဒဏ်တွေနဲ့ ပြည်သူ့တော်လှန်ရေး ခုခံမှုများအကြား တိုင်းပြည်လည်း ကျိုးကြေခဲ့ရတယ်။ နှစ်ပေါင်းများစွာကြာ ရပ်တည်ခဲ့ကြတဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် လေးနှစ်အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်အဖွဲ့သစ် ၅၀၀ ကျော် ပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုနဲ့ နိုင်ငံအနှံ့ စစ်ပွဲတွေ ပြန့်ကျဲစွာ ဖြစ်ပွားနေပါတယ်။
ပြောက်ကျားစစ်နဲ့ စတင်ခဲ့ရာက လုံးလုံးလျားလျား ဘက်ပေါင်းစုံ လက်နက်ကိုင်ပဋိပက္ခအဖြစ် တိုးမြင့်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့ပေါင်းစုံအကြား လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၆,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အရှေ့တောင်အာရှရဲ့ သမိုင်းမှာ အပြင်းထန်ဆုံး ပြည်တွင်းပဋိပက္ခတွေထဲက တခုဖြစ်လာခဲ့ပါတယ်။
အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က၂၀၂၃ အောက်တိုဘာလ၂၇ မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်ချိန်မှာတော့ အချိုးကွေ့ကြီးတရပ် ဖြစ်လာခဲ့တယ်။ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ကြရင်း နယ်မြေတွေသိမ်း၊ နိုင်ငံအနှံ့က အချက်အချာကျတဲ့ အမာခံနယ်တွေနေ စစ်တပ်ကို မောင်းထုတ်ပြီး မြန်မာစစ်တပ်ကို သိသိသာသာ ထိုးနှက်နိုင်ခဲ့တယ်။
အထင်ရှားဆုံးသော အောင်ပွဲလို့ ပြောရမယ်ဆိုရင် MNDAA နဲ့ ၎င်းမဟာမိတ်တွေဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြန်မာ့ပြည်တွင်းစစ်သမိုင်းမှာ မကြုံစဖူး အောင်မြင်မှုတခု ဖြစ်ခဲ့တယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ ကြာမြင့်စွာကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေမှာ တိတ်တဆိတ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဓိကသြဇာလွှမ်းမိုးသူအဖြစ် ကာလရှည်ရှိနေခဲ့တယ်။ ဒါပေမဲ့လည်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပေကျင်းဟာ နယ်စပ်တလျှောက်က ဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်ရင်း ၎င်းရဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေ မတည်မငြိမ်ဖြစ်မှုကနေ ကာကွယ်လိုလာတာကြောင့် သူ့ရဲ့မြန်မာ့အရေးချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ခဲ့တယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာတော့ တရုတ်ရဲ့အခန်းကဏ္ဍဟာ ပိုမိုထင်ရှားလာပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား (အတင်းအကျပ်) ဖြန်ဖြေရေးလုပ်ငန်းတွေမှာ ပိုမိုအားထည့်လုပ်ကိုင်လာခဲ့တယ်။
ဒီတကြိမ်မှာတော့ ပေကျင်းဟာ ၎င်းရဲ့ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ဖြေရှင်းချက်တရပ်ရဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့တယ်။ စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေးအကြားက လက်ရှိအင်အားမညီမျှနေမှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပြီး ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ထိခိုက်စေနိုင်မယ့် ဘယ်အင်အားစုကိုမှ အင်အားကောင်း မလာအောင် လုပ်ဆောင်ခဲ့တယ်။
