ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး-CNF နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ-ICNCC၊ ချင်းညီနောင် (CB) ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့လပိုင်းများအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ချက် သဘောတူညီခဲ့ကြတယ်လို့ ချင်းဒေသတွင်းသတင်းများကဆိုပါတယ်။ အဆိုပါအချက်တွေအတွင်း နောက်နောင်မှာ နှစ်ဖက်အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ပါက လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို အသုံးမပြုကြဖို့ အဓိကသဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဆွေးနွေးမှုရလဒ်က သဘောတူညီချက်(၅) ချက်ရှိပါတယ်။ ဒါပေမယ့် သဘောတူညီချက်ကို CNA/CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (Chinland Council) တပ်သားတွေက ချိုးဖောက်နေတာတွေရှိတယ်။ ချင်းညီနောင်နယ်မြေထဲက စစ်ဆေးရေးဂိတ်တချို့မှာ CNA လက်အောက်ခံ ရဲဘော်တွေက ချင်းညီနောင် လုံခြုံရေးတာဝန်ကျ ရဲဘော်တွေကို ရန်ပြုတာတွေရှိတယ်။ ဟိုတလောတုန်းကလည်း CNA လက်အောက်ခံတပ်ဖွဲ့တွေက လက်နက်မဲ့ ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးရာကနေ လက်လွန်ပြီး သေဆုံးသွားတာရှိတယ်။ ပြီးတော့ ဆွေးနွေးမှုကို အဟန့်အတားဖြစ်စေမည့် နိုင်ငံရေးလှုပ်ရှားမှု အချို့လည်း ဆက်ရှိနေဆဲပါပဲ” လို့ ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ် က မောင်းကို ပြောပါတယ်။
ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီးတော့ မောင်းက Chinland Council ရဲ့ အတွင်းရေးမှူးဖြစ်သူ Salai Paul ထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
Salai Paul ကတော့ “တပ်ပိုင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ ကျွန်တော်ထဲထဲဝင်ဝင် ကြီးကြပ် ကိုင်တွယ်တာမျိုး မဟုတ်ဘူးဆိုတော့ သူတို့ရဲ့ အန္တရာယ်ကြုံတဲ့ အခြေအနေ၊ တပ်အနေအထားအရ ဆောင်ရွက်တာမျိုးလည်း ရှိကောင်းရှိနိုင်တယ်။ သို့သော် ဒီအဖွဲ့က ဒီအဖွဲ့ကို စွပ်စွဲတဲ့ ပုံစံမျိုးနဲ့ ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းကြားထဲမှာ အဖွဲ့တခုနဲ့ တခု ခွဲခြားပြီးတော့ CB ဖြစ်ဖြစ်၊ CC ဖြစ်ဖြစ်၊ CNF ပဲဖြစ်ဖြစ် ထိန်းချုပ်တာမျိုးပဲ ဖြစ်ဖြစ်၊ သတ်ပစ်တာမျိုး မဟုတ်ရင်တောင် အသက်အန္တရယ်ခြိမ်းခြောက်တာမျိုးတွေက မလုပ်သင့်ဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်။ ဒါကတော့ တပ်ပိုင်းကိစ္စဆိုတော့ ဘယ်သူမှားတယ်… ဘယ်သူမှန်တယ်ဆိုတာကိုတော့ သေသေချာချာ တိတိကျကျတော့ ကျွန်တော်တို့ မသိရဘူး။ သို့သော် အဖွဲ့တွေ ဖွဲ့ထားပြီးတော့မှ ဒီအဖွဲ့ကို လက်မခံလို့ ဒီအဖွဲ့ထဲက မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့တော့ ပြည်သူဖြစ်ဖြစ် တော်လှန်ရေးရဲဘော်တွေ ဖြစ်ဖြစ် လုံးဝမလုပ်သင့်တဲ့ အရာလို့ ကျွန်တော်ကတော့ မှတ်ချက်ပေးချင်ပါတယ်”လို့ ဆိုပါတယ်။
သို့သော်လည်း အခုလို တင်းမာမှုတွေကြားထဲကနေ ပူးပေါင်းသည်အထိ အောင်မြင်ချင်ကြောင်းကို ချင်းညီနောင်အဖွဲ့ (CB) နဲ့ Chinland Council (CC) တို့ ၂ ဖွဲ့လုံးက မျှော်လင့်ကြောင်း ဆိုထားပါတယ်။
