ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။

BGF ခေါင်းဆောင်တွေဖြစ်တဲ့ စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနဲ့ မုတ်သုန်တို့ ၃ယောက်ကို လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် JFM က ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။  

ဒီလူတွေကို ဖမ်းဝရမ်းထုတ်ပေးမှုဟာ ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းလုပ်ငန်းတွေကို အလျင်အမြန်နှိပ်ကွပ်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာနေပြီဖြစ်တာကြောင့် ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမှာဖြစ်ကြောင်း ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ  ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးတွေ တည်ရှိရာ မြန်မာနယ်စပ်ဒေသတွေကို လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကို မကြာသေးခင်က လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေကြတဲ့  ရာနဲ့ချီတဲ့  အလုပ်သမားတွေကို မြန်မာဘက်ကနေ ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံက ကြိုဆိုလက်ခံပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် တဆက်တည်းမှာပဲ  ငွေလိမ်ဂိုဏ်းလုပ်ငန်းကြီးတစ်ခုလုံး အပြီးတိုင် ဖျက်သိမ်းနိုင်ရေး အတွက် ဆက်လက်တွန်းအားပေးနေဖို့ လိုအပ်ပြီး အပြစ်ရှိသူတွေကို တရားစွဲဆိုခြင်းဟာ အဓိက လုပ်ဆောင်ရမယ့် အခန်းကဏ္ဍ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆိုက်ဘာ ငွေလိမ်လုပ်ငန်းနယ်ပယ်မှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့  ပါဝင်ဆောင်ရွက်ပေးမှုဟာ  အခြေအနေတွေ ငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်မှုသာဖြစ်ပြီး သူတို့ကို တရားစီရင်မှုကနေ လွတ်မြောက်သွားအောင် ခွင့်မပြုသင့်ဘူးလို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့  Justice For Myanmar ရဲ့ အစီရင်ခံစာအရ  ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းတွေမှာ တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ လူသုံးကုန်ရောင်းချမှုတွေကတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှာ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။

စောချစ်သူနဲ့ သားသမီးတွေဟာ  ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီ ၉ ခုကို စုပေါင်းပိုင်ဆိုင်ထားကြပြီး ရာဇဝတ်လုပ်ငန်းတွေကနေ အကျိုးအမြတ်တွေ ရရှိနေတာဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ Myanmar Apolo International Investment Company Limited (Apollo Park) နဲ့ Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့ကနေ အနည်းဆုံးအနေနဲ့  ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေမှာ  ရှယ်ယာတွေလည်း ပါဝင်ထားပါတယ်။

စောချစ်သူရဲ့ လက်အောက်ခံ တင်ဝင်းကတော့  ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီတွေဖြစ်ကြတဲ့  Shwe Myint Thaung Yinn Holdings Limited နဲ့ Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို သူ့ရဲ့ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနဲ့ ပူးတွဲထိန်းချုပ်ထားပါတယ်။

Shwe Myint Thaung Yinn Industry & Manufacturing Company Limited ဟာ ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင် အဖွဲ့ (PEA) ထံက စွမ်းအင်တင်သွင်းဖို့ စာချုပ်ချုပ်ဆိုထားပြီး မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာတွေနဲ့ ကာစီနို လုပ်ငန်းတွေကို လျှပ်စစ်စွမ်းအင် ပေးဝေနေတာ ဖြစ်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ၃ယောက်ကို  ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ စီးပွါးမိတ်ဖက်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့က တပ်မှူးတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြတဲ့ ထိုင်းကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေ လုပ်ဆောင်ဖို့လည်း Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အမျိုးသမီး ၁၀.၄ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

မြန်မာနိုင်ငံမှာ  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး အဆိုပါ လူဦးရေထဲက  ၁၀.၄ သန်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံစားနေရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းတွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် မြန်မာအဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့ဝင်များက တိုက်ခိုက်ရန်ကြိုးပမ်း၊ ထိုင်းရဲများမှ မြန်မာအဖွဲ့ခေါင်းဆောင်ကို အခင်းဖြစ်ပွားရာမှ ကာကွယ်ထုတ်သွား

ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ "Bright Future" အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
Read More

ထိုင်းတောင်ပိုင်းရေကြီးမှုကြောင့် CI ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ဟု ဆို

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။