သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

စစ်ကောင်စီရဲ့ စနေနေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ လူပေါင်း ၁၀၀၂ ဦး သေဆုံးပြီး ၂၃၇၆ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ ဆိုကြပါတယ်။ မြေပြင်အချက်အလက်တွေကို ကိုးကားပြီး လွတ်လပ်တဲ့မီဒီယာတွေရဲ့ သတင်းဖော်ပြချက်မှာတော့ ထိခိုက်သေဆုံးမှုဟာ ဒီထက်ပိုများနေတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ဘူမိဗေဒစစ်တမ်းအဖွဲ့ (USGS) ကတော့ ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှုဟာ တသောင်းကနေ တသိန်းကြား ရှိနိုင်ခြေ ၃၅% ရှိပြီး စီးပွားရေးအရ ထိခိုက်မှုကလည်း နိုင်ငံ GDP ထက်ပင် ကျော်လွန်သွားနိုင်တယ်လို့ ဆန်းစစ်ပြောဆိုထားပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ ငလျင်ကြောင့် မန္တလေးမြို့မှာ ပြိုကျသွားတဲ့ ကွန်ဒိုမီနီယံအောက် ပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေနေစဉ် ( ဓာတ်ပုံ Sai Aung Main/ AFP/ Getty)

ထိုင်းနိုင်ငံမှာလည်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရကာ ၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

တရုတ်၊ အမေရိကန်၊ ရုရှားနဲ့ အိန္ဒိယတို့အပါအဝင် နိုင်ငံအတော်များများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သဘာဝဘေးဒဏ်သင့် မြန်မာပြည်သူတွေကို အကူအညီပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အနေနဲ့ လူ ၈၂ ဦးပါ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို စနေနေ့က စေလွှတ်ခဲ့ကြောင်း ပေကျင်း အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ ယူနန်ပြည်နယ်က သီးခြားကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဟာလည်း စနေနေ့က ရန်ကုန်ကို ရောက်ရှိခဲ့ကြောင်း CCTV သတင်းမှာ ဖော်ပြပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ်သန်း ၁၀၀ (ဒေါ်လာ ၁၃.၈ သန်း) ပေးအပ်မှာဖြစ်ပြီး တနင်္လာနေ့မှာ အကူအညီတွေ စတင်ပို့ဆောင်မှာဖြစ်ကြောင်း ၎င်းရဲ့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီက စနေနေ့မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာပြည်ရဲ့ ငလျင်ဘေးအတွက် ဝါရှင်တန်အနေနဲ့ ကူညီမှာဖြစ်ကြောင်း သောကြာနေ့က ကတိပြုပြောဆိုပါတယ်။ “ဒါဟာ တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ၊ ငါတို့ ကူညီပါ့မယ်၊ (မြန်မာ)နိုင်ငံနဲ့လည်း စကားပြောပြီးပြီ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူကတော့ USAID အပေါ် ဖြတ်တောက်မှုတွေနဲ့ အပြောင်းအလဲတွေ လုပ်ဆောင်တာက သဘာဝဘေးစီမံခန့်ခွဲရေးရဲ့ စွမ်းရည်ကို ထိခိုက်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပေမဲ့ အကဲခတ်တွေကတော့ အကူအညီပေးရေး ဆောင်ရွက်ချက်တွေ အကန့်အသတ်ဖြစ်နိုင်တယ်လို့ ပြောဆိုထားကြပါတယ်။

မန္တလေးမြို့ပြိုကျနေတဲ့ တိုက်ခန်းပြိုကျမှုကနေ ကယ်ဆယ်နိုင်ခဲ့သည့် ဇနီးဖြစ်သူ ဖြူလေးခိုင်ကို ခင်ပွန်းရဲအောင်က အဖော်ပြုလိုက်ပါပေးစဉ် (ဓာတ်ပုံ Sai Aung Main / AFP/Getty)

