မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။

လူပေါင်းသိန်းနဲ့ချီ ကျားဖြန့်လုပ်ငန်းကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့သူတွေအတွက် ထိုင်းနဲ့ တရုတ်ရဲ့ပူးပေါင်လုပ်ဆောင်မှုတွေမှာ  NUG အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့အပိုင်းတွေကို လုပ်ဆောင်သွားမယ်လို့ NUG ရဲ့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်မှာ ဦးကျော်ဇော်က ထည့်သွင်းပြောကြားလိုက်တာပါ။

ကျားဖြန့်လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ အဓိကအားဖြင့် စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေက အကျိုးအမြတ်များစွာရရှိနေပြီး စစ်ကောင်စီအတွက် သက်ဆိုးရှည်စေမယ့် ဝင်ငွေရလမ်းတွေ ဖြစ်နေကြောင်း ဦးကျော်ဇော်က ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ စစ်ကောင်စီနဲ့အပေါင်းအပါတွေ ပါဝင်ပတ်သက်နေမှုကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက သိရှိနားလည်လာပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ပိုမိုသိရှိနားလည်လာတယ်လို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်တွေထံကနေ ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေး ကြိုတင်ပြင်ဆင်ဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထိ ရောက်ရှိလာတာဖြစ်ပါတယ်။

မကြာသေးခင်က ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ မြဝတီက ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှုအပြီး အခုလို တရုတ်ကိုယ်စားလှယ်တွေ လာရောက်ခဲ့တာပါ။

တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi နှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသို့ သွားရောက်လည်ပတ်ခဲ့စဉ် (ဓာတ်ပုံ The Reporters)

BGF က ဖြိုခွင်းတဲ့ ကျားဖြန့်ဂိုဏ်းတွေထဲမှာ လူပေါင်း ၂၀၀၀ ခန့် ထိန်းသိမ်းခံထားရပြီး တဝက်က တရုတ်နိုင်ငံသားတွေဖြစ်ကာ သူတို့တွေထဲမှာ လူကုန်ကူးခံရသူတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ သဘောဆန္ဒအလျောက် လုပ်ကိုင်သူတွေ နှစ်မျိုးစလုံး ပါဝင်တာဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း ရာဇဝတ်သားတွေ နှိမ်နင်းရေးကို ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်လာမှုတွေ ရှိနေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က တရုတ်ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေ တွေ့ဆုံချိန်မှာလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို မြန်မာ-ထိုင်း-တရုတ် (၃) နိုင်ငံ ပူးပေါင်းလုပ်ဆောင်ဖို့  သဘောတူညီမှုတွေ ရရှိထားပြီလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘင်္ဂလားဒေ့ရှ်မှတဆင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ကုလအကြီးအကဲ ပြော၊ AA နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ဆို

ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းဖောက်ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၅ ရက်မှာ ပြောပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ဆေးဝါးကျွမ်းကျင်သူများပါဝင်မည့် အမေရိကန် ခရစ်ယာန်အဖွဲ့ Samaritan’s Purse ငလျင်ဒဏ်သင့်ဒေသများကို လာရောက်ကူညီမည်

အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။
Read More

အီတလီလွှတ်တော်မှာ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် ပြောဆိုခဲ့

အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။