တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ထဲက စုစုပေါင်း လေဆိပ် ၄ခုကို သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၇ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က  ဗန်းမော်လေဆိပ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ထဲမှာ စုစုပေါင်း လေဆိပ် ၄ ခု အထိ ပိုင်ဆိုင်ထားနိုင်ခဲ့တာပါ။ 

လက်ရှိမှာ အမ်းနဲ့ ငပလီလေဆိပ်တို့ကို  အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး လားရှိုးလေဆိပ်ကိုတော့ ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါကြောင့်  အခုရက်ပိုင်းအတွင်း စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ ဗန်းမော်လေဆိပ်ဟာ ၄ ခုမြောက် ဆုံးရှုံးမှု ဖြစ်ပါတယ်။

ဗန်းမော်လေဆိပ်ဟာ ခရီးသည်တွေအတွက် ပုံမှန်အသုံးပြုနေတဲ့ လေဆိပ်ဖြစ်သလို စစ်ကောင်စီတပ်အနေနဲ့ စစ်ရေးအတွက် အသုံးပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လေဆိပ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်အချို့ (ဓာတ်ပုံ လူမှုကွန်ရက်)

ပြီးခဲ့တဲ့  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်၊ KIA ရဲ့ ထိုးစစ်စတင်တဲ့ နောက်ပိုင်းမှာ ဗန်းမော်လေဆိပ်ကို ခရီးသည်တွေအတွက် အသုံးမပြုတော့ဘဲ ရပ်နားထားခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပထမဆုံးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ လေဆိပ်ကတော့ ရခိုင်ပြည်နယ် သံတွဲမြို့က ငပလီလေဆိပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေဆိပ်အတွင်း အကြီးအကျယ် ခံစစ်ပြင်ဆင်ခဲ့ပေမယ့် ထိခိုက်ကျဆုံးမှုများစွာနဲ့  လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။

သံတွဲမြို့ လေဆိပ်ဟာ သမိုင်းတစ်လျှောက်  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်နိုင်တဲ့ ပထမဆုံးသော လေဆိပ်ဖြစ်လာပြီး စစ်ကောင်စီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့က  လေဆိပ်ကိုလည်း AA က ရက်ပေါင်းများစွာ အချိန်ပေး တိုက်ခိုက်ကာ ရရှိခဲ့တာ ဖြစ်ပါတယ်။

MNDAA ကတော့ လားရှိုးလေဆိပ်ကို ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ ဗန်းမော်လေဆိပ်ကိုလည်း KIA က တစ်လနီးပါးလောက် အချိန်ပေးတိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ လေဆိပ်အများစုမှာ စစ်ကောင်စီက တိုက်ပွဲနီးကပ်လာချိန် ပုဂ္ဂလိကလေကြောင်းလိုင်းတွေကို ရပ်နားပြီး စစ်ရေးအတွက် အဓိက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထောက်ပို့အဖြစ် အသုံးပြုခဲ့တဲ့ လေယာဉ်ကွင်းတွေကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်လိုက်ရချိန်မှာ လေကြောင်း ထောက်ပို့အတွက် ရဟတ်ယာဉ်ကိုသာ ပြောင်းလဲအသုံးပြုခဲ့ရပါတယ်။

ရခိုင်ပြည်နယ်ကို မြေပြင်ကနေ စစ်ကူပို့စဉ်  စစ်ကြောင်းလိုက် ကြားဖြတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေမှာလည်း လေကြောင်းက ပို့ဆောင်နိုင်ခြင်းမရှိခဲ့တာကြောင့် AA က မြို့သိမ်းတိုက်ပွဲတွေမှာ အသာရခဲ့တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ  ထိန်းသိမ်းထားတဲ့ လေဆိပ်တွေမှာတော့ လေယာဉ်ခရီးစဉ်တွေအားလုံး ရပ်နားထားပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြန်လည်ညှိုနှိုင်းမှုတွေ အဆင်ပြေနိုင်မှသာ လေကြောင်းခရီးစဉ်တွေ ပျံသန်းနိုင်တော့မှာ ဖြစ်ပါတယ်။

လာရှိူးကို MNDAA သိမ်းပိုက်ပြီးနောက် လာရှိူးလေဆိပ်မှာ ကင်းစောင့်နေတဲ့ MNDAA ရဲဘော် (ဓာတ်ပုံ The Kokang)
0 Shares:
You May Also Like
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးက ရလာတဲ့ စစ်ရေးအတွေ့အကြုံတွေနဲ့ လက်နက်တွေကြောင့် ဝက်လက်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်နိုင်ခဲ့တဲ့ ရွှေဘိုခရိုင် တပ်ရင်းများ

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဗိုလ်ကြီး ၃ယောက်ဦးစီးတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ​က တစ်ရက်တည်း အပြတ်သတ်ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။