နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် နစ်နာသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အပြင်းအထန် ခံခဲ့ရပြီး မိသားစုဝင်တွေဟာလည်း မတန်တဆ ပြန်ပေးငွေတွေ တောင်းခံခြင်း ခံနေရကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၊ မြဝတီမြို့ရဲ့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ လူကုန်ကူးရာမှာ အဓိကကျတဲ့ အကူးအပြောင်းနေရာဖြစ်ပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေက မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ကရင််နယ်ခြားစောင့်တပ််- BGF/ DKBA တို့လို လက်နက်ကိုင်အဖွဲ့တွေနဲ့ အကူအညီတွေနဲ့ အဲဒီနေရာမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက စစ်ခေါင်းဆောင်က ပေးသည့် သီရိပျံချီဘွဲ့ကို ဗိုလ်မှူးကြီးစောချစ်သူ နေပြည်တော်တွင် လက်ခံရယူစဉ် (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

နစ်နာသူအတော်များများဟာ လစာကောင်းတဲ့အလုပ်ပေးမယ်ဆိုပြီး ထိုင်းကိုလာဖို့ လိမ်လည်ခံခဲ့ရတာဖြစ်ပြီး မြန်မာပြည်ကို လူကုန်ကူးခံခဲ့ရတာဖြစ်ကြောင်း၊ မိသားစုတွေကို ပြောဆိုချက်အရ နစ်နာသူတွေဟာ လျှပ်တိုက်ခံရတာ၊ သတ်မယ် .. ကိုယ်အင်္ဂါတွေ ရောင်းစားမယ်..လို့ ခြိမ်းခြောက်ခံရတာတွေအပါအဝင် ထပ်တလဲလဲ ညှင်းပန်းခံနေရကြောင်း အဆိုပါအစီရင်ခံစာထဲမှဦ ဖော်ပြထားတာပါ။။

“ကျွန်တော်တို့ဟာ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ လှည့်စားခံရသူတွေပါ။ ကျွန်တော်တို့တွေ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဒုက္ခခံနေရပါတယ်။ သူတို့ခိုင်းတာ မလိုက်နာရင် နှိပ်စက်ခံရ၊ လျှပ်တိုက်ခံရပါတယ်။ ကျွန်တော်တို့တွေ လာအိုအာဏာပိုင်တွေဆီ အကူအညီတောင်းခဲ့ပေမယ့် သူတို့က သည်းခံဖို့ ပြောခဲ့ပါတယ်။ နောက်ဘယ်သူ့ဆီ အကူအညီတောင်းရမလဲ မသိရတာကြောင့် ထိုင်းနဲ့ တရုတ်အာဏာပိုင်တွေကို မေတ္တာရပ်ခံတာပါ။ ဒီငရဲကနေ လွတ်မြောက်အောင် ကူညီပေးပါ” လို့ လာအိုနိုင်ငံသား နစ်နာသူတဦးက အရပ်ဘက်အဖွဲ့ကွန်ရက်ကတဆင့် အကူအညီတောင်းခံခဲ့တာပါ။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးနှင့် စောချစ်သူ

နစ်နာသူတွေဟာ လျှပ်စစ်ရှော့တိုက်ခံရတာ၊ ရေနွေးပူ လောင်းခံရတာ၊ အွန်လိုင်းလိမ်လည်မှုတွေ အတင်းလုပ်ခိုင်းတာတွေနဲ့ မိနစ် ၂၀ ကြာအောင် ကြိမ်နဲ့အရိုက်ခံရတာတွေလိုမျိုး ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ဒဏ်တွေကို ခံနေရကြောင်း တိုင်ကြားထားပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုလည်း ပြစ်ဒဏ်အဖြစ် လေးလံတဲ့ ရေပုံးတွေသယ်ခိုင်းကြောင်း သိရပါတယ်။

