၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။

ဒါကတော့  စက်တပ်လေထီးလို့ လူသိများတဲ့ စစ်ကောင်စီရဲ့ ဝေဟင်က Paramotor တွေပဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၄ ခုနှစ်အထိ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာကနေ Paramotor တွေကို အဓိကထား အသုံးပြုလာတာ ဖြစ်ပါတယ်။

တချိန်က ဂလိုက်ဒါလို့ လူသိများတဲ့ စက်တပ်လေထီးတွေဟာ နည်းပညာတဆစ်ချိုး ပြောင်းလဲလာပြီး Paramotor လို့ အသွင်ပြောင်းကာ စစ်ဘက်သုံးလက်နက်အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။

Paramotor တွေဟာ နိုင်ငံတကာမှာတော့ ဝေဟင်အပန်းဖြေခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မြေပုံသုတေတနလုပ်ငန်းတွေမှာ မှတ်တမ်းဓာတ်ပုံရိုက်ကူးဖို့ အဓိက အသုံးပြုကြတာပါ။

Paramotor တွေဟာ လေယာဉ်တို့ ရဟတ်ယာဉ်တို့လို လောင်စာဆီကုန်ကျစရိတ်ကို သက်သာစေပြီး ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင်က ရန်သူရဲ့ စခန်းတွေ၊ စစ်ကြောင်းချီတက်မှုတွေကိုပါ မှတ်တမ်းဓာတ်ပုံရယူနိုင်တဲ့အထိ အသုံးဝင်တာ ဖြစ်ပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း၊ မိတ္ထီလာ(ရှမ်းတဲ) လေတပ်စခန်း ဌာနချုပ်နဲ့ မိုင် ၁၀၀ ဝန်းကျင်မှာရှိတဲ့ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲကို စက်တပ်လေထီး (Paramotor) သုံးပြီး ဗုံးကြဲတာတွေ လုပ်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က အသီးသီး ထုတ်ပြန်ထားကြပါတယ်။

အတိအကျအားဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီဟာ မန္တလေးက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ စက်တပ်လေထီးတွေကို မန္တလေးတိုင်း၊ မကွေးနဲ့ စစ်ကိုင်းအပြင် ဧရာ၀တီတိုင်းထဲမှာပါ အသုံးပြုလာတယ်လို့ CDM တပ်ကြပ်ကြီး နေဝင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လေပေါ်မှာ ၁ နာရီကို ၄၄ မိုင်အထိ ခရီးနှင်နိုင်ပြီး  ဝေဟင်မှာ ၂နာရီကျော်လောက် ကြာမြင့်စွာ နေနိုင်တဲ့ Paramotor တွေဟာ အားသာချက်အနေနဲ့ ဆင်းသက်ဖို့ လေဆိပ်မလိုအပ်ခြင်း၊ စက်ချို့ယွင်းရင် လေထီးဖွင့်ပြီး ဆင်းနိုင်ခြင်း အစရှိတဲ့ အားသာချက်တွေရှိတယ်လို့ CDM တပ်ကြပ်ကြီးက ဆိုပါတယ်။

“ရဟတ်ယာဉ်တွေပျံနိုင်တဲ့ အမြင့်အထိ Paramotor တွေက ပျံနိုင်တာတွေလည်းရှိတယ်။ တော်လှန်ရေးရဲဘော်တွေ ကိုင်ထားတဲ့ G-2 ၊ G-3 တွေက ကိုက် ၂၀၀ အတွင်းလောက်မှာပဲ Target ကို ပစ်နိုင်တာဆိုတော့ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ဖို့ မမှီနိုင်ဘူး”လို့ တပ်ကြပ်ကြီးက ရှင်းပြပါတယ်။

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ဖို့ တိုက်လေယာဥ်၊ ကုန်တင်လေယာဥ်တွေ၊ ဒရုန်းတွေအပြင် အခုလို စက်တပ်လေထီးတွေကိုပါ အသုံးပြုလာတာ ဖြစ်ပါတယ်။

မြေပြင်မှာ စစ်ကြောင်းထိုးရင် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရမှုတွေကြောင့် စစ်ကောင်စီဟာ ကုန်ကျစရိတ်သက်သာတဲ့ Paramotor တွေကို အဓိက အသုံးပြုလာတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ သုံးသပ်ထားကြပါတယ်။

“စိတ်ကြိုက် ဝေဟင်မှာ ဝဲပြီး တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မှတ်တမ်းရယူနိုင်တာ Paramotor တွေရဲ့ အားသာချက်ထဲက တစ်ခုပဲ” လို့ CDM တပ်ကြပ်ကြီး နေဝင်းအောင်က ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီ အသုံးပြုနေတဲ့ Paramotor အများစုဟာ မိတ္ထီလာအခြေစိုက် တပ်မတော်အကြီးစားစက်ရုံမှာ ထုတ်လုပ်နေတာဖြစ်တယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောကြားထားပါတယ်။

လေယာဉ်လောင်စာဆီ ကုန်ကျစရိတ်ကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီဟာ သူတို့ဘက်က အားသာတဲ့ ဝေဟင်စိုးမိုးရေးမှာ  Paramotor တွေကို ဆက်လက်အသုံးပြုပြီး ပြည်သူတွေကို ခြိမ်းခြောက်တိုက်ခိုက်မှုတွေ မြင့်တက်လာနိုင်တာကြောင့် အထူးသတိပြုနေထိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကလည်း အသိပေးနှိုးဆော်မှုတွေဆက်တိုက်ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ 

0 Shares:
You May Also Like
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။