မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်ဟာ MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုတို့ကို ယူဆောင်လာကာ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ဆီ ဇန်နဝါရီလ (၆) ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂) ရက်ကလည်း ဆောမြို့မရဲစခန်းက ရဲတပ်သား (၁) ယောက်က ဂန့်ဂေါခရိုင် တပ်ရင်း-၂ ဆီကို G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၄) ရက်မှာလည်း ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး (ဖျင်ချောက်အရှေ့ဘက်) ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) အဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ယောက်ကို ဖမ်းဆီးရမိပြီး MA-1 (၂) လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၁) လုံး၊ MA ကျည်အိမ် (၇) ခု၊ ကျည်ကာဦးထုပ် (၂) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ကျောပိုးအိမ် (၃) လုံး၊ စစ်ယူနီဖောင်း (၂) ထည်၊ ဖုန်း (၅) လုံး၊ ရေဘူး (၁) ဘူးနဲ့ ဓား (၁) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်းမှာ ဂန့်ဂေါခရိုင် တပ်ရင်း ၆ အဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ချိန် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက်ဆီက MA-1 (၁) လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁) ရက်ကလည်း လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး စစ်ကောင်စီစစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၂) ယောက် သေဆုံးပြီး (၁) ယောက်ကို ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် MA-2 (၂) လက်၊ MA-3 (၁) လက်၊ G-3 (၁) လက်၊ ကျည်အိမ် (၁၄) ခု၊ G-3 ကျည် (၆၄) တောင့်၊ MA ကျည် (၂၅၀) တောင့်၊ အီနာဂါ (၅) လုံး၊ ၆၀ မမ ဗုံးသီး (၃) လုံး၊ Equipment (၂) ခု၊ ကျောပိုးအိတ် (၃) ခု၊ ရေဘူး (၁) ဘူး၊ စစ်ယူနီဖောင်း (၂) စုံ၊ ရဲယူနီဖောင်း (၁) စုံ သိမ်းဆည်းရမိခဲ့သေးတယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဗောတိကုန်းကျေးရွာက လူငယ် ၁ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိခင်ဖြစ်သူက သူ့သားရဲ့သတင်းကို ကြားကြားချင်း ထွေအုပ်ရုံးမှာ ပြန်လွှတ်ပေးဖို့ လိုက်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် မိုးညို မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူနဲ့ စစ်ဗိုလ်ဆိုသူတို့က သားဖြစ်သူကို ပြန်မလွှတ်ပေးတဲ့ အပြင် တွေ့ခွင့်တောင် မပေးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အမေက သားကိုတွေ့ခွင့်တောင်းတာ သူတို့က ညတွင်းချင်း ရှေ့တန်းပို့လိုက်ပြီ ပြောလွှတ်တာ… တကယ်က မပို့ရသေးဘူး။ တွေ့ခွင့်မပေးတာ။ အဲ့ဒါနဲ့ အမေဖြစ်သူလည်း အဲ့နေရာမှာတင် ဆုံးတာပဲ။ သူက နှလုံးရောဂါအခံရှိတယ်” လို့ အမည်မဖော်လိုတဲ့ မိုးညိုမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက်မှာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ မိခင်ဖြစ်သူရဲ့ နာရေးကို စစ်ကောင်စီတပ်သားတွေက အစောင့်အရှောက်အဖြစ် ပါလာပြီး သားဖြစ်သူကို လက်ထိပ်တန်းလန်းနဲ့သာ တက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“လက်ထိပ်တန်းလန်းနဲ့ လာရတာ သားဖြစ်သူက။ နာရေးတက်တဲ့ သူတွေ အကုန်မြင်တယ်။ မိုးညိုမှာလည်း  ဒီသတင်းက ဟိုးလေးတကျော်ပဲ။ အခုက ပိုက်ဆံပေးလည်း မလွတ်တော့ဘူးလေ.. ပေါ်တာဆွဲတာက” လို့ သူက ဆက်ပြောပါတယ်။

အလားတူ မင်းလှမြို့မှာလည်း အခု ဒီဇင်ဘာလကုန်ကနေ စတင်ပြီး စစ်မှုထမ်းအတွက် ငွေကြေးထောက်ပံ့မှုတွေကို မကောက်ခံတော့ဘဲ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကိုသာ လုပ်ဆောင်တော့မယ်လို့ ကြားသိရကြောင်းကို ဒေသခံတွေက ဆိုပါတယ်။

“စစ်မှုထမ်းကြေး ကောက်ခံခိုင်းလို့ အုပ်ကြီးတွေ အသတ်ခံရတာဆိုပြီး အုပ်ကြီးတွေက တင်ပြတာကြောင့် စခတွေက  အသက်၁၄နှစ်ကနေ ၆၀အတွင်း အမျိုးသားတွေကိုသာမက အသက်၁၈ ကနေ ၃၂နှစ်အတွင်း အမျိုးသမီးတွေကိုလည်း ပေါ်တာဆွဲသွားမယ်လို့ သိရတယ်။ အမျိုးသမီးတွေ ပေါ်တာဆွဲခံရရင် ဆေးစစ်ချက်ယူမယ်… ဆေးမအောင်ရင် မိသားစုဝင် အမျိုးသားတစ်ဦးက စစ်မှုထမ်းပေးရမယ်” လို့ မင်းလှမြို့ခံတစ်ယောက်ကလည်း မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်တွင် နယ်မြေရှင်းလင်းရေးလုပ်မည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အယောက် ၄၀ ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

သာပေါင်းအနီး တိုက်ပွဲပြင်းထန်မှုကြောင့် ရာနှင့်ချီသည့် သစ်ထုတ်လုပ်ရေး ဆင်များကို ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရာနဲ့ချီတဲ့ ဆင်တွေကို ဝန်ထမ်းတွေနဲ့အတူ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 
Read More

ကော့သောင်းတွင် စစ်ကောင်စီနှင့် ပကဖ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ အရာခံဗိုလ်အပါ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။