မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်မှာ စစ်အုပ်စုက အရပ်သားကျေးရွာတွေဆီ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၉ ရက်နေ့၊ မနက်ပိုင်းက မတ္တရာမြို့ပေါ် ဘောလုံးကွင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆည်တော်လေးလမ်းခွဲနေ အရပ်သား၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနက် ၁၀နာရီခွဲအချိန်ကစပြီး လက်နက်ကြီး ၉ လုံးအထိ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကလည်း မတ္တရာနယ်အရှေ့ခြမ်းက ကျောက်တံတားရွာ အနီးတဝိုက်ကို မိတ္ထီလာရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာ နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို အဲ့ဒီနေ့ညပိုင်းမှာလည်း  Y-12 ထောက်ပို့ယာဥ်အသုံးပြုရင်း ဘိုကုန်း၊ ရှူခင်းသာ၊ မြောင်းသစ်ကုန်းနဲ့ ကျောက်တံတားကျေးရွာ ပတ်ဝန်းကျင်တွေတဝိုက်ကို  ဗုံးသီး (၄၅) လုံးအထိ အကြီးအကျယ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အပိုင်းအစများအား တွေ့ရစဥ် (ဓာတ်ပုံ Voice Of Mandalay)

အထက်ပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

မတ်လ ၁၃ ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း မတ္တရာမြို့၊ အရှေ့ခြမ်းမှာရှိတဲ့ ထန်းပင်ကုန်းကျေးရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် တံတားဥဦးလေဆိပ်တက် ဂျက်ဖိုက်တာ ၁ စီးနဲ့အတူ ဒီနေ့မနက်အစောပိုင်းမှာ  အယ်လ်ဖာဘိလပ်မြေစက်ရုံတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးကြောင်း The Voice Of Wetlet Madayar တာဝန်ရှိသူက ပြောပါတယ်။

“လေယာဉ်တွေက တစ်နေ့ကို ၃၊ ၄ ကြိမ်လောက် လာပစ်တယ်။ လက်နက်ကြီးကတော့ တစ်နေကုန် ရမ်းသမ်းပစ်နေတော့တာပါပဲ။ မတ္တရာမြို့ပေါ် ဘောလုံးကွင်းထဲကနေ အဓိကပစ်တာပါ။ ဟောင်ဝစ်ဇာတို့ မစ်ဇိုင်းတို့နဲ့ ဆော်တာ။ တိုက်ပွဲတွေလည်းရှိနေတော့ PDF တွေရှိတယ်အထင်နဲ့ ရမ်းသမ်းချနေတာပေါ့” လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မန္တလေးမြို့မြောက်ဘက် ၂၁ မိုင်အကွာမှာ တည်ရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၃၀ ကျော်ကို MDY-PDF ဦးဆောင်တဲ့ တပ်တွေက ပြီးခဲ့တဲ့နှစ်အတွင်း သိမ်းပိုက်ရရှိထားတာ​ဖြစ်ပြီး စစ်အုပ်စုရဲ့ ပြန်လည်ထိုးစစ်ဆင်မှုတွေကြောင့် ဒီနှစ်ထဲမှာ ထိတွေ့မှုတွေ ပြန်ရှိနေတာလို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက လက်နက်ကြီး​တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာကြောင့် မတ္တရာနယ်အရှေ့ခြမ်းကအရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အပိုင်းအစများအား တွေ့ရစဥ် (ဓာတ်ပုံ Voice Of Mandalay)
0 Shares:
You May Also Like
Read More

မြောင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် စက်တပ်လေထီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်လအတွင်း ရန်ကုန်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ၁၀၀ ကျော်ရှိ

အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းမှာ တစ်လအတွင်း နည်းမျိုးစုံနဲ့ အဓမ္မ ဖမ်းဆီးခဲ့သူ လူ ၁၀၀ ကျော်ရှိတယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေအနက် ၁၁၄ ယောက်ရဲ့ ဖြစ်စဉ်ကို Rangoon Scout Network က သိရှိခဲ့ရပြီး အဲဒီလူတွေထဲက အယောက် ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေဆီ စစ်တပ်က ပို့ဆောင်ခဲ့တယ်လို့ Rangoon Scout Network က ဆိုပါတယ်။
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်မှု စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ဆီကို ABSDF ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး လာရောက်စစ်ဆေး (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ၊ အမှတ် ၃ စစ်ကြောင်းဆီကို ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး က လာရောက်ပြီး စစ်ကြောင်းအတွင်းရှိ ရဲဘော်တွေနဲ့ တွေ့ဆုံခြင်း ၊ ရှေ့တန်းနယ်မြေတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်အပြင် ရဲဘော်တွေကို လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့မှ TNLA ဆုတ်ခွာပေးရသည့်တိုင် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု မိုးကုတ်ဗျူဟာ အသိပေး

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။