စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာပြည်အနှံ့အပြားမှာ တည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကပစ စက်ရုံတွေကို အခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နိုင်မှုတွေ ရှိလာပြီး ဒါဟာ စစ်ကောင်စီအတွက် တော်တော်လေး အထိနာစေတယ်လို့ CDM ဗိုလ်ကြီးတွေက မှတ်ချက်ပြုကြပါတယ်။

ကပစစက်ရုံတွေဟာ အဓိကအားဖြင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆန်တွေကအစ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်ရေးတွေမှာ အသုံးပြုတဲ့ လူသတ်လက်နက်မှန်သမျှကို ထုတ်လုပ်ပေးနေတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။

ကပစ စက်ရုံတွေကို ၁၉၅၀ ခုနှစ်တွေက အနောက်ဂျာမနီနဲ့ အီတလီတို့ရဲ့ နည်းပညာအကူအညီနဲ့ စတင်တည်ဆောက်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်မှာ မြန်မာပြည်ရဲ့ ပထမဆုံး အာဏာရှင်အဖြစ် ဦးနေဝင်းက အာဏာသိမ်းခဲ့ပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကစလို့ မြန်မာပြည်သူတွေကို စစ်အာဏာရှင်အဆက်ဆက်က ဆိုးရွားစွာ အုပ်ချုပ်ခဲ့ကြပြီး ၁၉၈၈ ခုနှစ်မှာတော့ သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

စကစရဲ့ ၇၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တွေ့ရတဲ့ စစ်လက်နက်များ

၁၉၈၈ ခုနှစ် မတိုင်ခင်က မြန်မာပြည်အနှံ့မှာ ကပစ စက်ရုံပေါင်း ၆ ရုံသာရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ စက်ရုံပေါင်း ၂၅ ရုံအထိ တိုးမြင့်လာခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်စိမ်းကြီးကို ပုံဖော်ခဲ့တဲ့ တရားခံ၊ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ကပစ စက်ရုံတွေကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

ကပစ စက်ရုံအများစုကို မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ဆောက်ထားပြီး စက်ရုံပေါင်း ၁၅ ရုံအထိ ရှိပါတယ်။ ဒုတိယအများဆုံး ရှိတဲ့ ဒေသကတော့ ပဲခူးတိုင်း ဖြစ်ပြီး စက်ရုံ ၇ ရုံ ရှိကာ နေပြည်တော်မှာ ၂ ရုံ၊ ရန်ကုန်တိုင်းမှာ ၁ ရုံ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

စက်ရုံအများစုကို အလယ်ပိုင်းဒေသဖြစ်တဲ့ မကွေးမှာ တည်ဆောက်ခဲ့ရတဲ့ အကြောင်းအရင်းဟာ သမိုင်းကြောင်းအရ ပြန်ကြည့်ရင် အလယ်ပိုင်းဒေသဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို အပြည့်အဝခံခဲ့ရတဲ့ အရပ်ဒေသဖြစ်ပြီး ကျန်တဲ့ တိုင်းရင်းသားနယ်မြေတွေက အချိန်မရွေးစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်နိုင်ခြေများတာကြောင့် သူတို့အတွက် စိတ်ချရတဲ့ အရပ်ဒေသတွေမှာသာ တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။

“ကပစ စက်ရုံတွေက ပြည်နယ်တွေမှာ လုံးဝမရှိပါဘူး၊ သူတို့က လုံခြုံရေးအရရယ်… စစ်မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ နေရာတွေကို ရွေးချယ်ပြီးဆောက်ထားတာပါ၊ မြန်မာပြည်ကြီး ခွဲထွက်သွားတာမျိုး ဖြစ်ရင်တောင် ပြည်နယ်တွေဘက်ကို ပါမသွားအောင်လို့ ပြည်မတွေမှာပဲ ဆောက်လုပ်ထားတယ်လို့ ပြောလို့ရပါတယ်” လို့ ကပစ စက်ရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ပဲခူးတိုင်းထဲမှ ကပစစက်ရုံများ

