အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ပစ်ဗုံးကို ခုန်အုပ်ကာကွယ်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိတ်မှူး ရဲဘော်ဘီလုံးဟာ အဖက်ဖက်က အားကိုးရတဲ့ ရဲဘော်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဆုံးရှုံးမှုကြီးမားကြောင်း အတူတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်ရဲဘက်တွေက မောင်းကိုပြောပါတယ်။

ပြင်ဦးလွင် ဇာတိ၊ ဂေါ်ရခါးလူမျိုး ဘီလုံးဟာ ငယ်စဥ်ကတည်းက တိုက်ခိုက်ရေးကို အထူးဝါသနာထုံခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ အိမ်ကထွက်ခွာရင်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို အမအရင်းဖြစ်သူနဲ့အတူတူ လျှောက်လှမ်းခဲ့တာလို့ သိရပါတယ်။

“သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ” လို့ လက်ရှိ ပြင်ဦးလွင် ပကဖ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဘီလုံးရဲ့ အမအရင်းဖြစ်သူက မောင်းကိုပြောပါတယ်။

လက်နက်ကိုင်လမ်းစဥ် လျှောက်လှမ်းဖို့အတွက် ရဲဘော်ဘီလုံးဟာ အစ်မဖြစ်သူနဲ့အတူ ရှမ်းမြောက်မှာ စစ်သင်တန်းတက်ရောက်ရင်း မိုးမိတ်မှာ တိုက်ပွဲတွေဆင်နွှဲခဲ့သလို ပြင်ဦးလွင် ခရိုင်တပ်ရင်း ၅၁၂ မှာလည်း တာဝန်အမျိုးမျိုးနဲ့ အလှည့်ကျ တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဘီလုံးဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၄ရက်နေ့မှာ စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေရင်း စစ်ကောင်စီရဲ့ လက်ပစ်ဗုံးထိမှန်ကာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
“ကျနော်တို့ အိမ်တစ်အိမ်ကို RPG နဲ့ ပစ်ပြီး ဝင်ဖို့လုပ်တယ်ပေါ့။ RPG ပစ်လိုက်တော့ ချက်ချင်းပဲ မီးခိုးလုံးတွေ ဖုန်လုံးတွေ ထလာတယ်။ အဲ့အချိန် ဘီလုံးက ရှေ့ကတက်ဖို့လုပ်တယ်။ အမှန်ဆို သူက တပ်စိတ်မှူး ညွှန်ကြားရုံပဲ ဆိုပေမယ့် သူကိုယ်တိုင်ရင်းပြီး ရှေ့ကတက်တယ်။ အဲ့အချိန်မှာပဲ ရန်သူကလည်း လက်ပစ်ဗုံးနဲ့ ပစ်တာတွေ့တော့ နောက်က ရဲဘော်တွေဆီ မရောက်အောင် ခုန်ကာလိုက်တယ်ပေါ့။ နဂိုတည်းက သူက ရှေ့နည်းနည်း ကျွံသွားတာဆိုတော့ ဆွဲလို့မမှီလိုက်ဘူး။ နောက်က ဒဏ်ရာရတဲ့ရဲဘော်တွေ ဆွဲလိုက်နိုင်တယ်” လို့ ရဲဘော်ဘီလုံးနဲ့အတူ တိုက်ပွဲဆင်နွှဲခဲ့တဲ့ ပြင်ဦးလွင် ခရိုင်တပ်ရင်း ၅၀၂ ရဲဘော် ၁ယောက်က မောင်းကိုပြောပြပါတယ်။

ရဲဘော်ဘီလုံးဟာ ဧပြီလ ၄ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်ပစ်ဗုံးစ မျက်လုံးကို ထိုးဖောက်ဝင်ရောက်ပြီး ဦးခေါင်းအထိရောက်ရှိသွားတာကြောင့် ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“မျက်လုံးနဲ့ ရင်ဘတ်ကို အဓိကထိတာ နောက်တန်းဆေးရုံအထိ ပို့တယ်။ အရေးပေါ် ခွဲစိတ်ကုသတယ်။ မရတော့ဘူး။ ဖြစ်ပြီး နောက်နေ့မနက်မှာပဲ ကျဆုံးတယ်။ နောက်တစ်နေ့ကျ သဂြိုဟ်တယ်။ အရိုးပြာအိုးရတဲ့နေ့ကျ ကျနော်တို့ အင်းတော်ကို ရပါတယ်။”လို့ ပြင်ဦးလွင် ခရိုင်တပ်ရင်း ၅၀၂ ရဲဘော် ၁ယောက်က မောင်းကိုပြောပါတယ်။