“ကျွန်တော်တို့ Chinland Council နဲ့ ချင်းညီနောင်တို့အကြား တခြား third party အဖွဲ့တွေလည်းပါဝင်ပြီး လမ်းစဉ်မတူတာကို ပြန်ပေါင်းစည်းဖို့ အခုလက်ရှိသွားနေပါတယ်။ အဓိကကတော့ third party အပါနဲ့ ဆွေးနွေးထားတာတွေရှိမယ်။ အဲ့တာကတော့ ongoing process ပေါ့နော်။ ဒါကတော့ CC၊ CB ဆိုတဲ့ အထိုင်နဲ့ ကျွန်တော်တို့ ဆွေးနွေးတာတွေ ရှိတယ်။ တဖက်မှာလည်း ကျွန်တော်တို့ရဲ့ အခင်းကျင်းအရ မြို့နယ်တမြို့နယ်မှာ CC မှာလည်းပါတဲ့ အဖွဲ့ရှိတယ်၊ CB မှာလည်းပါတဲ့ အဖွဲ့ရှိပါတယ်။ သူတို့အချင်းချင်းလည်း ညှိနှိုင်းတာတွေ ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့ အခုသွားတဲ့ ပုံစံကတော့ CC နဲ့ CB နဲ့လည်း Third party တွေနဲ့ ညှိနှိုင်းတာတွေ ရှိတယ်။ တဖက်မှာလည်း အဲဒီထဲမှာပါတဲ့ အဖွဲ့တွေကြားမှာပေါ့၊ အဖွဲ့ချင်းချင်းတွေ့ဆုံ ညှိနှိုင်းပြီးတော့ အဖြေရှာတာတွေရှိပါတယ်။ အဲဒီနည်းလမ်းနဲ့တော့ လောလောဆယ် ကျွန်တော်တို့ သွားနေပါတယ်” လို့ Sali Paul က မောင်းကို ဆက်ပြောပါတယ်။
ရလဒ်အနေနဲ့ကတော့ ပကတိအခြေအနေအရ တိကျတဲ့ အဖြေတော့ မထွက်လာသေးပေမယ့် အချင်းချင်းကြားထဲမှာ အပြန်အလှန် အသိအမှတ်ပြုကြတာကြောင့် နောက်လာမယ့် ဆွေးနွေးပွဲတွေမှာတော့ တိကျတဲ့ ရလဒ်တွေထွက်လာဖို့ မျှော်လင့်တယ်လို့ Sali Paul က ဆိုပါတယ်။
ချင်းညီနောင် (CB) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်နဲ့ ဖလမ်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ Chinland council ကနေ အဆိုပါမြို့တွေကို သိမ်းပိုက်နိုင်တာကို ဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။
“ထုတ်ပြန်စာအပေါ် ကြိုဆိုပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေကြသူ အချင်းချင်း ‌သမိုင်းမှတ်ကျောက်တင် အသိမှတ်ပြုတာ ကောင်းတဲ့ အလေ့အထပါ။ ဒီလိုပဲ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ကိုယ့်ကြမ္မာကိုဖန်တီးနိုင်ရေးအတွက် မရပ်မနား ပြည်သူနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားပါမယ်” လို့ ချင်းညီနောင် (CB) အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်က ပြောပါတယ်။
Chinland Council ရဲ့ အတွင်းရေးမှူး Salai Paulကလည်း “ကျွန်တော်တို့ ချင်းပြည်မှာ ချင်းညီနောင်တပ်ဖွဲ့ရှိတယ်၊ Chinland council ရှိတယ်။ ကျွန်တော်တို့ရဲ့ ပဏာမ ရည်မှန်းချက်ကတော့ ချင်းပြည်မှာ အကြမ်းဖက်စစ်ကောင်စီကင်းစင်ရေးပါပဲ။ ကျွန်တော်တို့ ချင်းတော်လှန်ရေး အင်အားစုတွေအနေနဲ့ တခြားမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပေါင်းပြီးတော့ အခုလို မြို့ကြီးတွေကို သိမ်းနိုင်တဲ့အပေါ်မှာ ကျွန်တော်တို့က ဂုဏ်ပြုမှတ်တမ်းတင်ပြီး ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
ချင်းညီနောင် (CB) အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်ကတော့ ချင်းညီနောင်အဖွဲ့တွေအနေနဲ့ ချင်းတော်လှန်ရေးတပ်တွေ အတူတကွ ပူးပေါင်းနိုငဖို့အတွက် ဆွေးနွေးမှုတွေ ကြိုးစားလုပ်ဆောင်ခဲ့ပေမယ့် အဆင်ပြေမှုတွေ မရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။
ပုံစာ- ချင်းညီနောင်တပ်ဖွဲ့များ နဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့များရဲ့ စခန်းသိမ်းတိုက်ပွဲအချို့မှ ပုံများ
0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ပျော်ဘွယ်တွင် ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျူဟာကုန်းအနီးကို အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချ

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။