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေက သဘာဝအတားအဆီးဖြစ်တဲ့ ဧရာဝတီမြစ်နဲ့ ရခိုင်ရိုးမကို အကာအကွယ်ယူပြီး ကပစစက်ရုံတွေ တည်ဆောက်ထားခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ပေါ်ပေါက်လာသလို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်မှာလည်း မမျှော်လင့်ထားတဲ့ အလယ်ပိုင်းဒေသတွေမှာပါ တော်လှန်ရေးတပ်ဖွဲ့ များစွာ ထွက်ပေါ်လာတာက စစ်ကောင်စီအတွက်တော့ ရင်တမမ ဖြစ်စရာပါပဲ။

“သူတို့က လုံးဝ စစ်မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ နေရာတွေမှာ ကပစတွေက တည်ထားတာ၊ အဲ့ဒါကြောင့် တချို့ ကပစစက်ရုံတွေက ထီးထီးကြီးပေါ့ … ဘေးနံမှာ တပ်မရှိနေဘူး၊ သူတို့လုံခြုံရေးကို သူတို့ကိုယ်တိုင် ပြန်ယူနေရတယ်၊ တိုက်ခိုက်ခံရမှုတွေမှာလည်း အသေအဆုံးတွေက တော်တော်များတယ်လို့ သိရပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က အခြေအနေတွေကို ရှင်းပြပါတယ်။

ကပစ စက်ရုံတွေကို တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် အရာရှိတွေက ကြီးကြပ်ကွပ်ကဲရတာ ဖြစ်ပြီး စက်ရုံတစ်ရုံမှာဆိုရင် အရာရှိ စစ်သည်အင်အား အနည်းဆုံး ၄၀၀၊ အများဆုံး ၉၀၀ လောက်ရှိကာ စစ်သမီးအပါအဝင် စစ်တပ်မိသားစုဝင်တွေကို ပြန်ခန့်ထားတဲ့ အရပ်သားဝန်ထမ်း ၄၀၀ကျော်လောက်က စက်ရုံတိုင်းမှာ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေဟာ မြို့နယ်တစ်ခုလို တည်ရှိနေပြီး စက်ရုံဝန်းအတွင်းမှာ ရဲဘော်ရွာ၊ ရဲဘော်ဟောင်းရွာ စသဖြင့် သတ်မှတ်နေရာတွေရှိတယ်လို့ ဆိုကြပါတယ်။ ဧကပေါင်း တစ်သောင်းကနေ ငါးသောင်းလောက်အထိ ကျယ်ဝန်းတဲ့ စက်ရုံတွေဖြစ်တာကြောင့် စက်ရုံတစ်ခုလုံးကို စီးနင်းတိုက်ခိုက်တာထက် စက်ရုံလည်ပတ်လို့ မရအောင် လျှပ်စစ်လိုမျိုး အဓိက အရေးပါတဲ့ စက်ယန္တရားတစ်ခုကို ရပ်တန့်လိုက်တာနဲ့တင် စစ်ကောင်စီအတွက် ဆုံးရှုံးမှုတွေ များစေမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကပစစက်ရုံက စစ်သားတွေဟာ နှစ်ရှည်လများ လက်နက်မကိုင်ရတာကြောင့် PDF တွေလောက်တောင် တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူးလို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။

“အခုက ကပစ စက်ရုံတော်တော်များများက ထုတ်လုပ်မှု လည်ပတ်နိုင်ဖို့ကိုပဲ တော်တော်လေး ရုန်းကန်နေရပါတယ်၊ ပြီးတော့ ကပစ စစ်သားဆိုတာက နှစ်ရှည်လများ သေနတ်တောင် ကိုင်ဖူးတာ မဟုတ်ဘူး၊ သင်တန်းတက်တုန်းကသာ သေနတ်ကိုင်ရတာပေါ့နော်၊ သေနတ်နဲ့ သူတို့ မရင်းနှီးကြပါဘူး၊ အခုချိန်ကျတော့မှ ဖုတ်ပူမီးတိုက် တိုက်-တိုက်-တိုက် ဆိုတော့ သူတို့က PDF တွေရဲ့ တိုက်ခိုက် စွမ်းရည်လောက်တောင် အရည်အချင်း မရှိပါဘူး” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ဇန်နဝါရီလအတွင်း   စစ်ဘက်ဆိုင်ရာစွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်လာတဲ့ အကြမ်းဖက် မင်းအောင်လှိုင်