သံတမန်ရေးဖိအားတွေနဲ့ စီးပွားရေးမက်လုံးတွေကို ရောနှောအသုံးပြုခဲ့တဲ့ တရုတ်ဟာ ၎င်းလိုလားသောရလဒ်ကို ရယူနိုင်ခဲ့တယ်။ ဒါကတော့ လားရှိုးမြို့ကို ကိုးလကြာ သိမ်းပိုက်ထားခဲ့တဲ့ MNDAA တပ်ဖွဲ့ဟာ ၂၀၂၅ ဧပြီလမှာတော့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးခဲ့ရတာပါပဲ။ ဒီကိစ္စမျိုးက တရုတ်ကြားဝင်မှုသာ မရှိရင် စဉ်းစားလို့တောင် မရတဲ့ အရွေ့တခုပါပဲ။
ဒီဖြစ်ရပ်ဟာ တစ်ခုတည်းသော ဖြစ်ရပ်မဟုတ်ခဲ့သလို၊ ဒါဟာ မြန်မာနိုင်ငံတွင်းက မြေပြင်အခြေအနေ ရလဒ်တွေအပေါ် လွှမ်းမိုးနိုင်တဲ့ တရုတ်ရဲ့ စွမ်းရည် ပိုကြီးထွားလာတာကိုပြသနေတဲ့ ပိုမိုကျယ်ပြန့်သော အလေ့အထတစ်ခုအဖြစ် အနေနဲ့လည်း ညွှန်ပြနေတယ်။
ဒီလိုဖြစ်ရပ်တွေ ပိုများလာတာနဲ့အမျှ ပေကျင်းဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာ ဘယ်သူတွေ ထိုင်ရမယ် ဆိုတာတင်မကတော့ဘဲ၊ ညှိနှိုင်းမှုရလဒ်အရ ဘယ်သူက ဘယ်အရာကို ရရမယ် ဆိုတာကိုပါ ဆုံးဖြတ်လာပါတယ်။
မြန်မာ့တော်လှန်ရေး အင်အားစုတွေအတွက်တော့ သက်ရောက်မှုတွေက ကြီးမားလေးနက်ပါတယ်။ တရုတ်ဟာ သူ့ရဲ့မြန်မာနိုင်ငံတွင်း ဝင်ရောက်စွက်ဖက်မှုကို စစ်ရေးအဆင့်တင်မကတော့ဘဲ နိုင်ငံရေးကိုပါ ပြောင်းလဲနိုင်စွမ်းဖြစ်အောင် ပုံဖော်နေခြင်းပါ။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တရုတ်က ဦးဆောင်ဆုံးဖြတ်တဲ့အခါ အဓိကအကျိုးဆက် ၃ ခု ရှိပါတယ်။
ပထမဆုံးသော အဓိကသက်ရောက်မှုက မြန်မာတော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ရေးအောင်ပွဲရဖို့ ကြိုးပမ်းရာမှာ မဟာဗျူဟာအရ အမြင့်ဆုံး မရောက်အောင် တရုတ်အနေနဲ့ ထိထိရောက်ရောက် ကန့်သတ်တားဆီးနေတာပါပဲ။
တော်လှန်ရေးအတွက် အဆုံးသတ်တိုက်ပွဲဗျူဟာက ရှင်းပါတယ်…၊ လက်နက်ကိုင်တော်လှန်ရေးကတဆင့် စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့က အဓိကကျပါမယ်။ ဒါပေမယ့် ရှမ်းမြောက်ဒေသမှာ ထင်ထင်ရှားရှား မြင်ခဲ့ရတဲ့ တရုတ်ရဲ့ အတင်းအကြပ် ဖြန်ဖြေတဲ့ပုံစံက ဒီရည်မှန်းချက်ကို သိမ်သိမ်မွေ့မွေ့နဲ့ ထိခိုက်ပျက်ပြားစေပါတယ်။
ပေကျင်းအနေနဲ့ တော်လှန်ရေးအင်အားစုတွေ လက်ထဲရောက်နေတဲ့ မြို့တိုင်းမြို့တိုင်းအပေါ် တုံ့ပြန်တာမျိုးတော့မဟုတ်ပေမဲ့ ၎င်းရဲ့ အဓိကအကျိုးစီးပွားတွေ အန္တရာယ်ရှိလာတဲ့အခါ ကြားဝင်စွက်ဖက်ဖို့ အဆင်သင့်ရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသတယ်။ ရှင်းလင်းတဲ့ အချက်အနေနဲ့ ပေကျင်းက စည်းတခု မသတ်မှတ်သေးဘဲ၊ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာမှာ အကန့်အသတ်တွေရှိနေတယ် ဆိုတာပါပဲ။
ဒီကိစ္စမှာ တရုတ်ဟာ စစ်ကောင်စီဘက် ရပ်သလား၊ တော်လှန်ရေးဘက် ရပ်သလားဆိုတဲ့ ရိုးရိုးရှင်းရှင်း ကိစ္စတရပ်မဟုတ်ပါဘူး။ အဲဒီအစား ဒါဟာ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာတွက်ချက်မှုတရပ်ကို ထင်ဟပ်နေပါတယ်၊ ဘာလဲဆိုရင် မငြိမ်သက်တဲ့ မြန်မာနိုင်ငံရဲ့ အင်အားညီမျှခြင်းတရပ်မှာ “မြေပြင်ဟန်ချက်ညှိခြင်း”လုပ်သွားတာမျိုးလို့ ပြောလို့ရနိုင်ပါတယ်။
