မြန်မာစစ်တပ်က ငလျင်ဘေးအတွက် လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရရှိထားတာကြောင့်၊ အဆိုပါ‌ငွေကြေးများကို လူထုအပေါ် ကျူးလွန်နေတဲ့ စစ်အသုံးစရိတ် မဖြစ်သွားစေဖို့ Justice for Myanmar (JFM) အဖွဲ့က သတိပေးလိုက်ပါတယ်။

ဖျက်အားပြင်းငလျင်ကြီး အပြီးမှာ စစ်အုပ်စုဟာ နိုင်ငံတကာကုမ္ပဏီများနဲ့ မြန်မာခရိုနီများထံမှ အလှူငွေများ တောင်းခံခဲ့ကြောင်း၊ နိုင်ငံစုံအလှူရှင်များက စစ်တပ်ထိန်းချုပ်ထားတဲ့ လမ်းကြောင်းများမှတဆင့် အလှူငွေများ ပေးအပ်ခဲ့ကြပြီး၊ ယင်းအလှူရှင်များထဲမှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation (CNPC) တို့ ပါဝင်ကြောင်း သိရှိရပါတယ်။

AEON 1% Club Foundation က ယွမ် ၁၀ မီလီယံ (အမေရိကန်ဒေါ်လာ ၇၀,၀၀၀) တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တိုကျိုမြို့ရှိ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ သံရုံးကို လှူဒါန်းခဲ့ပြီး၊ အငြင်းပွားဖွယ် တရုတ်-မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို လုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီက စစ်အုပ်စုရဲ့ မန္တလေးအစိုးရဆိုသူ‌တွေထံ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁ ရက်နေ့မှာတော့ မြန်မာခရိုနီများက အများဆုံးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီး၊ မြန်မာခရိုနီများနဲ့ စီးပွားရေးမိတ်ဖက်များက ကျပ်သန်းပေါင်း ၁၀၄ ဘီလီယံ (စစ်အုပ်စုရဲ့ ငွေလဲနှုန်းနဲ့ တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၇ မီလီယံ) ငွေသားနဲ့ နောက်ထပ် ကျပ်သန်းပေါင်း ၁၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ မီလီယံ) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုအရာရှိကြီးတွေဆီ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့တဲ့ အလှူရှင်များထဲမှာ ကမ္ဘောဇဘဏ်မှ ဇော်လင်းအောင်၊ ရွှေတောင်အုပ်စုမှ အောင်ဇော်နိုင်၊ အိုင်ဂျီအီးအုပ်စုမှ နေအောင်၊ မက်စ်အုပ်စုမှ ဇော်ဇော်၊ စီဘီဘဏ်မှ ခင်မောင်အေး၊ အောင်မြင်သူအုပ်စုမှ လှမျိုးနှင့် စူပါဆဲဗင်းစတားအုပ်စုမှ မြင့်ဇော်သိန်းတို့ ပါဝင်ကြောင်း၊ အလှူရှင်တွေဟာ မင်းအောင်လှိုင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါင်းစီးနဲ့ ဂုဏ်ပြုလက်မှတ်များ ရရှိခဲ့ပုံရကြောင်း ငွေကျပ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၆,၀၀၀) လှူဒါန်းခဲ့တဲ့ စစ်လက်နက်ပွဲစား ထူးအုပ်စုရဲ့ လူမှုကွန်ရက်ဖော်ပြချက်အရ သိရပါတယ်။

