စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းက ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့ တအုံကျေးရွာပကဖတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ခုံရုံးတင်အပြစ်ပေးနိုင်ဖို့ စစ်ဆေးနေတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ကံကြီးတောရွာ၊ လုဒ်မယ်တော် သခင်မဘုရားကျောင်းဝန်းအတွင်း တိုက်ဂေါဆို​သူ ဦးဆောင်တဲ့ လက်နက်ကိုင် လူတစ်စု ဝင်ရောက်လာပြီး ဘုန်းတော်ကြီးကို ဒူးထောက်ထိုင်စေကာ ဓားနဲ့ ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

သတ်ဖြတ်သွားသူတွေဟာ ရွှေဘိုမြို့နယ် တိုက်နယ် (၄) တအုံကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ကြပြီး ကျူးလွန်သူတွေကို ရွှေဘိုခရိုင် တပ်ရင်း(၅) နဲ့ တိုက်နယ်ပကဖ တို့က နေ့တွင်းချင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ် မာတင်(Fr Donald Martin) ဟာ သေဆုံးချိန်မှာ သက်တော် (၄၄နှစ်)၊ ဝါတော် (၇)နှစ် ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို ရွှေဘိုမြို့ကတဆင့် ပြင်ဦးလွင်မြို့ကို သယ်ဆောင်ကာ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ စျာပနအခမ်းအနားလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဖာသာရ်ဒေါ်နယ်မာတင်ဟာ ၂၀၁၈ ခုနှစ်မှာ ပြင်ဦးလွင်မြို့မှာ ထာဝရ ရဟန်းသိက္ခာ ခံယူခဲ့သူဖြစ်ပြီးရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာကို ၂၀၁၉ ခုနှစ်အတွင်း ပြောင်းရွှေ့ကာ လုဒ်မယ်တော် သခင်မဘုရားကျောင်းအတွင်း သာသနာပြုခဲ့ကြောင်း၊ ရပ်ရွာနေ ပြည်သူတွေနဲ့ စစ်ဘေးရှောင်၊ မီးဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပေးခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

အခုလို သာသနာ့တာဝန်ထမ်းဆောင်ရင်း အသတ်ခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း မန္တလေးဂိုဏ်းချုပ်သာသနာက ထုတ်ပြန်ထားပါတယ်။ 

တစ်ဖက်မှာလည်း အသတ်ခံရတဲ့ ဖာသာရ်ဒေါ်နယ်မာတင် နဲ့ ရပ်ရွာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ NUG လက်အောက်ခံ ကျေးရွာ ကာကွယ်ရေးအဖွဲ့ ဝင်တွေကြား အချင်းများပွတ်တိုက်မှုတွေရှိခဲ့သလို ဒေသခံတချို့ရဲ့ပြောစကားတွေအရ ဖာသာရ်ဒေါ်နယ်မာတင် သေဆုံးပြီးနောက် ရွာသားတွေဟာ ကျေးရွာအတွင်းနေထိုင်ရဲခြင်းမရှိဘဲ ထွက်ပြးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ဘုန်းတော်ကြီး ဖာသာရ်ဒေါ်နယ်မာတင် သတ်ဖြတ်ခံရမှု နောက်ကွယ်က ကွင်းဆက်ဖြစ်ရပ်များဆိုပြီးတော့လည်း ဒေသ​​တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက ဖြစ်စဥ် ၈ခု ပါဝင်တဲ့ စာမျက်နှာတွေကို မောင်းသတင်းဌာနကို ပေးပို့ထားပါတယ်။