ပေကျင်းရဲ့ ရှုထောင့်ကကြည့်ရင် နိုင်ငံရေးအရ အကွဲကွဲအပြားပြားဖြစ်နေတဲ့ မြန်မာက၊ နယ်နိမိတ်အရ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ မြန်မာထက် အဆပေါင်းများစွာ ပိုမိုစီမံခန့်ခွဲနိုင်တာပါ။ အားနည်းပြီး ကွဲပြဲနေပေမဲ့ (နယ်မြေအရ) နဂိုအတိုင်းဖြစ်နေတဲ့ နိုင်ငံတခုက တရုတ်ရဲ့ ရေရှည်အကျိုးစီးပွားကို ပိုကောင်းစွာ ဖြစ်ထွန်းစေမှာဖြစ်ပြီး၊ နိုင်ငံပြိုကွဲမှု သို့မဟုတ် ဒေသမတည်ငြိမ်မှုများမှ ကင်းဝေးစွာဖြင့် အကျိုးသက်ရောက်မှု ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘေးကျင်းအလိုရှိတဲ့ပုံစံဟာ တရုတ်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားကို ထမ်းဆောင်ဖို့ လုံလောက်တဲ့၊ အားနည်းနေတဲ့ ပုံမပျက် မြန်မာနိုင်ငံပဲ ဖြစ်တယ်။
ဒုတိယအရေးပါတဲ့သက်ရောက်မှုက မြန်မာနိုင်ငံအတွက် ရည်ညွှန်းချက်တခု ဖြစ်လာနိုင်တဲ့ “တရုတ်နည်း တရုတ်ဟန် ပဋိပက္ခရပ်စဲရေးပုံစံ” ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံ အလှူရှင်တွေနဲ့ အစိုးရတွေဟာ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး၊ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေချောမွေ့ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပံ့ပိုးပေးပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာကြာအောင် ရင်းနှီမြှုပ်နှံခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်တွေကတော့ တာရှည်ခံမှု အားနည်းပြီး ကြည့်ကောင်းရုံမျှသာ ဖြစ်ခဲ့တယ်။
ဆန့်ကျင်ဘက်အနေနဲ့ တရုတ်ကတော့ ယတိပြတ် ခိုင်ခိုင်မာမာ (အတင်းအကျပ်) ဝင်ရောက်ဖျန်ဖြေပြီး အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးမှာ သူကိုယ်တိုင် တိုက်ရိုက်ဝင်ပါတဲ့ သူ့ရဲ့ကိုယ်ပိုင်ဟန်ကို မြှင့်တင်နေပါတယ်၊ လတ်တလော လားရှိုးမြို့လွှဲပြောင်းမှုက ၎င်းရဲ့အခန်းကဏ္ဍကို ဥပမာပေးရမှာဖြစ်တယ်။ အကယ်၍ လားရှိုးလုပ်ငန်းစဉ် ထိရောက်တယ်ဆိုရင် ၎င်းတို့အတွက် ဒါဟာ မြန်မာ့ အနာဂတ်ပဋိပက္ခတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာအတွက် နမူနာဖြစ်လာပါလိမ့်မယ်၊ ပြီးရင် ပေကျင်းရဲ့ မဟာဗျူဟာမြောက် တွက်ချက်မှုတွေနဲ့အတူ ပုံဖော်ခံရဦးမှာလည်းဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပဋိပက္ခလျော့ပါးရေးဆိုင်ရာ ပုံဖော်နေတဲ့ တရုတ်ရဲ့ ကြီးထွားလာတဲ့ လွှမ်းမိုးမှုဟာ ‘အထူးသဖြင့် အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့အစည်းတွေကို ရန်ပုံငွေလျော့ချလိုက်ချိန်မှာ’ ပိုမိုထင်ရှားလာတယ်။ ဒါ့အပြင် ပေကျင်းဟာ ပြည်တွင်းမှာအရေးပါတဲ့သူတွေထံမှာသာမက ထိုင်းနဲ့ မလေးရှားတို့လို စေ့စပ်ညှိနှိုင်းရေး ဖြစ်စဉ်တိုင်းအပေါ် မလွဲမသွေ ပုံဖော်ပေးတဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာလည်း လွှမ်းမိုးနိုင်နေတယ်။