ကပစစက်ရုံ များစွာရှိတဲ့အထဲက လက်နက်ထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းထုတ်လုပ်ရာ စက်ရုံတွေဖြစ်တဲ့ ကပစ ၆ (သံချက်စက်ရုံ)၊ ကပစ ၅ (ယမ်းချက်စက်ရုံ)၊ ကပစ ၁၃ (ဖော်ခွဲရေးအတွက် Primer – ဗုံးခွံ ထုတ်လုပ်ရာ စက်ရုံ) တွေက စစ်တပ်အတွက် အရေးကြီးဆုံး စက်ရုံတွေဖြစ်တယ်လို့ ယူဆရပြီး ဒီစက်ရုံတွေသာလုပ်ဆောင်မှု တစုံတရာ ရပ်တန့်သွားရင် ကျန်တဲ့ ကပစစက်ရုံတွေဖြစ်တဲ့ ကပစ ၇ (လက်ပစ်ဗုံး/ရေမြုပ်ဗုံးတို့ ထုတ်လုပ်ရာ စက်ရုံ) ၊ ကပစ ၁၅ (တာဝေးပစ်ဗုံးတွေ ထုတ်လုပ်ရာ စက်ရုံ)၊ ကပစ ၁၂ (60mm ၊ 81mm နဲ့ 120mm ဗုံးသီးတွေ ထုတ်လုပ်ရာ စက်ရုံ) စတဲ့ စက်ရုံတွေက ရပ်တန့်သွားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

“ကပစ စက်ရုံတွေက တစ်ခုနဲ့ တစ်ခုကို link ချိတ်ထားတာ… စက်ရုံတစ်ခုက ပစ္စည်းတစ်ခု ရပ်လိုက်တာနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ဟာတွေက အသင့်မဖြစ်တော့ပါဘူး၊ အကြမ်းဖျင်းပြောရမယ်ဆိုရင် ကျည်ဆံထုတ်တာက စက်ရုံတစ်ရုံ… အမြောက်ထုတ်တာက တစ်ရုံ၊ အဲ့တော့ အမြောက်တွေ ဘယ်လောက်ပဲ ထုတ်နေ ထုတ်နေ ကျည်ဆံရှိမှပေါ့နော်၊ ကပစ စက်ရုံတွေရဲ့ အဓိက ယမ်းရယ်၊ သံရယ်… ဒါတွေရဖို့ကလည်း လျှပ်စစ်နဲ့ ရေက အဓိကလိုတာပေါ့နော်…အဲ့ဒါတွေကို ဖြတ်တောက်နိုင်ရင်ကိုပဲ ကျနော်တို့အတွက်က သူတို့ process တစ်ခုလုံးရပ်သွားအောင် လုပ်လို့ရတယ်ဗျ၊ အခုလို ကပစ စက်ရုံတွေကို စတိုက်တာက အောင်မြင်မှုရဲ့ နိဒါန်းအစလို့ပဲ ပြောရမှာပါ” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ အခြေစိုက်တည်ဆောက်ထားတဲ့ ကပစ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကပစ အမှတ်-၂၁ စက်ရုံအတွင်းက စက်ရုံအမှတ် -၁၀၆၊ စက်ရုံအမှတ် -၁၀၉၊ စက်ရုံအမှတ် -၂၀၁ တို့ကို ထိမှန်ခဲ့ပြီး ထုတ်လုပ်ပြီးသား ဗုံးသီးတွေကို ယာယီသိုလှောင်တဲ့ Technical Store ၁ခုလည်း ပျက်စီးခဲ့ကာ အရာရှိ ၂ယောက်နဲ့ စစ်သား ၇ယောက် သေဆုံးခဲ့ကာ စစ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ယောဒေသနဲ့ ပခုက္ကူဒေသအတွင်းမှာ ကပစ ၂၁၊ ကပစ ၂၂၊ ကပစ ၂၃၊ ကပစ ၂၄၊ ကပစ ၂၅၊  ဝါဇီငွေစက္ကူစက်ရုံ (ပိုက်ဆံထုတ်စက်ရုံ) တို့တည်ရှိတဲ့အတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး ယောနယ်ဘက်ကို စိမ့်ဝင်လာမှာ စိုးတာကြောင့် စစ်ကောင်စီက အခုကတည်းက သူတို့ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ခံစစ်ပြင်ဆင်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ချင်းညီနှောင်တပ်ဖွဲ့တွေဟာ ယောနယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ချင်းတောင်ပိုင်း ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်စိုးမိုးထားတာပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း ကပစ စက်ရုံတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ကပစ ၅ နဲ့ ကပစ ၆ တို့တည်ရှိတဲ့ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့အနီးက  ရခိုင်နဲ့ ပဲခူး ထိစပ်နယ်မြေဖြစ်တဲ့ ရခိုင်ရိုးမပေါ်က မိုးထိတောင် စစ်ကောင်စီတပ်စခန်းကိုလည်း အာရက္ခတပ်တော် (AA) ကနေ သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် AA ဟာ ကပစစက်ရုံ အများအပြားတည်ရှိတဲ့ မကွေးတိုင်းထဲ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းဖြစ်တဲ့ ငဖဲမြို့၊ အမ်း-ပဒါန်းလမ်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေကြောင်းကို သတင်းထုတ်ပြန်ထားပါတယ်။

