နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ကျူးလွန်လာမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်ကနေ အာဆီယံအနေတဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့ လိုအပ်တာကြောင့် မြန်မာ့အရေးမှာ ဝင်ရောက် ဦးဆောင်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက ယူကရိန်းအရေးမှာသာ ဆက်ရှိနေရာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဦးဆောင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ရှိတယ်လို့ ဆိုပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေအရ အာဆီယံက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကို မကြာသေးမီက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အပါအဝင် နိုင်ငံတစ်ဝန်း စစ်ရေးတိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာပြီး အရပ်သားပြည်သူတွေဟာ ဆိုးရွားပြင်းထန်စွာ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက် စစ်အုပ်စုက အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု (၂,၁၉၀) ကြိမ် တိုက်ခိုက်ခဲ့ပြီး ကလေးသူငယ်ပေါင်း ၃၇၀ ကျော် သေဆုံးခဲ့ရပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ အခုအချိန်မှာ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ဖို့ တိကျပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှု နဲ့ ဂုဏ်သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက်ရှိတဲ့ ပဋိပက္ခနဲ့ မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအနေနဲ့   ရဲရင့်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့အရေးကို ကူညီသင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှ “ပွင့်လန်းပါစေ မြန်မာပြည်” ဓာတ်ပုံပြပွဲ

“ကိုးရီးယားမှာလည်း ၁၉၈၇ ဇွန်လမှာ ကျောင်းသားအရေးခင်း တခုရှိခဲ့ပါတယ်။ အဲ့ဒီအထိန်းအမှတ်အနေနဲ့ စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ကိုးရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ခရီးကြမ်းရှိခဲ့တယ်ဆိုတာကို လက်ရှိ တောင်ကိုးရီးယားနိုင်ငံသားတွေ သိရှိအောင်…. ပြီးတော့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေတွေကို သွေးမအေးသွားအောင် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူးကိုလင်းအိမ် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထိုင်းမှာ တရားမဝင်ဖွင့်ထားသည့် မြန်မာသီးသန့်ဘား အဖမ်းခံရ၊ မူးယစ်ဆေးနှင့် လက်နက်များပါ ဖမ်းမိသည်ဟု ဆို

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ မဟုာချိုင်မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် ဘား၊ ကာရာအိုကေနဲ့ ဘိလိယပ်ခုံတို့ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာန Khaosod English ကနေ ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် NUG အစိုးရနှင့် မနက်ဖြန်မှာ တွေ့ဆုံမည်ဟု မလေးရှားဝန်ကြီးချူပ်က ပြော

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့အပြီးမှာတော့၊ မလေးရှားဝန်ကြီးချူပ်က မနက်ဖြန် ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူရဲ့လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။