စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။

ဒါပေမယ့် အခုသီတင်းပတ်တွေ့ဆုံမှုက ရှင်းလင်းသေချာမှုမရှိတဲ့အပေါ် ထင်ရှားတဲ့ပညာရှင်တစ်ယောက်က မေးခွန်းထုတ်ခဲ့ပြီး အနာဂတ်ဆွေးနွေးပွဲတွေမှာ ပိုမိုခိုင်မာတဲ့ ရလဒ်တွေထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့က တွေ့ဆုံမှုဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ မင်းအောင်လှိုင်တို့ကြား ပထမဆုံး တရားဝင်တွေ့ဆုံမှုဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက် ဘလန်ကူရာ က ပြောပါတယ်။

မစ္စတာ အန်ဝါရဲ့ တောင်းဆိုမှုကြောင့် ဒီပွဲကို စီစဉ်ရတာဖြစ်ကြောင်း၊ မလေးရှားက မြန်မာကို ဆက်သွယ်ခဲ့တာဖြစ်ပြီး ထိုင်းက စီစဉ်ပေးရုံသာဖြစ်ကြောင်း မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

မြန်မာပြည်ရဲ့ လတ်တလော ငလျင်လှုပ်ခတ်မှုဒဏ်ကို သက်သာစေဖို့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရာမယ့် အာဆီယံရဲ့ အခန်းကဏ္ဍကို ပြတ်သားစေဖို့ အလေးထား ဆွေးနွေးခဲ့ကြပြီး မြန်မာပြည် ငြိမ်းချမ်းရေး ပြန်လည်ရဖို့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့က အရေးကြီးပေမယ့် မြန်မာပြည် တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ အကူအညီတွေရရှိစေဖို့ ငြိမ်းချမ်းစွာ အဖြေရှာရေးကို ဦးစားပေးဆောင်ရွက်ရမယ်လို့ သူက ဆိုပြောပါတယ်။

“ဒီတွေ့ဆုံမှုဟာ မြန်မာပြည်နဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံအတွက် အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းတစ်ရပ်ပဲလို့ ကျနော်ထင်တယ်။”

သောကြာနေ့ လူမှုကွန်ရက်မှာ တင်ထားတဲ့စာထဲမှာတော့ မစ္စတာ အန်ဝါ က “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှု ရလဒ်တွေကို ကျနော် မျှဝေခဲ့တယ်၊ မြန်မာပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ရောက်နိုင်ဖို့ ရန်လိုမှုတွေ အဆုံးသတ်ပြီး အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတဲ့အကြောင်း ကျနော်အလေးပေးပြောဆိုခဲ့တယ်။ သူကလည်း ဒီလိုလုပ်ဖို့ ကတိပေးခဲ့တယ်” လို့ ရေးသားထားပါတယ်။

အာဆီယံဥက္ကဌ တဖြစ်လဲ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ (ဓာတ်ပုံ Bangkok Post)

“ဒေါက်တာ သက်ဆင်ရှင်နာဝပ် ဦးဆောင်တဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ အလွတ်သဘော အကြံပေးအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုမှာရော၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့နဲ့ တွေ့ဆုံစဉ်မှာရော ဒီသတင်းစကားကို ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။”

“ငြိမ်းချမ်းရေးဆိုတာ တစုတဖွဲ့ရဲ့ အခွင့်အာဏာမဟုတ်တဲ့အတွက် အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပါတီအားလုံးအတွက် အခြေအနေတွေ ဖန်တီးပေးရမှာဖြစ်သလို မြန်မာပြည်အနာဂတ်ကိုလည်း ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။”

မြန်မာ့အရေးတွေ့ဆုံမှုတွေဟာ အာဆီယံမူအတိုင်း ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းတယ်လို့ ယုံကြည်ပြီး အခြား အာဆီယံခေါင်းဆောင်တွေကိုလည်း ပြန်လည်ရှင်းလင်းတင်ပြသွားမယ်လို့ မစ္စတာအန်ဝါက ဆိုပါတယ်။

