ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်မှုထမ်းခေါ်ယူမှုတွေဟာ လက်ရှိ အပတ်စဥ် (၉) ကို ရောက်ရှိလာပြီး စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားသစ်ဖြည့်တင်းမှု အခြေအနေတွေ ဆိုးရွားလာသလို စစ်မြေပြင်မှာ သေဆုံးတဲ့ စစ်မှုထမ်းအရေအတွက်တွေလည်း တိုးလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့  ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ်အတွင်း အင်အားအဆမတန်ပြုန်းတီးလာမှုနဲ့အတူ နိုင်ငံတဝှမ်း ​မြို့ပြနဲ့ ကျေးလက်တွေမှာ လူငယ်အမျိုးသားတွေကို အရှိန်မြှင့်ဖမ်းဆီးရင်း စစ်မှုထမ်းအင်အားဖြည့်တင်းဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ရွာတွေမှာ ရပ်ကျေးအာဏာပိုင်တွေရဲ့ အကူအညီနဲ့အတူ လူငယ်တွေကို ဥပဒေအကြောင်းပြဖမ်းဆီးရင်း စစ်သင်တန်းကျောင်းတွေမှာ ရက်တိုစစ်သင်တန်းပို့ချကာ တိုက်ပွဲနယ်မြေတွေဆီ အချိန်တိုအတွင်း လွှဲပြောင်းပို့ဆောင်ပေးနေခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးဒေသတစ်ခုတည်းမှာပဲ စစ်မှုထမ်းအပတ်စဥ် (၄) ခုအတွက် လူငယ်ပေါင်း ၁၈၀ ကျော် အဓမ္မဖမ်းဆီးခံရပြီး ချင်းနဲ့ရခိုင်စစ်မျက်နှာတွေဆီ အတင်းအကျပ် ပို့ဆောင်ခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်းမှာတင် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ စစ်မှုထမ်းဥပဒေကြောင့်ဖမ်းဆီးခံရသူ ရာနဲ့ချီရှိခဲ့ပြီး အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်သင်တန်း အပတ်စဉ် (၁) မတရားစုဆောင်းခံရသူများ

စစ်ရေးအတွေ့အကြုံအားနည်းတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုဖြစ်စဥ်တွေနဲ့ တော်လှန်ရေးတပ်တွေထံ ထွက်ပြေးအလင်းဝင်ရောက်မှုတွေလည်း များပြားလာခဲ့ပါတယ်။

ဒီနှစ်ဇန်နဝါရီလအတွင်းမှာပဲ စစ်မှုထမ်းတပ်သားသစ် ၃၁ယောက်ကို စစ်ကောင်စီတပ်လက်ကနေ ကယ်ထုတ်နိုင်ခဲ့သလို လက်နက်ယူဆောင်လာနိုင်သူဟာလည်း ၁၅ယောက်အထိ ရှိခဲ့တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်တပ်အတွင်း ရောက်ရှိလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို မက်လုံး၊ ခြောက်လုံးအမျိုးမျိုးပေးပြီး စည်းရုံးသိမ်းသွင်းတာ၊ မူးယစ်ဆေးသုံးစွဲခိုင်းတာ၊ ဝါဒမှိုင်း​တိုက် တော်လှန်ရေးပုံဖျက်တာမျိုးတွေအထိလုပ်ဆောင်ကြတယ်လို့ လွတ်မြောက်လာသူတွေကပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာလည်း စစ်ကြောင်းထိုးဝင်ရောက်တာမျိုး၊ ရိက္ခာပို့​ဆောင်မှုမျိုးတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေကို အဓိကအသုံးပြုကြကြောင်းနဲ့ စစ်မှုထမ်းတပ်သားတော်တော်များများဟာ မူးယစ်ဆေးဝါးတွေ သုံးစွဲထားကြောင်း ဒေသတော်လှန်​ရေးရဲဘော် ၁ ယောက်က မောင်းကိုပြောပါတယ်။

“စစ်မှုထမ်းတပ်သားသစ်တွေကို မြိုင်က ရွာတွေကို ရိက္ခာပို့ဖို့ လွှတ်တယ်ပေါ့။ ကျနော်တို့က ကြားဖြတ်တိုက်တော့ အထိနာကြတယ်။ တချို့ဆို မူးယစ်ဆေးသုံးထားလို့ ကြောင်တောင်တောင်တွေဖြစ်နေကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ ကရင်နီပြည် မိုးဗြဲတိုက်ပွဲအတွင်းမှာလည်း စစ်မှုထမ်းတပ်သားသစ် အများအပြား အသုံးပြုခဲ့ပြီး ထိခိုက်သေဆုံးမှုတွေများခဲ့ကြောင်း စစ်ရေးသတင်းတွေက ဖော်ပြပါတယ်။

