မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၄ရက်နေ့ကစလို့ ကမ္မမြို့အရှေ့ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ပခုက္ကူတပ်မ၁၀၁ က စစ်သားတွေဟာ ဒီဇင်ဘာ ၂၅ရက်မနက်ပိုင်းမှာ ကမ္မမြို့ကိုဝင်ရောက်ပြီး အရပ်သားပိုင်ပစ္စည်းတွေကို  ခိုးယူသယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ပွင့်လင်းရာသီမလို့ စစ်ကြောင်းထိုးလာတာပါ။ ရေလာလေးစခန်း သိမ်းခံရလို့ထိုးတဲ့စစ်ကြောင်းက မြိုင်မြို့ပေါ်ရောက်နေပါပြီ။ ဒါက သက်သက်တစ်ကြောင်းပါ။ ၂၄ရက်နေ့မှာ ကမ္မအရှေ့ဘက်ကို စထိုးပြီး ၂၅ရက်နေ့ မနက်ကျ ကမ္မမြို့ကို ဝင်ပါတယ်။ ပခုက္ကူတပ်မ ၁၀၁ က ကောင်တွေ အင်အား ၁၃၀လောက်နဲ့ စစ်ကြောင်းထိုးလာတာလို့ ပြောရမယ်။ မြို့ထဲဝင်ပြီး ပြည်သူပိုင်ဆိုင်ခန်းတွေဖောက်တယ်။ လက်ရှိ ဆိုင်ခန်း ၇ခန်းဖောက်ခံထားရပါတယ်။ ပီနံအိတ်တွေနဲ့ တန်းစီ ထမ်းပိုးပြီး ခြေလျင်သယ်ခိုးကြတာပါ။” လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ကမ္မမြို့ပေါ်မှာရှိတဲ့ အမှတ် (၁/၃/၄/၅/၆/၇) ရပ်ကွက်တွေအပြင် ပြည့်အိုင်၊ ရေမျက် နဲ့ ရွာသာအေးစတဲ့ ကျေးရွာပေါင်း ၁၀ရွာက ဒေသခံ ၁သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီလိုမျိုး မြို့ထဲဝင် ပြည်သူပိုင် ခိုးယူနေတဲ့ အကြမ်းဖက်စစ်သားတွေရှိရာ ကမ္မရဲစခန်းနား ပတ်ဝန်းကျင်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

“စစ်ကောင်စီတပ်တွေ ကမ္မစျေးကိုဖောက်နေတဲ့အချိန် ဒရုန်းနဲ့တိုက်တာမဟုတ်ပါဘူး။ သူတို့စျေးကိုဖောက်၊ ပစ္စည်းတွေယူပြီး ကမ္မရဲစခန်းနားကို​ရောက်မှ ကြဲချခဲ့တာပါ။ ပေါက်၊ မြိုင်၊ ကမ္မဒေသတွင်းက တော်လှန်ရေးတပ်တွေ ပေါင်းပြီး ဒရုန်းချခဲ့တာပါ။ အလုံးရေ ၇၀၊ ၈၀ လောက်ရှိပါမယ်” လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေ ဒရုန်းချတိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လက်နက်ကြီးပြန်ပစ်ခဲ့တဲ့အတွက် ကမ္မ အမှတ်(၆)ရပ်ကွက်ထဲက အရပ်သား ၁ယောက်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်ထဲ ပခုက္ကူခရိုင်အတွင်းက ပခုက္ကူ- ပေါက် ကားလမ်းပေါ်မှာရှိတဲ့ ရေလာလေးပျူစခန်းနဲ့ မြိုင်မြို့အနောက်တောင်ဘက်က သရက်ကွပျူစောထီးရွာတို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပါတယ်။

ဒီအတွက် ပခုက္ကူတပ်မ ၁၀၁ အပါအဝင်​ ဒေသတွင်းစစ်အုပ်စုတွေက ပခုက္ကူ၊ မြိုင်နဲ့ ကမ္မမြို့တွေကို အလုံးအရင်းနဲ့စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိ​အောင် ကြိုးစားလာတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်တွင် တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်တပ်စစ်ကြောင်း ရွာ ၇ ရွာမှ နေအိမ်အလုံး ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကျေးရွာ ၇ ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။
Read More

အစိုးရအဖွဲ့တွင် ချန်လှပ်ခံခဲ့ရသည့် ဦးမိုးဇော်ဦးအား နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် NUG ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ ပြန်လည်မပါဝင်ခဲ့တဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း NUG က ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။