စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 

အဲဒီညီလာခံကို ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့ ထိ (၄) ရက်တိုင်တိုင် စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှု အပြည့်အဝရှိနေတဲ့ မော်လမြိုင်မြို့ပေါ်မှာ ကျင်းပခဲ့တာပါ။ 

ညီလာခံရဲ့ ရည်ရွယ်ချက်ကတော့ မွန်အမျိုးသားတွေ သွေးစည်းညီညွတ်ရေးတည်ဆောက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးသုံးသပ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆွေးနွေးသုံးသပ်ဖို့နဲ့ မွန်အမျိုးသားအဆင့်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ တင်ပြလာတဲ့ မူဝါဒတွေကို ဆွေးနွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် မွန်လူငယ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ မွန်အဖွဲ့အစည်းတွေကတော့ ဒီညီလာခံဟာ မွန်လူမျိုးအားလုံး ပါဝင်တက်ရောက်နိုင်ခြင်း မရှိတဲ့ မော်လမြိုင်မြို့ပေါ်မှာ ကျင်းပခဲ့တာကြောင့် မွန်အမျိုးသားညီလာခံလို့တောင် မသတ်မှတ်သင့်ဘူးဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါတယ်။ 

“မွန်တွေ စုံညီမပါတဲ့ ဒီကွန်ဖရင့်က ညီညွတ်ရေးကို ဘယ်လိုမှ တည်ဆောက်လို့ မရဘူး။ အဓိက ကတော့ စကစ သြဇာ လွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်တွေ အထူးသဖြင့် MUP က ပုဂ္ဂိုလ်တွေ ပါဝင်နေတယ်။ မွန်ပြည်သစ်ပါတီကလည်း ဘက်လိုက်တယ်။ ဒီကွန်ဖရင့်က မွန်ပြည်သစ်နဲ့ MUP ပဲ။ စကစနဲ့ သဘောထား မတူတဲ့ အဖွဲ့တွေ မပါဘူး။ လွတ်မြောက်တဲ့နယ်မြေ တစ်နေရာရာမှာ ကျင်းပရင် အားလုံးပါနိုင်ခြေရှိတယ်။ ဒါပေမယ့် အခု မွန်ပြည်သစ်ပါတီက MUP ကို ဦးစားပေးပြီးတော့ စကစ ထိန်းချုပ် နေရာမှာ ပြုလုပ်တော့ ဘက်လိုက်တယ်လို့ ပြောလို့ရမယ်။ စကစ ကနေ ဒေါက်ထောက် ကြည့်နေတဲ့အတွက် အမျိုးသားရေးအတွက် တကယ့်လိုအပ်ချက်တွေ မဆွေးနွေးနိုင်ဘူး။ စကစရဲ့ ၂၀၀၈ နဲ့ ရွေးကောက်ပွဲအောက် ဆွဲသွင်းသွားတဲ့ ပွဲလို့ မြင်ပါတယ်” လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ကသုမွန် က မောင်းကို ပြောပါတယ်။ 

ညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ဖက်ဒရယ်အရေးတွေဟာလည်း တိုင်းရင်းသားအချင်းချင်း ဆွေးနွေး တည်ဆောက်သွားရမှာဖြစ်ပြီး NMSP နဲ့ MUP တို့ဟာ စစ်ကောင်စီ သဘောကျ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ သွားမယ့်ပုံ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“ဒီကနေ့ ဖက်ဒရယ် တည်ဆောက်ရေးဟာ ကျနော်တိုင်းရင်းသားတွေကြား အချင်းချင်း ဆွေးနွေးပြီးတော့ တည်ဆောက်ရမှာ ဖြစ်တယ်။ အခုဆိုရင် ကျနော်တို့ MSFC အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကြားမှာ Bottom Up Federalism ကို တည်ဆောက်ဖို့ သဘောတူပြီး ဖြစ်တယ်။ စကစပဲ ဖြစ်ဖြစ် NLD ပဲ ဖြစ်ဖြစ်… NUG ပဲဖြစ်ဖြစ်… Top Down ချလာတဲ့ ပုံစံကို မသွားတော့ဖူး။ ကိုယ့်ဘာသာ ကိုယ်တည်ဆောက်ရမယ်။ ဗမာလူမျိုး နွေဦးတော်လှန်ရေးအင်အားစုတွေလည်း ဒီသဘောတရားကို လက်ခံလာပြီ။ အခု မွန်ပြည်သစ်နဲ့ MUP က စကစနဲ့ သွားဆွေးနွေးပြီး ဖြစ်နိုင်တဲ့ Model တစ်ခုကို ဆွဲသွားမယ်။ စကစ သဘောကျတဲ့ အတိုင်း Top Down ချပေးမယ်။ အချို့ အရေးမပါတဲ့ နိုင်ငံရေးအာဏာကို ပေးလိုက်မယ်။ ဒါပေမယ့် ၂၀၀၈ နဲ့ အပေါ်ကနေ ချုပ်ထားမယ်ပေါ့။ ဒါကတော့ ကျနော်တို့ မွန်တွေ လိုချင်တဲ့ ဖက်ဒရယ်ပုံစံ မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်လည်း မပါဘူး။ ရသလောက် ယူထားမယ်ဆိုတဲ့ နိုင်ငံရေး အချောင်သမားတွေကပဲ အလုပ်ဖြစ်မယ်” လို့ သူက ဆက်ပြောပါတယ်။ 

မွန်အမျိုးသားညီလာခံ ကျင်းပခဲ့တာကို မွန်နိုင်ငံရေးအဖွဲ့အစည်းတွေကနေ လက်မခံသလို မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးကနေလည်း လက်မခံ ကန့်ကွက်ကြောင်း စာထုတ်ပြန်ထားတာကို‌ တွေ့ရပါတယ်။ 

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းကလည်း “မွန်အမျိုးသားညီလာခံ ဖြစ်ဖို့က ပြည်တွင်း၊ ပြည်ပမှာ ရှိကြတဲ့ မွန်လူထုလူတန်းစားမရွေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ဖို့လိုပါတယ်။ အခုညီလာခံက စစ်ကောင်စီနဲ့ အပေးအယူတည့်နေတဲ့ အဖွဲ့အစည်းတချို့သာ တက်ရောက်နိုင်ခဲ့တယ်။ ပြီးတော့ စစ်ကောင်စီက အသေအလဲကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေတော့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။ 

အဆိုပါ ညီလာခံကနေ ဆုံးဖြတ်ချက် (၉) ချက် ချမှတ်နိုင်ခဲ့တယ်လို့ မွန်အမျိုးသားညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အဲဒီ ၉ ချက်ဟာ ဘာဆုံးဖြတ်ချက်တွေလဲ ဆိုတာကိုတော့ ပွင့်လင်းမြင်သာစွာ ဖော်ပြထားတာမရှိပါဘူး။ 

မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေဟာ မွန်အမျိုးသားညီလာခံ မကျင်းပခင် ရက်ပိုင်းအလိုကတင် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ Independent Mon News Agency)

0 Shares:
You May Also Like
Read More

ပြည်ပရောက် မြန်မာသံအမတ် ၃၀ ကို NUG က အမည်ပျက်စာရင်းသွင်း

ပြည်ပက မြန်မာသံအမတ်နဲ့ သံတမန် အယောက် သုံးဆယ်ကို NUG အမည်ပျက်စာရင်းသတ်မှတ်လိုက်တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ဦးနှင့် သုံးစွဲသူ (၁၂) ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်

တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနဲ့ ‌ကျောက်မဲမြို့နယ်တွေမှာ သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ယောက်နဲ့ သုံးစွဲသူ (၁၂)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာသည့် အကျိုးရလဒ်များ ဖော်ပြနိုင်ရန် လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကို သွားရောက်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေစကြိုတွင် စစ်ကောင်စီက ကျန်းမာရေးမကောင်းသူများ အပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးနေ

"ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ" လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။