အိန္ဒိယနိုင်ငံက စေလွှတ်တဲ့ အကူအညီပေးရေး စစ်လေယာဉ်တစင်းလည်း စနေနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ၊ စောင်တွေ၊ အစားအသောက်တွေနဲ့ အခြားလိုအပ်တဲ့အရာတွေ ပါရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တဖွဲ့လည်း ဒီလေယာဉ်မှာ ပါသွားတယ်။ တိုးတက်မှုတွေကို ဆက်လက်စောင့်ကြည့်ပြီး နောက်ထပ်အကူအညီတွေ ပေးသွားဦးမှာပါ”လို့လည်း သူကဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အဓိကမိတ်ဖက်ဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အရေးပေါ်အခြေအနေဝန်ကြီးဌာနကတော့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာသည့် လေယာဉ်နှစ်စင်းကို စေလွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်း မှာဖော်ပြထားပါတယ်။ ၎င်းနဲ့အတူ လေတပ်စခန်းက ကယ်ဆယ်ရေးသမား ၁၂၀ အပြင် ဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ ကယ်ဆယ်ရေးခွေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်က ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၅ သန်း ခွဲဝေပေးခဲ့ပါတယ်။ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့ အကူအညီတွေ ပေးအပ်ဖို့ ပြောဆိုခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အရေးပေါ် ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ပြီးနောက် မန္တလေးမြို့က ပြိုကျသည့် သာသနိက အဆောက်အအုံအနီးတွင် လူများစုဝေးနေစဉ် (ဓာတ်ပုံ မျိုးကျော်စိုး/ AP)

တောင်ကိုးရီးယား နိုင်ငံခြားရေးဌာနကလည်း ငလျင်လှုပ်ခတ်ပြီးနောက်မှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပံ့ပိုးဖို့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂ သန်း ပေးပို့သွားမယ်လို့ ထုတ်ပြန်ထားပြီး အခြေအနေ ပိုဆိုးလာရင် နောက်ထပ်အကူအညီတွေ ထပ်ပို့ပေးနိုင်ကြောင်း ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို အကူအဖွဲ့တဖွဲ့ စေလွှတ်မှာဖြစ်ပြီး တပ်မှူးတဦးနဲ့ ကယ်ဆယ်ရေးဝန်ထမ်း ၄၉ ဦးပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားသမ္မတကလည်း မြန်မာနဲ့ ထိုင်းနိုင်ငံအတွက် ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပြီး ကူညီပေးဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ကတော့ ငလျင်လှုပ်ခတ်ပြီးနောက်မှာ မြန်မာပြည်အတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်မှုကို အသိအမှတ်ပြုကြောင်းနဲ့ ကူညီကယ်ဆယ်ရေးအတွက် ထောက်ပံ့ဖို့အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးတွေက ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေး အမရပူရက ပြိုကျခဲ့တဲ့ မဟာမြတ်မုနိဘုရားကို အမျိုးသားတစ်ဦး ကြည့်ရှုနေစဉ် (ဓာတ်ပုံ​ EPA)

“အာဆီယံအနေနဲ့ တသားတည်းရှိမှုကို ဖော်ပြပြီး လူသားချင်းစာနာမှုအကူအညီတွေ ညှိနှိုင်းဆောင်ရွက်ဖို့၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပံ့ပိုးကူညီ ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုတွေ အချိန်နဲ့တပြေးညီ ထိရောက်မှုရှိစေဖို့ အနီးကပ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း” အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

နယူးဇီလန်အစိုးရကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာကြက်ခြေနီကတဆင့် ပံ့ပိုးပေးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ X မှာ ရေးထားပါတယ်။

ဟောင်ကောင်မြို့တော် အကြီးအကဲက ငလျင်ဒဏ်သင့်သူတွေအတွက် ဝမ်းနည်းကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားပါတယ်။ တချိန်တည်းမှာပဲ ထိုင်ဝမ်အမျိုးသား မီးသတ်အေဂျင်စီအနေနဲ့ လူပေါင်း ၁၂၀ ရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ဖို့ အသင့်ရှိကြောင်း ပြောဆိုထားပြီး ၎င်းတို့ထဲမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တဦး၊ ရှာဖွေကယ်ဆယ်ရေး ခွေးခြောက်ကောင်နဲ့ စက်ကိရိယာ ၁၅ တန် ပါဝင်ကြောင်း အေပီသတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြိုကျခဲ့တဲ့ အဆောက်အဦတခုကို ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင််ရွက်နေစဉ် ( ဓာတ်ပုံ Lauren DeCicca/ Getty)

ကိုးကား – Myanmar earthquake: death toll passes 1,600 as search for survivors continues

0 Shares:
You May Also Like
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

စစ်ကောင်စီ အရှိုက်ထိုးခံနေရတဲ့ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများ

ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

မြန်မာစစ်အုပ်စုက Airbus ၏ မိတ်ဖက် AVIC ထံမှ လေယာဉ်သစ်များ ဆက်တိုက်ဝယ်ယူ လက်ခံရရှိနေသည်ဟု JFM ဖော်ပြ

မြန်မာစစ်အုပ်စုဟာ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားတယ်လို့ Justice For Myanmar (JFM) က မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။