“ယုံကြည်မှုတည်ဆောက်ဖို့ မရှိမဖြစ်လိုအပ်ပြီး အာဆီယံဦးဆောင်တဲ့ ကြိုးပမ်းမှုတရပ်အဖြစ် ဆက်လက်တည်ရှိနေဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူတွေ သာယာဝပြောရေးကို အထောက်အကူဖြစ်စေဖို့ အစုအဖွဲ့အားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်” လို့ သူက ရေးထားပါတယ်။

နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ Panitan Wattanayagorn ကတော့ အခုတွေ့ဆုံမှုဟာ စစ်ကောင်စီအပေါ် အာဆီယံရဲ့ ရပ်တည်ချက် အပြောင်းအလဲတရပ်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်ကို ပြောပါတယ်။

သမိုင်းကြောင်းအရ ထိုင်းနဲ့ မလေးရှားတို့ဟာ (မြန်မာ့အရေး ရပ်တည်ချက်အပေါ်) သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်၊ ထိုင်းက မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံချိန်မှာ မလေးရှားကတော့ ကန့်ကွက်ခဲ့တယ်လို့ သူကဆိုပါတယ်။

မစ္စတာအန်ဝါရဲ့ ရပ်တည်ချက်က အာဆီယံရဲ့ ရပ်တည်ချက်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ပေမယ့် ဥက္ကဋ္ဌအနေနဲ့ သူဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေရဲ့ အရေးပါမှုကို အလေးပေးခဲ့ကြောင်း သူက ပြောပါသေးတယ်။

မစ္စတာအန်ဝါရဲ့ စစ်တပ်နဲ့ NUG နှစ်ဖက်စလုံးနဲ့ ထိတွေ့ဆက်ဆံခဲ့တာကို အောင်မြင်တဲ့ သံတမန်ရေး ကြိုးပမ်းမှုတရပ်အဖြစ် Panitan က‌ ရှုမြင်ပါတယ်။ တခြားဘယ်ခေါင်းဆောင်မှ အစုအဖွဲ့အားလုံးနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အစည်းအဝေးရဲ့ အစီအစဉ်၊ ပါဝင်သူတွေ၊ ပန်းတိုင်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားမှု မရှိတာက စိုးရိမ်စရာဖြစ်ပြီး ထိုင်းအစိုးရအပေါ် လူတွေ သံသယဝင်စေတယ်လို့ သူက ဆိုပါတယ်။ အစည်းအဝေးဟာ စစ်ခေါင်းဆောင်ကို အလွန်အမင်း ဂရုပြုနေတယ်လို့ ဝေဖန်သူတွေက ပြောဆိုနေပြီး လူမျိုးစုအဖွဲ့တချို့ကလည်း သဘောမတွေ့ကြောင်း Panitan က ဆက်ပြောပါသေးတယ်။

နောက်ပိုင်း အလားတူအစည်းအဝေးတွေ ထိုင်းအနေနဲ့ လက်ခံကျင်းပရင် ဖွဲ့စည်းပုံတွေ၊ အစီအစဉ်တွေနဲ့ သတ်မှတ်ပန်းတိုင်တွေကို ပိုမိုရှင်းလင်းသေချာအောင်လုပ်ပြီး ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်ကြောင်း၊ ဒီလိုတွေ့ဆုံမှုတွေဟာ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ပိုမိုအကျုံးဝင်မယ့် ဆွေးနွေးမှုတွေလို ပြတ်သားပြီး ခိုင်မာတဲ့ ရလဒ်တွေ ထွက်ပေါ်လာစေသင့်ကြောင်း၊ ဒါမှလည်း ထိုင်းအနေနဲ့ အာဏာပွဲစားအဖြစ် ဒေသတွင်း ဦးဆောင်နိုင်မယ်လို့ သူက ပြောပါတယ်။

 

မူရင်း – Thailand ‘just a facilitator’ of Myanmar talks

0 Shares:
You May Also Like
Read More

ရာသီဥတုဖောက်ပြန်မှုကြောင့် အမျိုးသမီးတွေ အများဆုံးထိခိုက်တယ်လို့ အာဆီယံရဲ့အစီရင်ခံစာ ပြော

ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။