မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ၉ လအတွင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ရေဆင်းတက္ကသိုလ်ထံကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါတယ်။ 

DSA ကျောင်းကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၁နှစ်ကို ၁ခါ မဖြစ်မနေ ကျောင်းဆင်းပွဲတွေကို တက်ရောက်နေရပြီး သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် အခုလို ပြောင်းရွှေ့တာကို လုပ်ဆောင်နေတာဖြစ်မယ်လို့ နိုင်ငံရေးလေ့လာသူတချို့ကလည်း ဝေဖန်သုံးသပ်ကြပါတယ်။ 

အခုလို စစ်တက္ကသိုလ်ရွှေ့ပြောင်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ အခုလို သတင်းထွက်ပေါ်နေမှုကို အတည်မပြုနိုင်သေးပေမယ့် ဖြစ်နိုင်ခြေနည်းတယ်လို့ မောင်းကို ပြောပါတယ်။  

“ပြောင်းရွှေ့တာက ဖြစ်နိုင်ချေတော့ နည်းတဲ့ဘက်မှာရှိတယ်၊ စစ်ပညာသင်တဲ့ နေရာမှာ လောကဓာတ်ပညာလို့ခေါ်တဲ့ အရပ်ဘက်ဆိုင်ရာ ပညာရပ်တွေကို သင်ရသလို လေ့ကျင့်ရေးလို့ ခေါ်တဲ့ စစ်နည်းဗျူဟာတွေကိုလည်း တပ်စုအဆင့်အထိ သင်ကြားရပါတယ်၊ အဲ့တော့ ၉လအတွင်းမှာ စစ်တက္ကသိုလ်တစ်ခု လေ့ကျင့်ကွင်းတွေ ဆောက်နိုင်ဖို့ဆိုတာ လွယ်မလားပေါ့” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ် ၆၆ သင်တန်းဆင်းပွဲမှာ မိန့်ခွန်းပြောနေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်

ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကျောင်းတွေအပြင် အရာရှိတွေပဲ တက်ရောက်ရတဲ့ ဆက်သွယ်ရေး၊ လျှပ်စစ်နဲ့စစ်ပညာသင်ကျောင်းတွေလည်း ရှိသေးတာကြောင့် ကျောင်းတွေအားလုံးကို တပါတည်းပြောင်းရွှေ့ဖို့က မလွယ်ကူဘူးလို့ ဆိုပါတယ်။ 

ဒါပေမယ့် ဖြစ်နိုင်တဲ့ဘက်ကနေ ပြန်လည်တွက်ချက်ကြည့်ရင်တော့ အာဏာမသိမ်းခင်ကာလတုန်းက စစ်တက္ကသိုလ်မှာ အပတ်စဉ်တစ်ခုကို အယောက် ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တက်ရောက်တဲ့သူ အလွန်နည်းပါးနေတဲ့ အချက်ကို ထည့်သွင်းစဉ်းစားကြည့်ရင်တော့ ကျောင်းရွှေ့ပြောင်းတာက ဖြစ်နိုင်ခြေ အနည်းငယ်ရှိတယ်လို့ ရှင်းပြပါတယ်။  

မင်းအောင်လှိုင်ရဲ့ လုံခြုံရေးကြောင့် ကျောင်းတွေ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ ဝေဖန်သံတွေအပါ်မှာလည်း CDM ဗိုလ်ကြီးဇင်ယော်က “မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတာကြောင့် ကျောင်းဆင်းပွဲကို ၁ နှစ် ၁ ခါတော့ မဖြစ်မနေကို သွားရတယ်၊ တကယ်လို့ ရွှေ့တယ်ဆိုရင်တော့ သူ့လုံခြုံရေးကို ကြောက်လို့ပဲ ရွှေ့ရတာဖြစ်မယ်လို့ ထင်ပါတယ်၊ ကျောင်းဆင်းပွဲ သွားမယ်ဆိုလည်း နေပြည်တော် စစ်ရုံးကနေ ရေဆင်းဆိုတာက နီးနီးနားနားပဲလေ” လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း မင်းအောင်လှိုင်ရောက်ရှိနေတဲ့ DSA ကျောင်းကို MDY-PDF က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တဲ့အတွက် လုံခြုံရေးအခြေအနေကြောင့် ပြောင်းရွှေ့တာဟာ အဖြစ်နိုင်ဆုံးပဲလို့ ဆိုပါတယ်။ 