စစ်သင်တန်း အပတ်စဉ် ၅ က မတရားစုဆောင်းခံရသူများ

“ကရင်နီမှာ အဖမ်းခံရတာနဲ့ ထွက်ပြေးတာနဲ့မို့ နယ်ခံလူဟောင်းတွေက ကုန်တာကြာပြီ။ အခုဟာ တပ်ကြပ်တွေ၊ ဗိုလ်တွေက သက်ကြီးပိုင်းတွေ သန်သန်မာမာဆို စစ်မှုထမ်းပဲ။ လူဟောင်းလူသစ်တွဲပေးတာပေါ့။” လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က ​မောင်းကို ပြောပါတယ်။

စစ်မှုထမ်းတပ်သားသစ်တွေကို စစ်မြေပြင် ခေါ်ဆောင်ရာမှာ စီနီယာဖြစ်သူတွေနဲ့ ရာထူးကြီး တပ်ကြပ်၊ ဗိုလ်ကြီးဆိုသူတွေက ပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခိုင်းတာ၊  တန်ဖိုးကြီးပစ္စည်းနဲ့ ရိက္ခာတွေယူဆောင်ခိုင်းတာမျိုးတွေ လုပ်ဆောင်ခိုင်းကြတယ်လို့လည်း လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်ခေါ်ဆောင်မှုအတွက် အရှိန်မြှင့်လုပ်ဆောင်လာသလို အသက် ၁၈နှစ်ကနေ ၃၅နှစ်အတွင်း လူငယ်တွေကို နိုင်ငံကနေ ထွက်ခွာခွင့်တွေ ပိတ်ပင်လိုက်ပြီဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်းတွေပါ ခေါ်ဆောင်နေပြီ ဖြစ်ပါတယ်။

စစ်မှုထမ်းခေါ်ဆောင်ရာမှာလည်း အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ လူစားထိုး ငွေကြေးစျေးကွက်တွေကို တားဆီးဟန့်တားနိုင်ဖို့ လူအင်အားကိုသာ အဓိကထား ဖြည့်တင်းတော့ကြောင်းနဲ့ အစုအပြုံလိုက် ဖမ်းဆီးမှုတွေလည်း ပိုမိုလုပ်ဆောင်လာကြောင်း သိရပါတယ်။

အခုလိုမျိုး စစ်မှုထမ်း စုဆောင်းခံရနိုင်ခြေရှိတဲ့လူငယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ ပြည်သူ့ရင်ခွင်တို့လို အဖွဲ့စည်းတွေဆီ အွန်လိုင်းကတဆင့် ကြိုတင်ချိတ်ဆက်ထားသင့်ကြောင်းနဲ့ စစ်မှုထမ်းစုဆောင်းခံရပြီး လက်နက်တပ်ဆင်ပေးပြီးရင်လည်း  နီးစပ်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေဆီ လက်နက်နဲ့အတူ ထွက်ပြေးအလင်းဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီထံကနေ ဘက်ပြောင်းခိုလှုံလာမယ့် လူငယ်တွေကိုလည်း ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးမယ့် အကြောင်းနဲ့ လက်နက်ပါလာက ဆုကြေးထိုက်ထိုက်တန်တန်ချီးမြှင့်မယ့်အကြောင်း တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 
Read More

ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း အပိုင်စားပေးပြီး အပြန်အလှန်အနေနဲ့ မြန်မာပြည်မှာ နျူကလီးယားစက်ရုံ တည်ဆောက်မယ့် စစ်ကောင်စီ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ရုရှားခရီးစဉ်မှာ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အပြန်အလှန်အဖြစ် ရုရှားတို့ရဲ့နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ဆိုပါတယ်။ 
Read More

BGF ခေါင်းဆောင် စောချစ်သူတို့ သားအဖ ၃ ဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု ဘာဆက်ဖြစ်နိုင်လဲ

လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ 
Read More

တရုတ်အကူအညီနှင့် ကလပ်စကာဗုံးဗုံးသီးများ ထုတ်လုပ်နေသည့် ကပစ -၂၁ အပါအဝင် လက်နက်စက်ရုံတွေ ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ တည်ရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၁) မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဗုံးသီးတွေအပြင် နိုင်ငံတကာကနေ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ပြင်းထန် Cluster Bomb (ကလပ်စတာဗုံး) အမျိုးအစားတွေပါ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား ရှင်းထုတ်ခြင်းရဲ့ ပြယုဂ် (သို့) ပန်ဝါမြို့ကို သိမ်းပိုက်ခြင်း

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။