တိုင်းပြည်တစ်ခုရဲ့ အပြောင်းအလဲ အချိုးအကွေ့တွေတိုင်းမှာ လူငယ်တွေဟာ ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းကို ပြန်ကြည့်ရင်လည်း ခေတ်အဆက်ဆက် ဒီလိုပဲ လူငယ်တွေဟာ ရှေ့တန်းက ပါဝင်နေခဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ခေတ်စနစ်ကို တော်လှန်ကြတဲ့ လူငယ်တွေဟာ အာဏာကို မမက်မောကြဘဲ တရားမျှတမှုကို လိုချင်တဲ့၊ စနစ်ကို ပြောင်းလဲချင်တဲ့ ပေးဆပ်သူတွေအဖြစ်သာ ရှိနေကြတာပါ။ လက်ရှိ မြန်မာ့သမိုင်းဝင် နွေဦးတော်လှန်ရေးမှာလည်း လူငယ်တွေက အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ကာ အာဏာရှင်ကို တော်လှန်နေကြတာဟာ အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။

ဒီလိုလူငယ်များစွာထဲက ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးကို စိတ်မဝင်စားဘဲ မင်းအောင်လှိုင်ရဲ့ စစ်အာဏာရှင် လူတစ်စုကို ဖြုတ်ချဖို့သာ စိတ်ပိုင်းဖြတ်ထားတဲ့ လူငယ်တစ်ယောက်နဲ့ မောင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ သူကတော့ တောင်ပိုင်းတိုင်း စစ်ဒေသ ၂ က ရဲဘော် နေလင်း ဖြစ်ပါတယ်။ ရဲဘော် နေလင်းက လက်နက်ကိုင်တဲ့ကိစ္စဟာ သူ့ဘဝမှာ ဘယ်တုန်းကမှ မတွေ့ခဲ့မိတဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

“ဘယ်ပါတီတွေက ဘယ်လိုဆိုတာကို ကျနော်လည်း ဂဃနဏ နားမလည်ဘူး။ ကျနော်တင်မဟုတ်ပါဘူး။ လူငယ် တော်တော်များများလည်း ပါတီတွေအကြောင်းကို ကောင်းကောင်းနားမလည်ကြဘူး။ မတရားမှုကို ပယ်ချဖို့၊ မျှတမှုကို ရယူဖို့ တောင်းဆိုခဲ့ကြတယ်။ တောင်းဆိုတာကို အာဏာရှင်တစ်စုက လက်မခံတဲ့အတွက် ကျနော်တို့ အနာဂတ်လှပဖို့ ကျနော်တို့လူငယ်တွေက အခွင့်အရေးများစွာကို စွန့်လွှတ်ပြီး ဒုက္ခတွေခံပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာပါ”

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာမက်မောတဲ့ လုပ်ရပ်ဆိုးကြောင့် မြန်မာလူငယ်များစွာဟာ သူတို့ရဲ့ အနာဂတ်ကို လက်နက်ကိုင်ပြီး ရှာဖွေနေကြရပါတယ်။ အနာဂတ်ကို ရှာဖွေရင်း လူငယ် အများအပြားလည်း အသက်တွေဆုံးရှုံး ကြွေလွင့်ခဲ့ရပါတယ်။

ရဲဘော်နေလင်းဟာ KNU တပ်မဟာ ၅ နယ်မြေမှာ ကွန်မန်ဒိုသင်တန်း ၁နှစ်ကြာ တက်ခဲ့ရပါသေးတယ်။ သူနဲ့ ခင်မင်တဲ့ တချို့ ရဲဘော်ရဲဘက်တွေဟာ သင်တန်းဆင်း လက်မှတ်တောင် မရလိုက်ဘဲ ပျောက်ကွယ်သွားကြတယ်လို့ ပြောပြပါတယ်။

“အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ခွဲရတဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်။ အမှတ်ရဆုံးတိုက်ပွဲဆိုရင် ကျနော်တို့ ကွန်မန်ဒိုသင်တန်း တစ်နှစ်တက်ခဲ့ရတယ်။ အဲ့မှာ သင်တန်းအောင်လက်မှတ်ကိုရဖို့ ကျနော်တို့ လက်တွေ့ စခန်းသိမ်းပေးရတယ်။ အဲ့စခန်းကတော့ တပ်မဟာ ၅ က နာမည်ကြီး စခန်းတစ်ခုပဲ။ အဲ့မှာဆိုရင် အောင်လက်မှတ်၊ ဘတ်တံဆိပ်လေးတောင် ရမသွားဘဲ အသက်ပေးသွားခဲ့တဲ့ ကျနော်တို့ရဲ့ သူငယ်ချင်း ရဲဘော်တွေ ရှိခဲ့ပါတယ်။ အဲ့တိုက်ပွဲကတော့ ကျနော်တို့ရင်ထဲမှာ အမှတ်ရဆုံး တိုက်ပွဲတစ်ခုပါပဲ”

နေလင်းဟာ သူ့ချစ်ရတဲ့ ရဲဘော်ရဲဘက်တွေကို စွန့်လွှတ်ခဲ့ရဖူးသလို သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ဗလပွပါပဲ။ အနန်းကွင်း စစ်တပ်ဗျူဟာကုန်းကို ဝင်ရောက်တိုက်ခိုက်စဉ်က လေယာဉ်ဗုံးစ ထိမှန်ခဲ့ဖူးသလို အောင်ဇေယျစစ်ကြောင်းလို့ နာမည်ပေးထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို အာရှလမ်းပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်စဉ်မှာလည်း သူ့ရဲ့ ဘယ်ဘက် လက်ဖြန်ရိုး ကျိုးသွားတဲ့အထိ စက်သေနတ် ထိမှန်ခဲ့ပါတယ်။

ရဲဘော် နေလင်းတစ်ယောက် အဲ့လို ဒဏ်ရာတွေရခဲ့ပေမယ့် ပြန်လည်သက်သာတာနဲ့ တိုက်ပွဲထဲ ပြန်ရောက်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ တိုက်ပွဲမှာ နောက်တစ်ကြိမ် လေယာဉ်ဗုံးစ ထိမှန်ပြီး သူ့ရဲ့ ခါးရိုး ကျောကုန်း ဘယ်ဘက်အခြမ်းနဲ့ အာရုံကြောပါ ထိခိုက်ဒဏ်ရာ ရထားပါတယ်။

လက်ရှိမှာ ဒဏ်ရာတွေကြောင့် ရှေ့တန်းမထွက်နိုင်တော့ပေမယ့် တော်လှန်ရေးကို ရရာအခန်းကဏ္ဍကနေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ 

“ကျနော် အထက်အရာရှိတွေ အားလုံးကိုလည်း ပြောပြထားတယ်။ ပြန်ကောင်းခဲ့ရင် လက်နက်ကိုင်ပြီးတော့ တောထဲပြန်ဝင်မှာ။ ဒီနိုင်ငံရေး မပြီးမချင်း ကျနော့်ရဲဘော်တွေနဲ့ အတူရှိနေမယ်ဆိုတဲ့ ခံယူချက်က ရင်ထဲမှာ အခိုင်အမာရှိပြီးသား”

တိုက်ပွဲတွေမှာ ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတဲ့ ရဲဘော်တွေဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ စိတ်ကူးမိတတ်ကြတာကြောင့် ဒါတွေကိုလည်း အားတင်းဖြတ်ကျော်နေကြရတာပါ။ 

ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ၊ အချိန်အားဖြင့်လည်း ကြာကောင်းကြာနိုင်ပေမယ့် ဒီတော်လှန်ရေး အောင်မြင်မယ်ဆိုတာကတော့ အသေအချာ ဖြစ်ပြီး ပြည်သူတွေရဲ့ ပါဝင်မှုကလည်း အားရကျေနပ်စရာကောင်းတယ်လို့ ရဲဘော် နေလင်းက ပြောပါတယ်။                           