သုံးလကြာ ဖမ်းခံထားရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်က နစ်နာသူတဦးကလည်း “တရုတ်သူဌေးတွေက မင်းကို သေလားရှင်လား ဂရုမစိုက်ဘူး။ ကရင်စစ်တပ် (BGF/ DKBA) က တရုတ်တွေဆီက ပိုက်ဆံရပြီး ကျွန်တော်တို့မလိုက်နာရင် ထောင်ချတယ်။ တနေ့ကို ၁၇-၁၈ နာရီလောက် အလုပ်ခိုင်းပြီး အခြေအနေတွေကလည်း လူမဆန်နေပါဘူး။ စားစရာကလည်း စားမရဘး။ အများစုက ရေသောက်ပြီး ရှင်နေရတာ။ သူတို့ခိုင်းတာမပြီးရင် အကျဉ်းသားတွေအနေနဲ့ တနေ့ကို ၂၄ နာရီလုံး အလုပ်လုပ်ရတာ” လို့ ပြောပါတယ်။

နိုင်ငံတကာဝေဖန်မှုတွေနဲ့ သံတမန်ကြိုးပမ်းမှုတွေအပြင် ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နာမည်ကြီးမင်းသား ပြန်ပေးဆွဲခံရလို့ ထိပ်တန်းသတင်းဖြစ်လာတာတောင် တိုးတက်မှုက နှေးကွေးနေတုန်းပါပဲ။

ရွှေက္ကိုလ် ရထိုက်မြို့သစ်စီမံကိန်းကို တရုတ်ရာဇဝတ်ခေါင်းဆောင်တစ်ဦးနှင့် စောချစ်သူ စာချုပ်ချုပ်စဥ်က

USIP ရဲ့၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာက ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုလိုမျိုး တရားမဝင်စီးပွားရေးလုပ်ငန်းတွေကတဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၃.၈ ဘီလီယံခန့် ရရှိတယ်လို့ ခန့်မှန်းရပြီး ဒေသတွင်းနှင့် ကမ္ဘာ့အဆင့် စီးပွားရေးမတည်ငြိမ်မှုတွေ ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

သောကြာနေ့အစည်းအဝေးအပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ကော်မရှင်နာ Preeda Kongpaen က ၎င်းတို့အနေနဲ့ ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောပါတယ်။

“ထိုင်းကတဆင့် နယ်စပ်ဖြတ်ပြီး အခေါ်ခံရသူ အရေအတွက်ဟာကြောက်ဖို့ကောင်းအောင် မြင့်တက်နေပါတယ်၊ ထိုင်းရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေက ဒါကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားပေမယ့် တရားဝင် ကန့်သတ်ချက်တွေနဲ့ မြေပြင်အခြေအနေတွေက အတော်လေးစိန်ခေါ်မှု ဖြစ်စေတယ်” လို့ သူကဆိုပါတယ်။

လူကုန်ကူးခံရသူတချို့ နှိပ်စက်ခံထားရပုံ (ဓာတ်ပုံ The Nation)

NHRC အနေနဲ့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အရေး အရေးတကြီးလုပ်ဆောင်ဖို့ တွန်းအားပေးနေပြီး လူကုန်ကူးကွန်ရက်တွေကို တိုက်ဖျက်ဖို့နဲ့ လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဥပဒေအကျိုးသက်ရောက်မှုရှိစေရေး ယန္တရားတွေ ပိုမိုခိုင်မာစေဖို့ တောင်းဆိုကြောင်း Preeda က ပြောပါတယ်။

လူကုန်ကူးမှုတွေကနေ အကျိုးအမြတ်များစွာ ရရှိနေပြီး၊ အဆိုပါတရုတ်ရာဇဝတ်ဂိုဏ်တွေရဲ့ လူကုန်ကူးမှုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF/ DKBA အဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ၄င်းရဲ့ အဓိက မဟာမိတ် လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မြန်မာစစ်ကောင်စီကတော့ ယနေ့တိုင် တစ်လုံးတပါဒမှ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။

မူရင်း – 6,000+ held captive in Myanmar’s human trafficking networks: report

0 Shares:
You May Also Like
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၆ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။ 
Read More

ကျားဖြန့်မှ နိုင်ငံခြားသားများကို မိခင်နိုင်ငံများ ပြန်လက်မခံမှာ ထိုင်းအစိုးရ စိုးရိမ်

နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာပြည်မှာ ထိန်းသိမ်းခံထားရတဲ့ မိမိနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်အောင် ထိတွေ့ဆက်ဆံဖို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးကို အမိန့်ပေးလိုက်ပါတယ်။
Read More

မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ

“China! Get out of Our Country, Burma” မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြခေါင်းစဉ်နဲ့ ဆန္ဒပြပွဲကို Free Burma Action Committee - Northern California က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။