ပေးပို့ထားတဲ့အချက်အလက်တွေအရ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းကို ဘုန်းတော်ကြီးစတင်ရောက်ရှိလာချိန်မှာ ရွာခံတွေအကြား အဆင်ပြေနေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ NUG ပညာရေးအပေါ် ဝေဖန်မှုပြင်းပြင်းထန်ထန်ပြုလုပ်ကာ CDM ကျောင်းဆရာဆရာမတွေကို အကြောင်းအမျိုးမျိုးပြ တာဝန်ကနေ ရပ်စဲတာ၊ စစ်ကောင်စီပညာရေးနဲ့ ချိတ်ဆက်ဖြေဆိုခိုင်းတာတွေရှိခဲ့တဲ့အတွက် ဒေသတွင်းတာဝန်ရှိသူတွေနဲ့ မကျေလည်မှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျေးရွာလျှပ်စစ်မီးရံပုံငွေကို အသုံးပြုကာ ပြည်သူ့အခြေပြုကျောင်းဖွင့်လှစ်ဖို့ ရပ်ရွာတာဝန်ခံတွေနဲ့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်အပေါ် ဖာသာရ်ဒေါ်နယ်မာတင်က ကန့်ကွက်ခဲ့ပြီး ရွာဦးကျောင်းဆရာတော် အပါအဝင် ရပ်ရွာပအဖတွေကိုလည်း တရားဝင် ခန့်အပ်ခံထားရခြင်းရှိမရှိအပေါ် ဝေဖန်မေးခွန်းထုတ်ခဲ့တဲ့ ပွတ်တိုက်မှုမျိုးတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဒေသတွင်းစစ်ရေးအခြေအနေတွေအရ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေရဲ့ တားမြစ်ထားတဲ့ ဆောင်းဘောက်၊ အသံချဲ့စက်တွေကို ဘာသာရေးအကြောင်းပြ သတ်မှတ်ချိန်ထက်ကျော်လွန် ဖွင့်တာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း မပြေလည်မှုတွေရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အထက်ပါ ပွတ်တိုက်မှုဖြစ်စဥ်တွေကြောင့် ပြဿနာတွေ ပိုမဆိုးလာခင် တိုက်နယ်ပအဖက ဖာသာရ်ဒေါ်နယ်မာတင်ကို ပြောင်းရွှေ့နိုင်ဖို့ကြိုးစားနေချိန်မှာပဲ အခုလို လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဖြစ်စဥ်အရ ဖေ​ဖော်ဝါရီလ ၁၄ရက်နေ့မှာ လုဒ်မယ်တော်ဘုရားကျောင်းဝန်းအတွင်းကို တိုက်နယ်(၆) တအုံကျေးရွာ ပကဖ တိုက်ဂေါဦးဆောင်တဲ့ လူတစ်စုက ဝင်ရောက်ပြီး ဘုန်းတော်ကြီးဖာသာရ်ဒေါ်နယ်မာတင်အပါအဝင် ဆရာဆရာမတွေကို ဒူးထောက်ခိုင်းခဲ့ကြောင်း၊ ဖာသာရ်က ဒူးမထောက်နိုင်ကြောင်း​ ပြန်လည်ပြောဆိုတဲ့အတွက် တိုက်ဂေါနဲ့အဖွဲ့က ဓားနဲ့ထိုးပြီး ခုတ်ဖို့လုပ်ဆောင်ရာ ဖာသာရ်က လက်နဲ့ကာလိုက်တဲ့အတွက် လက်ကိုအရင်ခုတ်မိခဲ့ကြောင်း၊ အဲ့ဒီနောက် ဖာသာရဲ့လည်ပင်းကို ပြတ်သေစေနိုင်လောက်အောင် ခုတ်ခဲ့တာဖြစ်ကြောင်း အထက်ပါ ဖြစ်စဉ် ၈ခုပါ ပေးပို့စာမှာ ဖော်ပြထားပါတယ်။ 

အထက်ပါ ပေးပို့လာတဲ့စာမှာ ပါရှိတဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး မောင်းသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“ကျနော်တို့ထုတ်ပြန်တာက ဘာသာရေးမှိုင်းတွေ မဖြစ်ဖို့၊ မြေပြင်အခြေနေတွေကို မှန်မှန်ကန်ကန်သိဖို့ ထုတ်ပြန်တာပါ။ ဒီစာကိုမဟုတ်ဘူးလို့ပြောရင်လည်း ထောက်ပြစရာသက်သေတွေ ရှိပါတယ်။ ထုတ်ပြန်ပြီးတော့မှ အဆင်မပြေရင် ပြစရာသက်သေတွေရှိပါတယ်။” လို့ အဆိုပါ စာကို ပေးပို့သူ တော်လှန်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး ” အခုလိုပြဿနာကို လက်နက်နဲ့ ဖြေရှင်းတာကိုတော့ ရှုံ့ချပါတယ်။ ဒီအတွက်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရမှာပါပဲ။” လို့ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ ကာဒီနယ်ချားလ်စ်ဘိုကတော့ ဒီလိုမျိုး ကက်သလစ်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှုဟာ အလွယ်တကူ မမေ့ပျောက်သင့်ကြောင်းနဲ့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့အရေးယူမှုတွေပေးသင့်ကြောင်း၊ အခုလို ကြုံတွေ့ရတဲ့ စိတ်နှလုံးကြေကွဲဖွယ်ရာတွေကနေ သင်ခန်းစာယူလျက် ညီအစ်ကိုမောင်နှမစိတ်ထားများ ရှင်သန်နိုးကြားလာပြီးအကြမ်းဖက်မှုများရပ်တန့်ကြပါရန် ဆိုပြီး တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အခုလို ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ရှုံ့ချကြောင်းနဲ့ ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနဲ့အညီ စစ်ဆေးဖော်ထုတ်အရေးယူသွားမယ့်အကြောင်း ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။
Read More

စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်ဆဲ

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

တရုတ်အကူအညီနှင့် ကလပ်စကာဗုံးဗုံးသီးများ ထုတ်လုပ်နေသည့် ကပစ -၂၁ အပါအဝင် လက်နက်စက်ရုံတွေ ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ တည်ရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၁) မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဗုံးသီးတွေအပြင် နိုင်ငံတကာကနေ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ပြင်းထန် Cluster Bomb (ကလပ်စတာဗုံး) အမျိုးအစားတွေပါ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။