စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ခရီးသည်တင် Express ကားကို တိုက်ပွဲရှိရာ ခြိမ်းခြောက်မောင်းနှင်ခိုင်းခဲ့သလို စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ Yadanarbon Revolutionary Force-YRF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၄ရက်၊ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သားတွေလိုက်ပါလာတဲ့ ခရီးသည်တင် Express ကားကို တိုက်ပွဲရှိရာဆီ လူသားဒိုင်းလုပ် ခေါ်ဆောင်ကာ စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ကနေ မြင်းမူမြို့နယ်ကို ထွက်ခွာလာတဲ့ စစ်အုပ်စု သံပြားကာကားတွေကို တော်လှန်ရေးတပ်တွေက လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က အသာစီးမရနိုင်တာကြောင့် ခရီးသည်တင်ကားတွေကို တိုက်ပွဲနေရာဆီ အတင်းအကြပ် မောင်းနှင်ခိုင်းရင်း အကာအကွယ်ယူ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တော်လှန်ရေးတပ်တွေက စစ်အုပ်စုတွေကို တိုက်ခိုက်ရင်း ကားပေါ်ပါလာတဲ့ အရပ်သားတွေကိုကယ်ထုတ်နေချိန်မှာ စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Yadanarbon Revolutionary Force-YRF တာဝန်ရှိသူကပြောပါတယ်။

“ကျနော်တို့ သံပြားကာကားကို ဖြတ်တိုက်နေတုန်း စစ်တပ်က Express ကားတစ်စီးကို ချောဆွဲပြီး စစ်ကူလာတာဗျ။ သံပြားကာကားနဲ့ ပေတစ်ရာလောက်အကွာမှာ ရပ်သွားတယ်။ အဲ့အချိန် ရှင်းလင်းရေးလုပ်ပြီး ကားထဲကပြည်သူတွေကို ကျနော်တို့ ကယ်ထုတ်ပြီး ဗုံးထိတာဗျ။ ပါရာမော်တာပေါ်က ချတဲ့ ဗုံးသီးကြောင့်ပါ။ တော်လှန်ရေး မိုင်းသမား ရဲ​ဘော် ၁ယောက်လည်း ထိပါတယ်” လို့ Yadanarbon Revolutionary Force-YRF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးထိမှန်ခဲ့လို့ အသက် ၃နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၂၇ နှစ်အရွယ် မိခင်ဖြစ်သူအပါအဝင် အသက် ၅၀အရွယ် အမျိုးသမီးကြီး ၁ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အမေဖြစ်သူက ခေါင်းတည့်တည့်ထိတာ။ ကလေးကတော့ ဆေးမမှီလိုက်တာပါ။ ကျန်တဲ့ ပြည်သူတွေကိုတော့ ကျနော်တို့လုံခြုံတဲ့အထိ စောင့်ရှောက်နိုင်ခဲ့ပါတယ်။” လို့လည်း Yadanarbon Revolutionary Force-YRF တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် သတင်းချန်နယ်တွေမှာတော့ ခရီးသည်တင်ကားကို PDF တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာဖြစ်ကြောင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးတာဆိုပြီး ရေးသားနေကြတာဖြစ်ပါတယ်။

“ပထမဆုံးအနေနဲ့ စစ်ကောင်စီရဲ့ ယုတ်ညံ့လွန်းတဲ့လူသားဒိုင်းပြုလုပ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အဲ့ဒီနေ့က Express ကားသမားကို မောင်းမပေးရင် ပစ်သတ်မယ်‌ဆိုပြီး ခြိမ်းခြောက်တယ်။ အရပ်သားတွေကိုလည်း ကားပေါ်ကနေ အဆင်းမခံဘူး။ ဒီအတိုင်း တိုက်ပွဲဖြစ်တဲ့နေရာကို ချောဆွဲလာခဲ့တာပါ။ မျက်စိရှေ့တင်ဖြစ်သွားတဲ့ကိစ္စအပေါ် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။” လို့ Yadanarbon Revolutionary Force-YRF တာဝန်ရှိသူက ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁၅ရက်နေ့ကစပြီး စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေတာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများသလို တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုရဲ့လေကြောင်းပစ်ကူနဲ့အရပ်သားပစ်မှတ်တွေရှိရာဆီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်၏ လူသားဒိုင်းလုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ခရီးသည်တင်ကားနှင့် သေဆုံးခဲ့သူများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း ‌(၁) နှစ်ပြည့် ကျန်ရစ်သူ ရဲဘော်ရဲဘက်များ ဦးညွှတ်အလေးပြု

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) က လွန်ခဲ့တဲ့ (၁) နှစ်က ကြွေလွင့်သွားခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း‌(၁)နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ်က မီးလောင်ဗုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းစားနေသည့် ထန်းတက်မိသားစုဝင် ၃ဦး မီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့လို့ ၉နှစ်အရွယ် ကလေးငယ် ၁ယောက် အပါအဝင် ထန်းတက်သမားမိသားစုဝင်​ ၃ယောက် သေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။