အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်အတွင်းက မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နေချိန်မှာ၊ တိုင်းပြည်ကို အေးချမ်းနေသယောင် ဖန်တီးလိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ AA တပ်တွေကို ဂုဏ်ပြုနေသလားလို့ မေးခွန်းထုတ်ရလောက်အောင် ပျော်ပွဲရွှင်ပွဲတွေကို အဆက်မပြတ် တက်ရောက်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်က နေပြည်တော်မှာ ပြုလုပ်နေတဲ့ အမျိုးသားအားကစားပွဲတော်ကို မင်းအောင်လှိုင်တက်ရောက်နေချိန်မှာပဲ AA တပ်ဖွဲ့ဝင်တွေက မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ဒီဇင်ဘာလ ၂၁ မနေ့က ပွဲတော်ပိတ်ပွဲကို မင်းအောင်လှိုင် တက်ရောက်နေချိန်မှာလည်း AA တပ်တွေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံသိမ်းပိုက်ခဲ့ပြန်ပါတယ်။
AA ဟာ အာရက္ခဒေသအတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်က စစ်စခန်းတွေကို တစ်ခုမကျန် သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ-၅ ကို AA တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်နေရာမှာ စစ်ကောင်စီရဲ့ မိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းတွေပါ တူးပြီး ထိုးစစ်ဆင်ခဲ့ရတာပါ။ တချို့နေရာတွေမှာ ပေ (၂၀) လောက်ကျယ်တဲ့ ရေမြောင်းတွေ ဖောက်လုပ်ထားပြီး ဆူးချွန်တွေ ထောင်ထားသလို ၁၀၀ ကျော်လောက်ရှိတဲ့ ဘန်ကာအသေးအကြီးတွေနဲ့အတူ ခိုင်ခံ့ထူထပ်တဲ့ အဆောက်အအုံကြီး (၃၀) ကျော်နဲ့ ခံစစ်ကို အထူးပြင်ဆင်ထားတဲ့ နခခ (၅)ကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကြားကနေ AA က အချိန်နှစ်လနီးနီး တိုက်ခိုက်ခဲ့ရတာပါ။
အဲဒီလို ခက်ခက်ခဲခဲ သိမ်းပိုက်မှုအပြီးမှာ ဘူးသီးတောင်၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းများစွာကို ဖမ်းဆီးရမိခဲ့သလို၊ တပ်မ(၂၂) တပ်မမှုး ဗိုလ်မှုးကြီးအောင်နေမျိုးအပါအဝင် စစ်ကောင်စီတပ်သားအများအပြားကိုလည်း အသေဖမ်းဆီးမိနိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းဆောင်ရွက်ခဲ့ရလို့၊ အာရက္ခ မိုင်းရှင်းလင်းရေး စစ်သည်တော်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရတယ်လို့ AA ကနေ ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် AA ကနေ အခုလို မောင်တောမြို့ကို ရရှိရေးအတွက် အပတ်တကုတ် တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ကို ပျော်ရွှင်စွာ တက်ရောက်နေပါတယ်။
မောင်တောတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀၀ ကျော်သေဆုံးနေချိန်၊ တချို့ကလည်း ရသမျှ အဖြူစကိုင်စွဲပြီး လက်နက်ချ အညံ့ခံနေချိန်မှာ မင်းအောင်လှိုင်က အခုလို အခမ်းအနားတွေ လှည့်ပတ်တက်ရောက်နေမှုတွေကြောင့် စစ်တပ်ထောက်ခံသူတွေကပါ အပြင်းအထန် ဝေဖန်လာခဲ့ကြပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအပြည့်အ၀နဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နေပြည်တော်မှာ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲကို ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အရှုံးကို လက်ခံနိုင်တဲ့ အားကစားသမားတွေ ဖြစ်ရမယ်လို့တောင် မိန့်ခွန်းပြောကြားခဲ့လို့ သူ့ကိုထောက်ခံသူတွေကပါ လှောင်ပြောင်ပြောဆိုမှုတွေကို လုပ်လာကြတာဖြစ်ပါတယ်။
ဒါနဲ့တင် မင်းအောင်လှိုင်ရဲ့ ပျော်ပွဲတွေက မပြီးသေးပါဘူး။ အားကစားပွဲတော်ပိတ်ပွဲကို တက်ရောက်နေစဉ်မှာလည်း AA တပ်ဖွဲ့ဝင်တွေက အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ထပ်မံပြီး သိမ်းပိုက်လိုက်ပြန်ပါတယ်။
အားကစားပွဲတော်ပိတ်ပွဲမှာ မင်းအောင်လှိုင်က “အားကစားပွဲကျင်းပခြင်းသည် နိုင်ငံကို ကာကွယ်နေခြင်းဖြစ်သည်” လို့ ခပ်တည်တည်ဆိုခဲ့ပြန်တာကြောင့် မင်းအောင်လှိုင်ကို အားပေးထောက်ခံသူတွေဆီက ဝေဖန်သံတွေ ထပ်မံပေါ်ထွက်လာပြန်ပါတယ်။
နပခကို တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမှာ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် အရာရှိ၊ အရာခံတွေကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် အမ်းမြို့ဟာ အာရက္ခတပ်တော်က အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် AA တပ်တွေဟာ မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ထိစပ်နေတဲ့ နယ်စပ်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာကြောင့်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ အိန္ဒိယနယ်စပ်အထိကိုပါ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိလာပြီလည်းဖြစ်ပါတယ်။
အခုလို စစ်ကောင်စီက တစ်မြို့ပြီး တစ်မြို့ကို လက်လွတ်နေရပေမယ့်၊ ပွဲတော်တွေ ကျင်းပတာမပြတ်တဲ့၊ တိုင်းပြည်ကို အေးချမ်းနေသယောင် ဖန်တီးလိုတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကတော့ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်ကနေ ၃၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊ ၂) မှာ Myanmar Countdown 2025 ကို ကျင်းပပြုလုပ်မယ်လို့ ဆိုထားပြန်ပါတယ်။
0 Shares:
You May Also Like
Read More

အာဏာသိမ်းမှု ၄ နှစ်အတွင်း မြို့နယ်ပေါင်း ၂၀၃ ခုမှာ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု အကြိမ် ၄၆၀ အထိ ဖြစ်ပွားခဲ့

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းက  မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်တွင် ယောချောင်းရေလျှံမှုကြောင့် အရပ်သားများ စိုက်ပျိုးထားသည့် လယ်ဧက​များ ရေတိုက်စားဆုံးရှုံးပျက်စီး…

"နဂိုက ရေတင်စိုက်ရတာ၊ မိုးကအခုမှကောင်းနေတာ။ အခုဆို နိုင်ငံရေးကမကောင်း စပါးခင်းတွေကရေနစ် ရွာကမီးရှို့ခံရနဲ့ဆိုတော့ ဒေသခံတွေအဖို့အ​တာ်လေးဒုက္ခရောက်ရတယ်။ နောက်ပြီး ဆောင်းသီးနှံကြက်သွန်တွေလည်းမရောင်းကြရဘူး။" လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်၊ ခမရ-၁၂တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိပြီး စစ်သား ၉ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။