တကယ်လို့ စစ်တက္ကသိုလ်တွေဟာ ရေဆင်းကို ရွှေ့ပြီးရင်တောင်မှ နိုင်ငံတော်ကို ပြန်အပ်မှာ မဟုတ်ဘဲ တပ်ပိုင်မြေတွေအဖြစ် ကျန်ရှိနေမှာဖြစ်ကာ နောင်တချိန်မှာ ထုခွဲရောင်းချတာတွေ လုပ်မယ့်အစီအစဉ်မျိုးလည်း စစ်တပ်က စဉ်းစားနေပုံရပါတယ်။ 

အဲဒီအပေါ်မှာလည်း ဗိုလ်ကြီးဇင်ယော်က “တပ်ပိုင်မြေကနေ နိုင်ငံတော်ပိုင် ပြန်အပ်တယ်ဆိုတာမျိုးကို ကျနော်တော့ တစ်ခါမှကို မကြားဖူးပါဘူး၊ တပ်ရွှေ့ပြောင်းသွားလို့ ပြည်သူပိုင်ပြန်အပ်တယ်ဆိုတာ တစ်ခါမှကို မရှိခဲ့ဖူးပါဘူး” လို့ ပြောပြပါတယ်။

နဂိုရှိနေတဲ့ နေပြည်တော်က ရေဆင်းတက္ကသိုလ်တွေဖြစ်တဲ့ မွေး/ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်တို့ကို ဧရာဝတီတိုင်း၊ မအူပင်နဲ့ ဟင်္သာတမြို့တွေမှာ  ပြောင်းလဲဖွင့်လှစ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာလည်း “ဧရာဝတီတိုင်းက အခုချိန်မှာ ကွဲတော့မယ့် ဗုံးတစ်လုံးလိုပါပဲ၊ စစ်မက်ပြင်းထန်မယ့် ကာလကို ရောက်တော့မှာပါ၊ ဗိုလ်လောင်းတွေ ဆိုတာကတော့ ဘာပဲပြောပြာ အခြေခံ စစ်ပညာကတော့ တက်မြောက်ပြီးသားတွေပါ၊ ပြင်ဦးလွင်မှာက ခံစစ်ပြင်မယ်ဆိုရင်တော့ ဒီလူတွေက ခံစစ်အတွက်အားပါ… မလုံမခြုံဖြစ်နေတဲ့ဘက်ကို အရပ်သားတွေကို ပြောင်းရွှေ့မယ်ဆိုတာက အဆင်ပြေပါ့မလားလို့ပေါ့နော်… အတည်တော့ ပြုလို့ မရသေးပါဘူး” လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်တပ်က တဖက်လှည့်နဲ့ သတင်းအမှားတွေ ပြန်ပေးနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

နေပြည်တော် ဇေယျာသီရိမြို့နယ်ဟာ စစ်ရုံးချုပ်တည်ရှိပြီး စစ်ခေါင်းဆောင်များ နေထိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ 

ပြင်ဦးလွင်က စစ်တက္ကသိုလ်ဟာ စစ်ပညာနဲ့ တက္ကသိုလ်ပညာရေးကို ပူးတွဲသင်ကြားပေးတဲ့ တက္ကသိုလ်ဖြစ်ပြီး စစ်ဗိုလ်အရှာရှိများစွာကို မွေးထုတ်ပေးနေတဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သလို အထက်အောက် အနိုင်ကျင့်မှုတွေကြောင့် လူသေဆုံးမှုတွေပါ ဖြစ်ပွားခဲ့တဲ့ မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရုရှား၏ နျူကလီးယား သံတမန်ရေး- ယူကရိန်းရှိ နျူကလီးယားစက်ရုံကို သိမ်းပိုက်ရာမှသည် မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီသည်အထိ …. အရှေ့တောင်အာရှဒေသအတွင်း ရုရှ၏ နျူကလီးယား ရည်မှန်းချက်များသည် မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွက် စိုးရိမ်ဖွယ်ရာ အချက်ပြချက် ဖြစ်သင့် …

ဒီနှစ် မတ်လက မော်စကိုဆွေးနွေးပွဲတွေအပြီးမှာတော့ ပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ မြန်မာနိုင်ငံမှာ အရွယ်အစား အသင့်အတင့်ရှိတဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးအဆောက်အအုံတခု တည်ဆောက်ဖို့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် တလအလိုမှာလည်း မြန်မာ့အက်ဒမန်ကမ်းရိုးတန်းက အငြင်းပွားဖွယ် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းတခုနဲ့ ရေနံသန့်စင်စက်ရုံ တည်ဆောက်ဖို့ ကြီးမားတဲ့ သဘောတူညီချက်တခုကိုလည်း နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့ကြပါသေးတာပါ။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

လိင်ငရဲခန်းမှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားတစ်ဦး

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။