ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုတဲ့ ဖျော်ဖြေရေးလုပ်ငန်းများဥပဒေမူကြမ်းဟာ အစိုးရရဲ့မူဝါဒနဲ့အညီ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပတွန်တန် ရှင်နာဝပ်ထရာက ပြောပါတယ်။

အစိုးရရဲ့ ဥပဒေအကြံပေးအဖွဲ့(CoS) က အဆိုပါဥပဒေကြမ်းကို ဆန့်ကျင်ခြင်းမရှိပေမယ့် ထိုင်းရဲ့ ခရီးသွားကဏ္ဍမူဝါဒနဲ့အညီ ပြင်ဆင်မှုတချို့ကို လုပ်ဖို့ အကြံပြုခဲ့ကြောင်း၊ ဥပဒေကြမ်းကို CoS က ထပ်မံစစ်ဆေးဖို့ မလိုဘဲ လွှတ်တော်ကို တင်ပြသွားမှာဖြစ်ကြောင်း ပတွန်တန်က ပြောပါတယ်။

ကာစီနိုလုပ်ငန်းတွေ ထူထောင်ပြီးနောက်ပိုင်း စင်္ကာပူရဲ့ ခရီးသွားကဏ္ဍ အားကောင်းလာတာကို သတိပြုမိတာကြောင့် ဒီနှစ်မတိုင်ခင်မှာ ဥပဒေကြမ်းအတည်ပြုနိင်ရေး အစိုးရအနေနဲ့ အစွမ်းကုန် တွန်းတိုက်ဆောင်ရွက်သွားမယ်လို့ သူမက ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို မနေ့က ကတ်ဘိနက်အစည်းအဝေးမစတင်ခင် တွေ့ရစဉ် (ဓာတ်ပုံ The Nation)

ကာစီနိုလုပ်ငန်းနဲ့ ရာဇ၀တ်မှုတွေအကြား ဆက်စပ်မှုနဲ့ပတ်သက်ပြီးတင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ လောင်းကစားကို တရားဝင်လုပ်ခွင့်ပေးရင် ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်စေပြီး နိုင်ငံဘဏ္ဍာအဖြစ် ဝင်ငွေပိုရစေမယ်လို့ သူမက ဆိုပါတယ်။

“ပွင့်လင်းမြင်သာမှု ရှိနိုင်ရင် နိုင်ငံအတွက် အကျိုးရှိမယ်။ ဒီကိစ္စက ဒီမှာ အတော်လေး အသစ်ဖြစ်နေသေးတာမို့ သေချာလေး ရှင်းပြဖို့လိုတယ်။ လူတွေအားလုံး ဒီကိစ္စကို ခြုံငုံပြီးသိနိုင်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အသေးစိတ် ကိုင်တွယ် ဖြေရှင်းသွားမှာပါ” လို့ ပတွန်တန်က ပြောပါတယ်။

ကုန်တိုက်တွေ၊ ဟိုတယ်တွေ၊ အားကစားကွင်းတွေနဲ့ အပန်းဖြေကစားကွင်းတွေအပါအဝင် (ကာစီနိုနဲ့) ပေါင်းစပ်နိုင်တဲ့ အဆောက်အအုံတွေအတွက် မူဘောင်ကို ပြဌာန်းထားတဲ့ ဥပဒေကြမ်းဟာ လူလုပ်ခရီးသွားနေရာတွေ ဖန်တီးဖို့ဆိုတဲ့ အစိုးရမူဝါဒနဲ့ ကိုက်ညီကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး Julapun Amornvivat က ပြောပါတယ်။

အဲဒီလိုလုပ်ငန်းတွေဟာ ကမ္ဘာတဝှမ်း အောင်မြင်နေပြီး နိုင်ငံခြားခရီးသွားကဏ္ဍနဲ့ နိုင်ငံခြားငွေရရှိမှုကို မြှင့်တင်နိုင်မယ့်အပြင် အလုပ်အကိုင်တွေလည်း တိုးစေမယ်လို့ သူကဆိုပါတယ်။