ဒါပေမယ့် တရုတ်ဟာ အကြမ်းဖက်မှု လျှော့ချရေးကို ကူညီဆောင်ရွက်ပေးနိုင်ပေမဲ့လည်း၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမှာ လိုအပ်တဲ့ ပိုမိုနက်နဲတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးမြှင့်တင်ဖို့တော့ မဖြစ်နိုင်ပါဘူး။
တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ရေရှည်နိုင်ငံရေး ဖြေရှင်းနည်းတွေနဲ့ သတ်မှတ်ထားတဲ့ ‘အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး’ ဆိုတာကလည်း ၎င်းရဲ့ မဟာဗျူဟာအကျိုးစီးပွားတွေနဲ့ လိုက်လျောညီထွေ မဖြစ်နိုင်သလို ယနေ့မြန်မာနိုင်ငံတွင်း အခြေအနေအတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက်တခုလည်း ဖြစ်ပုံမပေါ်ပါဘူး။

နောက်ဆုံးနှင့် အစိုးရိမ်ရဆုံးအကျိုးဆက်
မြန်မာနိုင်ငံတွင်း တရုတ်ရဲ့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှု တိုးလာမှုမှာ ကမ္ဘာ့နိုင်ငံရေးအရ အရေးပါသော သက်ရောက်မှုတွေနဲ့လည်း ဆက်စပ်နေပြန်ပါတယ်။ လက်ရှိ ကမ္ဘာ့အခင်းအကျင်းမှာ အမေရိကန်နဲ့ တရုတ်အကြား “နိုင်ငံရေးလစ်လျူရှုမှု” နဲ့ “နိုင်ငံရေးပြိုင်ဆိုင်မှု” ဆိုတဲ့ လမ်းကြောင်းနှစ်ခု ပေါ်ထွက်နေတယ်။ ဒီအခြေအနေနှစ်ရပ်စလုံးဟာ မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားအတွက် ကြီးမားတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်တယ်။
ပထဝီနိုင်ငံရေးအရ လစ်လျူရှုမှုကိစ္စမှာဆိုရင် အခြားသောကမ္ဘာ့အရေးပေါ်အခြေအနေတွေနဲ့ ပြည်တွင်းဦးစားပေးမှုများကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ တရုတ်ကို အသားစီးပေးမယ့် အခြေအနေကို ဖန်တီးသလို ဖြစ်သွားစေနိုင်ပါတယ်။
မြန်မာ့လက်ရှိအိမ်နီးချင်းတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွေထက် ရေတိုတည်ငြိမ်ရေးနဲ့ ၎င်းတို့ရဲ့ မဟာဗျူဟာအကျိုးစီးပွားတွေကို ကာကွယ်ဖို့ အတွက်ပဲ ဦးစားပေးပါလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာ တရုတ်ဟာ မြန်မာရဲ့ ပဋိပက္ခပြီးနောက်ပိုင်းကာလ အသွင်ကူးပြောင်းရေးကို ၎င်းရဲ့မဟာဗျူဟာအတိုင်း ဦးဆောင်နိုင်မှာဖြစ်ပြီး ၎င်းရဲ့ဦးတည်ချက်တွေကို သွေဖည်နိုင်မှု အနည်းငယ်သာ ရှိလာပါလိမ့်မယ်။ မြန်မာ့အနာဂတ် ပုံဖော်ခွင့်ကို ပေကျင်းကိုခွင့်ပြုထားတဲ့ ဒီအခင်းအကျင်းဟာ ပထဝီနိုင်ငံရေးအရ လျစ်လျူရှုမှုရဲ့ ရလဒ်ဆိုးတစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် အခြားရွေးချယ်စရာလမ်းကြောင်းကလည်း ပို၍ပင် အန္တရာယ်များနိုင်ပါတယ်။ အင်အားကြီးနိုင်ငံများရဲံ့ ပြိုင်ဆိုင်မှုပြန်လည်မြင့်တက်လာခြင်းဟာ မဟာဗျူဟာကျတားဆီးမှုတွေ၊ မတည်ငြိမ်အောင်လုပ်ဆောင်မှုတွေနဲ့ ဩဇာလွှမ်းမိုးမှု၊ သယံဇာတများအတွက် ပြိုင်ဆိုင်မှုများစွာနဲ့ မြန်မာနိုင်ငံကို ပရမ်းပတာအခြေအနေထဲ ပိုမိုနက်ရှိုင်းစွာ ထိုးဆင်းသွားစေနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ နိုင်ငံတကာ ပံ့ပိုးကူညီမှုထက် ပထဝီနိုင်ငံရေး အားပြိုင်မှုအတွက် နိုင်ငံရေးကစားကွင်းတစ်ခုဖြစ်လာနိုင်ပါတယ်။