ကပစ စက်ရုံတွေက စက်ပစ္စည်းတွေဟာ အလွယ်တကူ ရွှေ့ပြောင်းလို့ မရသလို ဖျက်ဆီးပစ်လို့လည်း မရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ စက်ရုံတွေဆီ ရောက်မလာအောင် စစ်ကောင်စီက ခံစစ်ဆင်မယ့် အနေအထားရှိနေတာပါ။ စက်ရုံတွေဆီ တော်လှန်ရေးတပ်တွေ ရောက်မလာခင် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြိုတင်ချေမှုန်းနိုင်အောင် ကြိုးပမ်းလာမယ့် အလားအလာရှိနေပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာက စစ်လက်နက်တွေကို ဝယ်ယူအသုံးပြုမှုတွေ ရှိနေပေမယ့် ကပစ စက်ရုံတွေက ထုတ်လုပ်တဲ့ လူသတ်လက်နက်တွေကို ၉၀ ရာခိုင်နှုန်းနီးပါး မှီခိုနေရတာပါ။ အခုလို ကပစ စက်ရုံတွေအနားထိ တော်လှန်ရေးတပ်တွေ ရောက်ရှိလာသလို ကပစ စက်ရုံတွေရဲ့ ယန္တရား ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်နေတာဟာ စစ်ကောင်စီအတွက်တော့ အကြီးအကျယ် ဆုံးရှုံးမှုများမယ့် အခင်းအကျင်းဆီကို တဖြေးဖြေးနဲ့ ဆောင်ကျဉ်းလာနေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

“ပြန်ကောင်းခဲ့ရင် လက်နက်ကိုင်ပြီးတော့ တောထဲပြန်ဝင်မှာ” ရဲဘော် နေလင်း

တိုင်းပြည်တစ်ခုရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေတိုင်းမှာ လူငယ်တွေဟာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ခေတ်အဆက်ဆက် ဒီလိုပဲ လူငယ်တွေဟာ ရှေ့တန်းက ပါဝင်နေခဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။
Read More

ပဋိပက္ခပြင်းထန်တဲ့ ရခိုင်မှာ လူ ၂ သန်းကျော် အငတ်ဘေးဆိုက်နိုင်ကြောင်း UNDP သတိပေး

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာသစ်မှာ သတိပေးထားပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ တစ်လအတွင်း လူငယ်လူရွယ် ၇၀၀ ကျော် အဓမ္မဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းအကျုံးဝင်သူတွေအပြင် မြို့ပြတော်လှန်ရေးသမားတွေလည်းပါဝင်

ဇန်နဝါရီလအတွင်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီး ၂ခုမှာ လူငယ်ပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရပြီးစစ်မှုထမ်းပေါ်တာဆွဲမှုအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။