ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေးကို CDF – ကန်ပက်လက်နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာတော့ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့မှာ ကျင်ဒွေးမြို့ကို အလုံးစုံး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ချင်းညီနောင်တပ်ဖွဲ့တွေဟာ မတူပီမြို့ စစ်ဆင်ရေးကိုလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ခမရ-၃၀၄ တပ်ရင်းကို ကနဦး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်နေ့မှာတော့ ခလရ- ၁၄၀ တပ်ရင်း၊ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

“အဲဒီတိုက်ပွဲမှာ ဟောင်ဝစ်ဇာ အမြောက်အပါအဝင်ပေါ့…၁၄.၅ ZPU လေယာဉ်ပစ် စက်သေနတ်ကြီးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ကျနော်တို့ သိမ်းဆည်းနိုင်ရမိခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်” လို့ ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ က ချင်းညီနောင် တစ်နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ပါတယ်။ 

အဲဒီနောက်မှာ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်‌နေ့မှာ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃ ယောက် လက်နက်ချ အညံ့ခံခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ခလရ-၂၇၄ တပ်ရင်း ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စတင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မြို့ကို စွန့်ခွာ ထွက်ပြေးကုန်တာကြောင့် ချင်းညီနောင်အနေနဲ့ သေနတ်ပစ်ဖောက်ခြင်းတောင် မပြုရဘဲ မြို့ကို သိမ်းနိုင်ခဲ့တာပါ။ 

“ကန်ပက်လက်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ အစီအမံအနေနဲ့ မင်းတပ်မြို့သိမ်းနဲ့ တပြိုင်တည်းမှာ စဖို့တော့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်….ဒါကြောင့် မင်းတပ်မြို့သိမ်းပြီးတဲ့ အချိန်မှာ ချက်ချင်း ကျွန်တော်တို့ စဖို့ လုပ်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့ကို ကျနော်တို့ ချင်းညီနောင်နဲ့ မဟာမိတ်တွေက ရယူပြီးတဲ့အခါမှာ ကြောက်ရွံ့ပြီးတော့ သူတို့ မြို့ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့် ကျနော်တို့က သေနတ်ဖောက်စရာမလိုဘဲ ကန်ပက်လက်မြို့ကြီးတစ်ခုလုံးကို ထိန်းသိမ်းပြီးတော့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်” ဆလိုင်းထန်းချွန်းဖေ က ဆိုပါတယ်။ 

လက်ရှိမှာတော့ ချင်းညီနောင်တပ်ဖွဲ့တွေက နိုင်ဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ဖလမ်းမြို့တွင်းမှာရှိတဲ့ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနဲ့ တခြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ ခလရ (၂၆၈) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိနေတာပါ။ 

“မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းညီနောင်အဖွဲ့ထဲမှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပူးပေါင်းပါဝင်ထားတာ ဖြစ်ပါတယ်။

အရှိန်ကောင်းကောင်းနဲ့ တစ်မြို့ပြီး တစ်မြို့ကို အောင်မြင်စွာ သိမ်းပိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ရဲဘော်တွေဟာ တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မကပဲ မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းကို ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ထန်းချွန်းဖေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့သလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် ချင်းညီနောင်အနေနဲ့ ချင်းပြည် ပြန်လည်ပေါင်းစည်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းနေကြောင်းလည်း ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာ တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

စစ်ဒဏ်သင့် မြန်မာပြည်တွင် စစ်တပ် ဟန်ပြရွေးကောက်ပွဲကျင်းပ

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်ကစလို့ စစ်တပ်က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အလင်းဝင် သတင်းတုများဖြန့်၊ ဖုန်းမက်ဆေ့ချ်များ ပို့ကာ တော်လှန်ရေးကို သွေးခွဲဖို့ စစ်ကောင်စီ ကြိုးစားပေမယ့် ထိရောက်မှု မရှိ

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက PDF နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေ နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ဖို့ဆိုတဲ့ အလိုအလျောက် မက်ဆေ့စာတိုတွေကို ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေတာ တွေ့ရပါတယ်။