နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ 

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို နိုင်ငံတကာက သတင်းဌာနတွေ၊ သတင်းထောက်တွေကနေ သတင်းရယူဖို့ ခွင့်တောင်းလာတဲ့အပေါ် စစ်ကောင်စီက “တည်းစရာနေစရာ အဆင်မပြေပါဘူးခင်ဗျ။ ဒီဟိုတယ် တော်တော်များများကလည်း ထိခိုက်ထားတာရှိတယ်။ လျှပ်စစ်မီးလည်း တော်တော်များများက မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲရှိပါတယ်” ဆိုပြီး မသေချာမရေရာတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ 

အရပ်ဘက်အဖွဲ့အစည်းများစွာကတော့ ကယ်ဆယ်ရေး သတင်းအချက်အလက်တွေ စီးဆင်းဖို့အတွက် အင်တာနက် ပိတ်ထားတဲ့ ဒေသတွေကို အင်တာနက် ပြန်လည်ဖွင့်ပေးဖို့နဲ့ နိုင်ငံတကာက အကူအညီတွေ ရနိုင်ဖို့အတွက်လည်း နိုင်ငံတကာ သတင်းသမားတွေကို ဝင်ရောက်ခွင့်ပြုပြီး မှန်ကန်တဲ့ သတင်းတွေ ရယူခွင့်ပြုဖို့ စာထုတ်ပြန် တောင်းဆိုထားကြပါတယ်။ 

နိုင်ငံတကာ သတင်းထောက်တွေအနေနဲ့ ငလျင်ဖြစ်ရာကို သတင်းလာယူတာဟာ သူတို့ ကြုံရမယ့် အခက်အခဲတွေကို သိရှိပြီးမှ လာတာဖြစ်တာကြောင့် စစ်ကောင်စီရဲ့ တည်းခိုစရာအခက်ခဲကြောင့် သတင်းထောက်တွေကို ပေးမဝင်ဘူးဆိုတာက ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ဖြစ်တယ်လို့ သတင်းသမားတွေက ဝေဖန်ကြပါတယ်။ 

“ဇော်မင်းထွန်းပြောသွားတဲ့ စကားတွေက အရမ်းရယ်ရတဲ့ အကြောင်းပြချက်တွေပါပဲ။ ကမ္ဘာပေါ်မှာ ဒီလိုမျိုး သဘာဝဘေးအန္တရာယ်သတင်းတို့၊ စစ်ဖြစ်တဲ့ နေရာက သတင်းတွေ ရယူတယ်ဆိုတာက သတင်းထောက်တွေမှာက Training တွေ ရထားပြီးသားပါ။  ဘယ်လို အန္တရာယ်ကင်းအောင်နေရမယ်…. ဘယ်လို သတင်းရယူရမယ် စသဖြင့်ပေါ့နော် နိုင်ငံတကာ သတင်းထောက်တွေက ဒူပေဒဏ်ပေခံပြီး တကမ္ဘာလုံးအနှံ့ သွားလာ သတင်းယူနေကျပဲ။ ငလျင်ဒဏ်ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်တာ မဟုတ်ဘူး။ ဒါကြောင့် မီးမရလို့၊ ရေမလို့၊ နေစရာ အခက်အခဲကြောင့်ဆိုတဲ့ အကြောင်းပြချက်က အရမ်းကိုမှ ရယ်စရာကောင်းပါတယ်” လို့ အမည်မဖော်လိုတဲ့ နိုင်ငံတကာ သတင်းထောက်တစ်ယောကက မောင်းကို ပြောပါတယ်။ 

မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်းတိုင်းကို အခြေပြု လှုပ်ခတ်သွားတာကြောင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အလွန်များပြားနေပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းဟာ သူတို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးပြင်းထန်နေတဲ့ ဒေသဖြစ်တာကြောင့် ကယ်ဆယ်ရေးကားတွေကိုလည်း အချိန်မှီ ပေးဝင်ကယ်ဆယ်ခွင့် မပြုခဲ့ဘဲ ဒေသအတွင်းက ရှိနေပြီးသား ကယ်ဆယ်ရေးတွေကိုလည်း ည ၁၀ နာရီနောက်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်ခွင့် မပြုဘဲ ရပ်နားခိုင်းနေတယ်လို့ သိရပါတယ်။ 

ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ပြိုကျ ပျက်စီးသွားပြီး တံတားအသစ်ကလည်း အက်ကြောင်းရာတွေ ထွက်ပေါ်လာတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ အလွယ်တကူသွားလာလို့ မရဘဲ စစ်ကောင်စီကပါ တားဆီးပိတ်ပင်နေတဲ့အတွက် ငလျင်ကြောင့် ပိတ်မိနေသူ အများအပြားဟာ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့ အခြေအနေတွေ ဖြစ်နေတာပါ။  

“သူတို့ရဲ့ ငလျင်နဲ့ ဆိုင်တဲ့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းတာ၊ နောက်ပြီးတော့ ငလျင်ဘေး ဒုက္ခကို လူထုက ခံနေရချိန်မှာ သူတို့က လေကြောင်းတိုက်ခိုက်မှုကိုလည်း အဆက်မပြတ်လုပ်နေတာ… ဒါတွေကို သတင်းတွေ ထွက်ပေါ်လာမှာ စိုးတယ်၊ သူ့ရဲ့ ညံ့ဖျင်းမှုတွေ ရက်စက်ယုတ်မာမှုတွေကို သိမှာ စိုးတဲ့အတွက် ဖုံးကွယ်ချင်တာပေါ့၊ သတင်း အမှောင်ချတာပေါ့။ သတင်းအမှောင်ချတာကြောင့် ထိခိုက် နစ်နာမှု အရှိဆုံးကတော့ လူထုပါပဲ။ လူထုက သူတို့ရဲ့ ခံစားမှုတွေကို ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ တင်ပြနိုင်ခွင့်မရှိတာ နောက် နိုင်ငံတကာကလည်း အလိမ်ခံရတာပေါ့” လို့ Mizzima သတင်းဌာနရဲ့ သတင်းခန်း စီမံ ခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက ပြောပါတယ်။