လွှတ်တော်ကို အဆိုမတင်ခင် ဒီဥပဒေကြမ်းဟာ အစိုးရမူဝါဒကို ထင်ဟပ်ကြောင်း သေချာစေဖို့ CoS က နောက်နှစ်လအတွင်း ပြန်လည်သုံးသပ်မှာဖြစ်ကြောင်း Mr Julapun က ပြောပါတယ်။

CoS ရဲ့ အထွေထွေအတွင်းရေးမှူး Pakorn Nilprapunt ကတော့ သူတို့အနေနဲ့ ဥပဒေကြမ်းကို ဆန့်ကျင်ခြင်းမရှိပေမယ့် ပိုမိုကျယ်ပြန့်တဲ့ အစိုးရရဲ့ ရည်မှန်းချက်တွေနဲ့ ချိန်ညှိကာ ပြန်လည်ပြင်ဆင်ဖို့ အကြံပြုထားပြီး ကာစီနို-ဖျော်ဖြေရေးပရောဂျက်တွေဟာ အခြားဥပဒေအောက်ကနေ ထိန်းညှိထားတဲ့ တရားမဝင်လောင်းကစားတွေကို တိုက်ရိုက်ဖြေရှင်းဖို့ မရည်ရွယ်ကြောင်း ထောက်ပြပါတယ်။

(ဓာတ်ပုံ The Nation)

အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (NESDC) ရဲ့ အဆိုအရ လောင်းကစားဝင်ငွေဟာ ထုတ်လုပ်မှုကို အထောက်အကူမပြုတာကြောင့် စီးပွားရေးအကျိုးအမြတ်ကို မျှော်မှန်းချက်ထက်ပိုနည်းစေနိုင်ကြောင်း၊ ကာစီနိုလုပ်ငန်းတွေဟာ လူမှုရေးအရ ဆိုးကျိုးတချို့ရှိနိုင်တာကြောင့် ဘဏ္ဍာရေးဌာနအနေနဲ့ စေ့စေ့စပ်စပ်လေ့လာပြီး ကဏ္ဍအသီးသီးက အကြံဉာဏ်တွေကို စုဆောင်းဖို့လိုကြောင်း၊ စီးပွားရေးတိုးတက်ဖို့ တွန်းအားပေးဖို့ဆိုရင် လူမှုရေးအရ ဂယက်ရိုက်ခတ်မှုနည်းတဲ့ အခြားရွေးချယ်စရာတွေ ရှာဖွေသင့်ကြောင်း အစိုးရကို အကြံပြုထားပါတယ်။

လောင်းကစားဆန့်ကျင်ရေး စည်းရုံးရေးအဖွဲ့တွေရဲ့ ကွန်ရက်တစ်ခုကလည်း တနင်္လာနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကလေးတွေနဲ့ မိသားစုတွေအပေါ် သက်ရောက်မှုတွေကို ချိန်ဆဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

Stop Gambling Foundation ကလည်း ဥပဒေကြမ်းရဲ့ အသေးစိတ်အချက်အလက်တွေအရ ကနဦး စင်္ကာပူမော်ဒယ်နဲ့ “သိသိသာသာကွဲပြား” နေကြောင်း ပြီးခဲ့တဲ့လက ဝေဖန်ခဲ့ပါတယ်။

ဖောင်ဒေးရှင်းရဲ့အဆိုအရ အဆိုပါဥပဒေမူကြမ်းပါ ဖျော်ဖြေရေးလုပ်ငန်းအမျိုးအစားဆိုတဲ့အထဲ ဇိမ်ခံဟိုတယ်တွေနဲ့ စျေးဝယ်စင်တာတွေအထိ အဆင့်လျှော့ချပေးဖို့ ကနဦး ပြောဆိုထားချက်ကနေ ကာစီနိုလောင်းကစားရုံတွေဘက်ကို လုံးဝ ဦးလှည့်သွားတာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း – Cabinet approves draft law to legalise casinos and gambling

 

0 Shares:
You May Also Like
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။
Read More

တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ ထောင်ကျော်ထိ ရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။