စစ်အုပ်စုဆက်နွှယ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCC နဲ့ သူရဲ့ညီ‌နောင်အသင်းတွေလည်း လှုတန်းမှုမှာ ပါဝင်ခဲ့ပြီး၊ နိုင်ငံအဆင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကို မြန်မာ့ကြည်းတပ်ခေါင်းဆောင် စစ်ရာဇဝတ်ကောင် စိုးဝင်းက ဦးဆောင်ကြောင်း သိရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက် နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း ၉၂ ခုကို မှတ်တမ်းတင်ထားခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုများစွာကို ငလျင်ဘေးသင့်ခဲ့တဲ့ မန္တလေးနှင့် စစ်ကိုင်းဒေသများအတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
စစ်အုပ်စုက လူမှုစာနာအကူအညီတွေကို လက်နက်အဖြစ် အသုံးပြုခဲ့ကြောင်း သတင်းများက အတည်ပြုနေပြီး စစ်အုပ်စုက လူမှုစာနာအကူအညီများကို ပိတ်ပင်ခြင်း၊ သိမ်းဆည်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ၎င်းတို့ အကျိုးအမြတ်အတွက် အမြတ်ထုတ်ခြင်း၊ တစ်ဖက်တွင် ကူညီကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်သား များအား ပစ်မှတ်ထား၊ စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ပြီး၊ သတင်းမီဒီယာနဲ့ ဆက်သွယ်ရေးများကို တင်းတင်းကြပ်ကြပ် ကန့်သတ် ပိတ်ပင်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း JFM က ထောက်ပြပါတယ်။

စစ်အုပ်စုအနေဖြင့် ၎င်းတို့ရဲ့ စစ်ဆင်ရေးကို အရှိန်မြင့်တင်ဖို့ လက်ရှိသဘာဝဘေးဆိုးကြီးကို အသုံးပြုနေတာ‌ကြောင့် စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ ခရိုနီများထံ လှူဒါန်းမှုများဟာ ငလျင်ဘေးကြောင့် ထိခိုက်မှုများကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် စစ်အုပ်စုကို ကူညီပံ့ပိုးခြင်း သို့မဟုတ် နိုင်ငံတကာ ရာဇဝတ်မှုများနဲ့ ဆက်နွှယ်မှာ မဟုတ်ကြောင်း သေချာစေရန် တင်ကြိုစိစစ်မှုများ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း JFM က ထောက်ပြထားပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ မြန်မာခရိုနီတွေက “အကူအညီ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရင်ကတည်းက စစ်အုပ်စုကို ငွေတွေ ပံ့ပိုးခဲ့ပြီး စစ်အုပ်စုရဲ့ ရာဇဝတ်မှုကြီးတွေမှာ ကြံရာပါပတ်သက်ခဲ့ပါတယ်။ ပြည်သူလူထုက ငလျင်ဘေးကြီးနဲ့အတူ စစ်အုပ်စုကျူးလွန်နေတဲ့ တိုက်ခိုက်မှုတွေ၊ စစ်အုပ်စုတရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ပိုပြီးဆိုးရွားလာတဲ့ အကျိုးဆက်တွေကို တုံ့ပြန်ဖို့ရာ အကူအညီတွေကို အပူတပြင်း လိုအပ်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်သူနေတွေဆီက တဆင့်မဟုတ်ဘဲ ယုံကြည်ထိုက်တဲ့၊ တာဝန်ယူမှုရှိတဲ့၊ လွတ်လပ်တဲ့ ဒေသခံအကူအညီပေးနေသူတွေကတဆင့် အကူအညီတွေကို အလိုအပ်ဆုံးသောသူတွေဆီ တိုက်ရိုက်ရောက်စေဖို့ အရေးတကြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် ရဲစခန်းမှ ဂိတ်စခန်းကို ထွက်လာသည့် ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်နှင့် နယ်ထိန်းရဲ အပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မုတ္တိုင်ရဲစခန်းကနေ တမံကြီးရွာဘက် ဂိတ်စခန်းကို ထွက်ခွာလာတဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲတို့ ၂ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုအားကောင်းရာ ဆင်လူးရွာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဘက်က ၁ ယောက် သေပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုအားကောင်းရာ ဆင်လူးကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ကင်းစခန်းတိုက်ခိုက်ခံရ၊ ၁ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်၊ စစ်တပ်က မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကနေ တအာင်းတပ် (TNLA)တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကို ကူညီမယ့် ကျားပေါက်ရဲ့ပန်းချီကား USD 10,000 နဲ့ လေလံအောင်မြင်

ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD 10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးဒေသတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း Billboard များ ထောင်

မန္တလေးဒေသမှာ အာဏာသိမ်းစစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားပါ Billboard တွေ စိုက်ထူကာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။