ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။

 အချိန်ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၀နာရီခွဲလောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံး ဘ၀အတွက် လုံး၀မေ့မရတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ 

ဒါဟာ ဒုတိယကမ္ဘာစစ်က  နာဇီချွေးတပ်စခန်းကနေစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ ဂျာမနီနိုင်ငံသားတွေ ထွက်ပြေးလွတ်မြောက်လာတဲ့ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ 

၂၁ ရာစုမှာ မြန်မာပြည်က မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ မတရားစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ ကော့သောင်းမြို့သား ကိုအောင်မျိုးကျော်နဲ့ ကိုစန်းထွန်းအောင်တို့နှစ်ယောက် ကိုယ်တွေ့ကြုံခဲ့ရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မြေပုံ အစွန်းပိုင်းရဲ့ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုမှာ ကင်းတာဝန်ကျတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ဖြစ်တဲ့ ကိုအောင်မျိုးကျော်နဲ့ ကိုစန်းထွန်းအောင်တို့ဟာ သူတို့ရဲ့ ဘ၀အလှည့်အပြောင်းတစ်ခုအတွက် စတင်လိုက်တာပါ။

ကိုစန်းထွန်းအောင် (ပ-ပုံ) နှင့် ကိုအောင်မျိုးကျော် (ဒု-ပုံ)

စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ ကိုအောင်မျိုးကျော်နဲ့ ကိုစန်းထွန်းအောင်တို့ဟာ ပိန်းပိန်းမှောင်နေတဲ့ ညအမှောင်ထုကို ဖြတ်သန်းပြီး စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကနေ ညလုံးပေါက် ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

“တစ်ညလုံး ပြေးလာလိုက်တာ ဘယ်ရောက်လို့ရောက်မှန်းကို မသိတာ လမ်းတွေလည်းမှားနဲ့ ဒီဘက်ကသူတွေ (တော်လှန်ရေးတပ်ဖွဲ့) နဲ့တွေ့တော့မှရင်အေးရတယ် “လို့ ကိုစန်းထွန်းအောင်က သူ့ရဲ့ စွန်းစားခန်းကို ကော့သောင်းဇာတိလေသံဝဲဝဲနဲ့ ပြောပြပါတယ်။

ကော့သောင်းသားနှစ်ယောက်ဖြစ်တဲ့ ကိုအောင်မျိုးကျော်နဲ့ ကိုစန်းထွန်းအောင်တို့ဟာ စစ်ကောင်စီလက်ကနေ လွတ်မြောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာတော့ အချိန်အခါကောင်းကိုစောင့်ရင်း လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ 

 တကယ်တော့ ကိုအောင်မျိုးကျော်နဲ့ ကိုစန်းထွန်းအောင်တို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း ထိုင်းလ၀က ရဲ့ ဖမ်းဆီးခံရမှုကြောင့် မြန်မာပြည်ကို ပြန်ပို့ခံရစဉ် စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းခံရသူတွေဖြစ်ပါတယ်။

 “ကျနော်တို့လို တပ်ထဲမှာ ထွက်ပြေးချင်တဲ့သူတွေအများကြီးပဲ၊ ဒါပေမယ့် အများစုက ကြောက်ကြတယ် “လို့ ကိုစန်းထွန်းအောင်က တပ်ထဲမှာ ကျန်ခဲ့တဲ့ သူတို့လို မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေကို သတိတရ ပြောဆိုပါတယ်။

မြန်မာပြည်နဲ့ နယ်စပ်မျဉ်းသာခြားပြီး ထိုင်းနိုင်ငံမှာ အသက် (၁၄) နှစ်အရွယ်လောက်ကတည်းက ဆောက်လုပ်ရေး လုပ်သားတွေအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်ဟာ ကံဆိုးစွာနဲ့ မြန်မာစစ်တပ်ရဲ့ ဓားစာခံဖြစ်ခဲ့ရပါတယ်။

 တရားမဝင်လုပ်သားတွေအဖြစ် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာပြည်ကို ပို့ဆောင်စဉ် သူတို့လို လူငယ်လူရွယ် ၁၂၀လောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ကနဦးမှာတော့ သူတို့ကို အိမ်ပြန်ပို့မယ်လို့ စစ်ကောင်စီ လ၀က ဝန်ထမ်းတွေက လိမ်လည်ပြောဆိုခဲ့တာပါ။

မကြာခင်မှာပဲ တိုင်းပြည်ကို ဗိုလ်ကျသောင်းကျန်းနေတဲ့ စစ်ယူနီဖောင်းဝတ် ရာထူးကြီးကြီးထဲက ၃ယောက်လောက် သူတို့ဆီ ရောက်ရှိလာပြီး  ခံဝန်လက်မှတ်တွေရေးထိုးကာ ပြန်လွှတ်ပေးမယ်လို့ ပြောကြားမှုကြောင့် စိတ်အေးခဲ့ရပါတယ်။

 ကံဆိုးစွာနဲ့ပဲ သူတို့ အိမ်ပြန်ရမယ်ဆိုတာဟာ လိမ်လည်ခံလိုက်ရကြောင်း ရက်ပိုင်းအကြာမှ သိရှိခဲ့ရပြီး  အကျဉ်းထောင်တွေနဲ့ ပုံစံတူတဲ့ ၁၀ပေပတ်လည် ဘားတိုက်ထဲမှာသာ လှောင်ပိတ်စွာနေထိုင်ခဲ့ရပါတယ်။ 