သူကပဲဆက်ပြီး “သူနဲ့ ရှမ်းမြောက်မှာကတည်းက တိုက်ပွဲတွေ အများကြီး အတူတိုက်ခဲ့တယ်။ သူက စိတ်ဒဏ်ရာရထားတယ်။ ရှေ့တန်းစစ်သည်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ တိုက်ပွဲဖိုက်တာကြီးတွေရဲ့ စိတ်ဒဏ်ရာပေါ့။ အဲဒါ မကြာမကြာ ကျနော့်ကိုဖက်ပြီး စစ်ဆက်မတိုက်ချင်တော့ဘူး အစ်ကိုရယ် … အဆင်မပြေတော့ဘူးဆိုပြီး ငိုကြွေးရင်းပြောလေ့ရှိတယ်။ သူက ကျနော့်ရဲ့ ညီတစ်ယောက်လိုပါပဲ။ အရမ်းလည်း အားကိုးရတယ်။ နောက်ဆုံး သူ့အရိုးပြာအိုးကို ဧရာဝတီမြစ်ထဲ သူတို့ ဂေါ်ရခါးရိုးရာအတိုင်း မျှောပေးတော့လည်း ကျနော်ကိုယ်တိုင်ပဲ။ အဲ့အချိန်မှာ စိတ်ထဲဖြစ်မိတာက ငါ့ညီကို ငါဒီလိုပုံစံကြီးနဲ့ နောက်ဆုံး နှုတ်ဆက်ခဲ့ရတာပါလားဆိုပြီး စိတ်ထဲ အတော်လေး အဆင်မပြေဖြစ်မိပါတယ်” လို့ ပြောပါတယ်။
ရဲဘော်ဘီလုံး ကျဆုံးပြီး ၃ရက်အကြာမှာပဲ လက်ကျန်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကို PDF တပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရင်း အင်းတော်မြို့ကိုရရှိခဲ့တာ ဖြစ်ပါတယ်။

“ရဲဘော်ဘီလုံးက အရမ်းတော်တဲ့ တပ်စိတ်မှူးပါ။ သူက အမှန်ဆို တပ်စုမှူး၊ သူဦးဆောင်တဲ့ တပ်စိတ်တို့ တပ်စုတို့က တိုက်ခိုက်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး ဘာမှပြောစရာမလိုဘူး။ အဲ့လောက်အထိ အားကိုးရတယ်။ ကျနော်တို့တပ်ရင်းမှာ သူက အမြင့်ဆုံး IO ရာထူးအထိ ယူဖူးတယ်။ တပ်ရင်းက အဲ့လိုအလှည့်ကျ တာဝန်ယူရတာပေါ့နော်”
“ တိုက်ပွဲထဲမှာလည်း ဘယ်လောက်ပဲ စကစက လေယာဥ်နဲ့ဗုံးကြဲဗုံးကြဲ၊ ဘယ်လောက်ပဲ လက်နက်ကြီးပစ်ပစ် တည်တည်ငြိမ်ငြိမ်နဲ့ အမိန့်ပေးနိုင်စွမ်းရှိတယ်။ အခုအင်းတော်မြို့ကို သိမ်းနိုင်ခဲ့ပြီဆိုတော့ ဘီလုံးအပါအဝင် ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှုက အချည်းအနှီး မဟုတ်တော့ဘူး။ ဒါဂုဏ်ယူရဆုံးပါပဲ။” လို့လည်း ပြင်ဦးလွင် ခရိုင်တပ်ရင်း ၅၀၂ ရဲဘော် ၁ယောက်က မောင်းကိုပြောပါတယ်။

“မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာ အားလုံး သူပါခဲ့တယ်။ ပြည်သူက သပြေပန်းနဲ့ ကြိုခဲ့ကြတယ်။ ကျမတို့ မောင်နှမ၂ ယောက်စလုံးက တော်လှန်ရေးကို ရှမ်းမြောက်ကနေ စတာပါ။ ၂၉ ရက်နေ့ မောင်နှမ၂ယောက် ဖုန်းပြောကြတော့ သူက ကျမကို စိတ်မပူဖို့ ပြောသွားသေးတယ်။ အခုလိုဖြစ်ခဲ့တဲ့အပေါ် ဂုဏ်ယူတယ်။ အဲ့ထက် ဒီကနေ့ထိ သူထိတယ်ဆိုတာ မယုံနိုင်သေးဘူး။ သူက မြင့်မြတ်ပါတယ်၊ အင်းတော်မှာပဲ သဂြိုဟ်တော့ မျက်နှာတောင် မမြင်လိုက်ရပါဘူး” လို့ ကျန်ရစ်တဲ့ အမဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၇၇၊ ရှေ့တန်းဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို NUG ရဲ့အမှတ် (၁) စစ်ဒေသ ဦးဆောင်မှုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၈လ ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ဂျပန်လှိုဏ်ဂူစခန်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က တပ်မမှူးနဲ့ တပ်ဖွဲ့ဝင်တွေ မခံနိုင်တော့ဘဲ ထွက်ပြေးသွားတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှုးနဲ့ စစ်သား ၁၅၀ ကျော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက အရှင််ပြန်လည်ဖမ်းဆီးမိခဲ့ပါတယ်။

ပုံစာ – အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်ဘီလုံး
(ရဲဘော် ဘီလုံး၏ ကျန်ရစ်မိသားစုဝင်များ လုံခြုံရေးအတွက် မျက်နှာ ဝါးထားခြင်း ဖြစ်ပါသည်)။
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။ 
Read More

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်နေ့တည်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့ လေတပ်စခန်း (ကေတုမတီ)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူး တိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခိုင် တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

ဝေါနှင့် ရွှေကျင်မှာ စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ထိမှန်ခဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။