တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မတ်လ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုကာ ဆိုးရွားပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေးအတွက် သတင်းအချက်အလက် စီးဆင်းမှုတွေ မြန်ဆန်အောင် အင်တာနက် ပိတ်ဆို့ဖြတ်တောက်ခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာပါ။

စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့ အပါအဝင် နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆၀ ကျော်မှာ ငလျင်ဒဏ်ကို ခံစားခဲ့ရတာဖြစ်ပြီး မတ်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူစာရင်းက ၂၀၀၀ ကျော် အထိရှိလာကာ အရေအတွက် ဆက်လက်မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါင်း ၁၀၀ ကျော်ကို အင်တာနက်ဖြတ်တောက်ထားပြီး အဆိုပါမြို့တွေထဲမှာ ငလျင်ဒဏ်ခံရတဲ့မြို့တွေ အများအပြား ပါဝင်ခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ NLTA)

စစ်ကောင်စီဟာ အများပြည်သူ သတင်းရရှိနိုင်မယ့် လူမှုကွန်ယက်မီဒီယာတွေ၊ အင်တာနက်ဝက်ဆိုဒ်တွေကို  “Firewall “ တွေ တပ်ဆင်ထားခြင်းကို ဖယ်ရှားမပေးဘဲ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးလိုင်း ပြတ်တောက်မှုတွေကို အချိန်မီပြင်ဆင်နိုင်ခြင်း မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံတစ်ဝန်း ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ အပါအဝင် ဆက်သွယ်ရေးလိုင်းများအားလုံးကို ခြွင်းချက်မရှိ ဖွင့်ပေးဖို့၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အမြန်ဆုံးဦးစားပေးပြင်ဆင်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

Firewall တပ်ဆင်ထားခြင်း အပါအဝင် အင်တာနက် ဖြတ်တောက်ဖို့ ရည်ရွယ်ချက်ရှိရှိ  လုပ်ဆောင်မှုတွေကို ရပ်တန့်ကာ သတင်းမီဒီယာတွေကိုလည်း လွတ်လပ်စွာ သတင်းယူခွင့်ပေးရမှာဖြစ်တယ်လို့  ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတကာ သတင်းသမားတွေကို မြန်မာပြည်တွင်း ဝင်ရောက်သတင်းရယူခွင့် မပြုတာနဲ့ ပတ်သက်ပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

“အခုလို နိုင်ငံတကာကို သတင်းအမှောင်ချထားခြင်းက ဒါမှမဟုတ်လည်း သတင်းကို မပြည့်မစုံရရှိစေမှုက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ကူညီရေးအပိုင်းမှာ သက်ရောက်မှု အများကြီးဖြစ်စေပါတယ်။ သတင်းအမှောင်ချတာက စစ်ကောင်စီအတွက်က သူ့ရဲ့ လုပ်ရိုးလုပ်စဉ်ဆိုပေမယ့် ကိုယ့်ရဲ့ ပြည်သူတွေကို ပြန်ပြီးတော့ ကယ်ဆယ်၊ အသက်ကယ်မယ်ဆိုတဲ့ စိတ်စေတနာ ကောင်းကောင်းထားမယ်ဆိုရင် သတင်းအမှောင် မချသင့်ပါဘူး။ အကူအညီမဲ့နေတဲ့ ပြည်သူတွေကို မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ ဖြစ်လာမှာပါ” IPCM ဥက္ကဌ နန်းဖော့ဂေက မောင်းကို ပြောပါတယ်။

ပြည်သူလူထု အသက်ဆုံးရှုံးရမှုနဲ့ အဖက်ဖက်က နစ်နာခဲ့ရသူတွေအတွက် စစ်ကောင်စီ တစ်ဖွဲ့တည်းမှာသာ အပြည့်အ၀ တာဝန်ရှိတဲ့အတွက် အပြည့်အ၀ တာဝန်ခံရမယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဗျူဟာ ၃၃ နည်းဗျူဟာမှူးနှင့် ရဲဘော်များ ထိန်းသိမ်းခံထားရမှု ညှိနှိုင်းနေဆဲဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF အယောက် ၅၀နီးပါးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ(၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းခဲ့တဲ့ အခြေအနေကို ၂ဖက်ကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချရာ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၁၃…
Read More

နမခ မှ ထွက်လာသည့် စစ်ကားများကို မုံရွာ-ချောင်ဦးလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး​ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီး ၆ ရက်ကြာ စစ်ကြောင်းချီခဲ့တဲ့ 96 Soldiers PDF ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ 96 Soldiers PDF က ရဲဘော်တွေဟာ မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီးနဲ့ ၆ ရက်ကြာ စစ်ကြောင်းချီခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

စစ်အုပ်စု အကောင့်တုများသုံးကာ ချင်းလူမျိုးအချင်းချင်းကို ရန်တိုက်ပေးသည့် စစ်မျက်နှာအသစ် ဖွင့်လာဟု ဆို

စစ်အာဏာရှင်တွေဟာ စည်းလုံးညီညွတ်နေတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေကိုမဆို အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန်သတင်းတွေနဲ့ အမျိုးမျိုး သွေးခွဲကာ တိုက်ခိုက်လေ့ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မစည်းလုံးနိုင်မှ သူတို့အသက်ရှုချောင်မှာဖြစ်တာကြောင့် ဒီလိုမှိုင်းတိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလည်း ဖြစ်လာပါတယ်။