 “ကျနော်တို့ကို စစ်ကားနဲ့ လာခေါ်သွားကတည်းက စစ်မှုထမ်းရမယ်ဆိုတာ သိလိုက်ပြီ။ ဟိုရောက်တော့လည်း နေရထိုင်ရတာက ထောင်ထဲမှာလိုပဲ အစားအသောက်ကအစ ငါးအပုတ်တွေနဲ့ ကျွေးတယ် “လို့ ကော့သောင်းသားနှစ်ယောက်က ဆိုပါတယ်။

 ငယ်စဉ်ကတည်းက ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ခက်ခက်ခဲခဲ ရှာဖွေစားသောက်ခဲ့ရတဲ့ သူတို့နှစ်ယောက်ကို အမိမြေက စစ်မှုထမ်းဥပဒေဆိုတာကြီးနဲ့ ပက်ပက်စက်စက် ကြိုဆိုလိုက်တာပါပဲ။

 ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ဟာ စစ်မှုထမ်းသင်တန်းအပတ်စဥ် (၅) အဖြစ် တနင်္သာရီတိုင်း၊ ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှာ ၃လသင်တန်း တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

 နှစ်ယောက်စလုံးဟာ ‘တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင် အဖ’ ဆိုတဲ့ ဝါဒဖြန့် ဆိုင်းဘုတ်တွေကြားမှာ  ၃ လတာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့အတူ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။

သင်တန်းဆင်းပြီးလို့ မကြာခင်မှာပဲ အရပ်သားပိုင် ကုန်တင်သင်္ဘောတစ်စီးရဲ့ ဝမ်းဗိုက်ထဲမှာ စစ်ဆင်ရေးတွေအတွက် တာဝန်ထမ်းဆောင်ရမယ့် ဘယ်ဆီဘယ်ဝယ်မသိတဲ့ ခရီးကိုပင်လယ်ထဲကနေ သွားခဲ့ရပြန်ပါတယ်။

 ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ဟာ မော်လမြိုင်၊ သံဖြူဇရပ်မြို့တွေမှာ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ရပြီး နောက်ဆုံးမှာတော့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ခမရ ၅၅၉ ကနေ လွတ်မြောက်ခဲ့ကြပြီဖြစ်ပါတယ်။

 သူတို့နှစ်ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါနတပ်ရင်းက လက်ရှိမှာ ကောင်းမွန်စွာ လက်ခံထိန်းသိမ်း စောင့်ရှောက်ထားပြီး လက်နက်ခဲယမ်းတွေနဲ့ အတူဝင်ရောက်လာတာကြောင့် ဆုငွေတွေပါ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

 ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်စလုံးဟာ  တချိန်က ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်သား၊ အဲဒီကနောက်မှာ မတရားစုဆောင်းခံရတဲ့ စစ်ကောင်စီ တပ်သားဘ၀တွေနဲ့ အခုအခါမှာတော့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့ PDF တပ်ဖွဲ့ဝင်တွေအဖြစ် ပြောင်းလဲသွားပြီဖြစ်ပါတယ်။

 တော်လှန်ရေးတပ်ဖွဲ့တွေကလည်း သူတို့နှစ်ယောက်လို မတရားစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးပူးပေါင်းခိုလှုံဖို့ တောင်းဆိုတိုက်တွန်းမှုတွေ ဆက်တိုက်ပြောဆိုလျက်ရှိပါတယ်။

 “အဓိကကတော့ အဆက်အသွယ်ပေါ့နော်။ သူတို့ဘက်ကတစ်နေရာကိုလာ။ ကျန်နော်တို့ကတစ်နေရာလာ ဒါက သိပ်အခက်အခဲတော့ မရှိပါဘူး။ အဓိကကတော့ ပြည်သူဘက်ကို ပူးပေါင်းချင်စိတ်ရှိဖို့ပါပဲ “ လို့ ဒေါနတပ်ရင်း၊ တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။

 လက်ရှိမှာ ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့လို စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးစုဆောင်းခံရသူ အမြောက်အမြား စစ်ကောင်စီလက်ထဲမှာ ရောက်ရှိနေပြီး ပုံစံအမျိုးမျိုးနဲ့ လွတ်မြောက်ဖို့ ကြိုးစားနေကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။
Read More

ပင်လည်ဘူးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းကို သိမ်းယူနိုင်ဖို့ လမ်းစလား

၂၀၂၂ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အခုနှစ်အောက်တိုဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ကြိုတင်အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်နိုင်ခဲ့၊ ဒီစခန်းသိမ်းပွဲဟာ ချိုမြိန်တဲ့ လက်စားချေမှု ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ပြော

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ စခန်းကို အောင်နိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ လက်စားချေမှုတစ်ခုဖြစ်တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ တစ်လအတွင်း လူငယ်လူရွယ် ၇၀၀ ကျော် အဓမ္မဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းအကျုံးဝင်သူတွေအပြင် မြို့ပြတော်လှန်ရေးသမားတွေလည်းပါဝင်

ဇန်နဝါရီလအတွင်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီး ၂ခုမှာ လူငယ်ပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရပြီးစစ်မှုထမ်းပေါ်တာဆွဲမှုအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။