အာဏာလေဟာနယ်တွေ ပိုကျယ်လာမယ်၊ နိုင်ငံပိုင်အဖွဲ့အစည်းတွေ ထပ်ပြိုလဲသွားမယ်၊ လက်နက်ကုန်ကူးမှုကနေ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့အထိ တရားမဝင် စီးပွားရေး ပိုမိုကြီးထွားလာမယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒုတိယလမ်းကြောင်းက ကပ်ဘေးဆိုက်ရောက်သွားစေ နိုင်ပါတယ်။ လစ်လျူရှုမှုကြောင့်ဖြစ်ဖြစ်၊ ပြိုင်ဆိုင်မှုကြောင့်ဖြစ်ဖြစ် နိုင်ငံတကာ အသိုက်အဝန်းက တာဝန်သိသိ ဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အနာဂတ်ဆီကို ပို့ဆောင်မှာမဟုတ်ဘဲ၊ ထိရှလွယ်ပြီး ပြည်ပခြယ်လှယ်မှု ခံနေရတဲ့ အနာဂတ်ဆီကို ပို့ဆောင်သွားမယ့်အန္တရာယ်ကို ဖြစ်စေပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ကြုံတွေ့နေရသော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်ဟာ ယခုအချိန်မှာ စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံးက အလျှော့မပေးတဲ့ လုပ်ငန်းစဉ်ကိုယ်စီမှာ ပိတ်မိနေပြီး ရှည်လျားရှုပ်ထွေးတဲ့ ပြည်တွင်းပဋိပက္ခမှာ အမြစ်တွယ်နေပြီ ဖြစ်တယ်။
တချိန်တည်းမှာပဲ နိုင်ငံတကာကလည်း မြန်မာအပေါ် စိတ်ဝင်စားမှု လျော့နည်းနေပြီး အခြားသော ကမ္ဘာ့အရေးပေါ်အခြေအနေတွေအပေါ် အာရုံပျံ့လွင့်ကာ အဓိပ္ပါယ်ရှိတဲ့ ပါဝင်ဆောင်ရွက်မှုကို ရှောင်ရှားနေပါတယ်။
ဒီလိုအနေအထားမှာ မြန်မာအနေနဲ့ ပဋိပက္ခသံသရာနဲ့ အစိတ်စိတ်အမွှာမွှာ ဖြစ်မှုတွေကနေ လွတ်မြောက်မယ့် ကိုယ်ပိုင်ထွက်ပေါက်ကို အဆုံးစွန်ထိ ရွေးချယ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီခေတ် ပညာရှင် John Sydenham Furnivall က “မင်းမဲ့စရိုက် အနည်းနဲ့အများ ကြာရှည်လာပြီးနောက်၊ ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်များသည် မြန်မာနိုင်ငံကို တရုတ်ရဲ့ ပြည်နယ်တခုအဖြစ် တွေ့ရှိနိုင်လိမ့်မည်” လို့ တခါက သတိပေးခဲ့ဖူးပါတယ်။ ငြိမ်းချမ်းသောကာလတွေမှာ အဲဒီလို မှတ်ချက်မျိုးက ချဲ့ကားလွန်းတယ် ဒါမှမဟုတ် အလွန်အကျူး သတိပေးရာရောက်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမဲ့ တကယ့်ကို မတည်ငြိမ်တဲ့ လက်ရှိအချိန်မှာတော့ Furnivall ရဲ့ စကားတွေဟာ စိတ်မသက်မသာ ဖြစ်စရာကောင်းလောက်အောင် အတည်တကျမဟုတ်ဘဲ ကိုက်ညီလာနေပါတယ်။ သူပြောခဲ့သလို မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ပြည်နယ်တခု ဖြစ်လာမှာ မဟုတ်ပေမယ့်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ နယ်မြေပြန်လည်ဖွဲ့စည်းမှုအပေါ် ပေကျင်းရဲ့ သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာနေတယ်ဆိုတာကတော့ မမှားနိုင်သလို ပိုပိုပြီးလည်း ပြတ်သားထင်ရှားလာပါတယ်။
[The Diplomat မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ Kyaw Htet Aung ရေးသားတဲ့ “China Decides How Far the Resistance Can Go in Myanmar” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်]