ငလျင်အကြီးစား လှုပ်ခတ်သွားတဲ့ နောက်ဆက်တွဲ အနေနဲ့ လူတွေ သေကြေပျက်စီးပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက ခေတ္တခဏ အပစ်အခတ်ရပ်ဆဲထားပြီး ခုခံစစ်ကိုသာ လုပ်ဆောင်မယ်လို့ အသီးသီး ထုတ်ပြန် ကြေညာထားပါတယ်။ 

စစ်ကောင်စီကတော့  လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေဆဲဖြစ်တဲ့အပြင် အပစ်အခတ်ရပ်စဲမှာ မဟုတ်ဘဲ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကာ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ငလျင်ဒဏ်သင့် အလှူငွေကောက်ခံပွဲမှာ မင်းအောင်လှိုင်က ဆိုထားပါတယ်။ 

အင်အားပြင်း ငလျင်ကြောင့် ပြည်သူတွေ သဘာဝဘေးဒုက္ခရောက်နေချိန် အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်၊ ကချင်ပြည်နယ်က ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ်က နောင်ချိုမြို့နယ်၊ မကွေးတိုင်းက ပေါက်မြို့နယ်၊ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နယ်၊ ပဲခူးတိုင်းက ဖြူးမြို့နယ်နဲ့ ကရင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့တာပါ။ 

ဒီလုပ်ရပ်တွေကို ဖုံးကွယ်ဖို့နဲ့ သူတို့ လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း မျက်နှာဖုံးကွာကျသွားသလို နိုင်ငံတကာက သိသွားမှာ စိုးရိမ်တာကြောင့် နိုင်ငံတကာ သတင်းထောက်တွေနဲ့ သတင်းရယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်နေတာ ဖြစ်တယ်လို့လည်း လူထုက ဝေဖန်နေကြပါတယ်။ 

“သတင်းသမားတွေကတော့ သတင်းယူဖို့ လာကတည်းက တွေ့မြင်ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ သတင်းယူမှာပဲ။ ဒါကို ထားပါဦး အခု ငလျင်မှာ လူတွေ မသေသင့်ဘဲ ဘာကြောင့် သေနေရလဲဆိုတာကို လိုက်မှာပဲပေါ့နော်။ စစ်တပ်က မြန်မာနိုင်ငံကို သူ့စိတ်ထဲမှာ အုပ်ချုပ်ထားနိုင်ပြီလို့ ယူဆထားတာ၊ ကမ္ဘာကိုလည်း စစ်တပ်က မြန်မာနိုင်ငံဟာ ကောင်းကောင်းလည်ပတ်နေတယ်ဆိုတာကို ပြထားတာ။ အဲ့ဒါတွေက လက်တွေ့မှာ ဆန့်ကျင်ဘက်ပဲလေ။ လူတွေ အော်သံကြားတယ်… ကယ်ဆယ်ရေးတွေ အချိန်မှီ မရောက်လာဘူး၊ သဘာဝ ဘေးအန္တရာယ်ကိုတောင် ကောင်းကောင်းမတုံ့ပြန်နိုင်ဘူး၊ မသေသင့်တဲ့လူတွေ သေနေတယ်ဆိုတာက သူတို့ရဲ့ ညံ့ဖျင်းမှုတွေပေါ့၊ သူတို့ရဲ့ အုပ်ချုပ်ရေးအပေါ် အများကြီး သက်ရောက်မှု ရှိလာမှာကိုး။ ဒီသတင်းတွေကို မထွက်စေချင်လို့ လွတ်လပ်စွာ သတင်းရယူခွင့်တွေကို ပိတ်နေတာ” လို့ နောက်ထပ် အမည်မဖော်လိုတဲ့ သတင်းသမားတစ်ယောက်ကလည်း ဝေဖန်သုံးသပ်ပါတယ်။ 

စစ်ကောင်စီဟာ သူတို့ အခြေစိုက် အုပ်ချုပ်ရာ နေပြည်တော်က အစိုးရရုံးတွေရဲ့ ပျက်စီးမှု၊ သေဆုံးမှုတွေကို ဖုံးကွယ်ထားသလို ငလျင်လှုပ်ခတ်ခဲ့တဲ့ ဧရိယာအတွင်းက အကျဉ်းထောင်တွေ ပြိုကျပျက်စီးမှုနဲ့ အကျဉ်းသား သေဆုံးမှုတွေကိုလည်း သတင်းအမှောင်ချ ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက တရုတ်ကနေ ကယ်ဆယ်ရေးလာတဲ့ ကြက်ခြေနီအဖွဲ့ ယာဉ်တန်းကိုလည်း သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားပါတယ်။ 

လက်ရှိမှာတော့ စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃ထောင်နီးပါးအထိ ရောက်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ဟာလည်း ၄ထောင်ကျော်နေပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အင်ဒို ဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု NUCC ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ၆ ရက်တာ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲကို အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ မပါဝင်တာသေချာမှ လက်ခံတက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၂၉၃၁ ခုတွင် အတုအယောင် ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်

အတုအယောင် ရွေးကောက်ပွဲနီးကပ်လာချိန် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုမှာ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတု လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၆ရက်နဲ့ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၆၁ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။