“ပြည်သူတွေဆိုရင် အများကြီး တာဝန်ကျေခဲ့ပြီးပြီ။ ပြည်သူဆိုရင် ကျနော်တို့ ရဲဘော်တွေထက်တောင် ပိုပြီးတော့ တာဝန်ကျေတယ်လို့ ပြောချင်တယ်ဗျ။ ကျနော်တို့ ဘာလိုတယ် ဘာလိုတယ်ဆို ပြည်သူက တောက်လျှောက် သူတို့ မရှိရှိတာလေးတွေနဲ့ ကြံဖန်ပေးနေတယ်။ သူများနိုင်ငံမှာ အလုပ်လုပ်တယ်။ ရတဲ့ ပိုက်ဆံလေးတွေမှာ သူတို့ အိမ်လခ၊ စားဖို့လောက်လေး ဖယ်ပြီး ကျန်တာ တော်လှန်ရေးအတွက် အကုန်ထည့်တယ်။ တခါတလေကျရင် သူတို့တောင် ဖြစ်သလိုစားပြီး လှူကြတယ်”

နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ ဒီနေ့အချိန်အထိ လက်သီးဆုပ် မဖြည်သေးဘဲ အားခဲ ကြိုးစားနေကြတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုပြည်သူတွေ ရှိနေသရွေ့ တော်လှန်ရေးရဲဘော်တွေလည်း ရှိနေမယ်လို့ ရဲဘော် နေလင်းက ပြောခဲ့ပါတယ်။

“တော်လှန်ရေးက ကျနော်တို့ ရှုံးဖို့တော့ မရှိဘူး။ ကြာဖို့တော့ ရှိနိုင်တယ်။ ရှုံးဖို့တော့ မရှိဘူး။ ပြည်သူတွေ ကျနော်တို့ဘက်မှာ ရှိနေသရွေ့ တော်လှန်ရေး PDF ဆိုတာ ဘယ်တော့မှ ပျောက်မသွားဘူး။ ပြည်သူတွေအားလုံး မရှိတော့ရင် ကျနော်တို့ PDF လည်း မရှိတော့ဘူး”

0 Shares:
You May Also Like
Read More

ပြည်သူအပေါ် ယုတ်မာရက်စက် သတ်ဖြတ်ကာ လူမျိုးရေး အသုံးချ စစ်မီးမွှေးခဲ့သူ (သို့မဟုတ်) AA ဖမ်းမိလိုက်တဲ့ အကြီးစား ရာဇဝတ်သား စစ်သုံ့ပန်း

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ AA က လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းဆိုသူဟာ ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခုအကြား တင်းမာမှုတွေဖြစ်အောင် သွေးခွဲခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးညှင်းပန်းနှိပ်စက်သူအဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 
Read More

စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ

စစ်ကောင်စီဟာ ၄င်းတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေက ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

KK Park စီးနင်းမှုအပြီး လွတ်မြောက်ခွင့်ထက် ဒေါ်လာ ၁,၄၀၀ လစာကို ရွေးချယ်သွားသည့် ‘ကျားဖြန့်’ ဝန်ထမ်းများ

ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်တာနက် လိမ်လည်မှုဂိုဏ်းတွေထဲက တခုကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေကနေ ထွက်ပြေးလာတဲ့ ဝန်ထမ်းတွေဟာ အနီးအနားက တခြား "ကျားဖြန့်" လုပ်ငန်းတွေမှာ အလျင်အမြန် ပြန်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဝန်ထမ်းအပြိုင်အဆိုင် စုဆောင်းမှုတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေရဲ့ အဆိုအရ သိရပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အခြေစိုက်စခန်း ၃၅၀ ကျော် လက်လွှတ်ဆုတ်ခွာထားရ

စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၃၅၀ ကျော်လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်ပါတယ်။