လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ ရှိသမျှလူအင်အားနဲ့ စစ်မျက်နှာကုန်ဖွင့် တိုက်ခိုက်နေရချိန်၊ မြို့ပြမှာလည်း လုံခြုံရေးအပြည့်ထားရှိဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရချိန်မှာ တော်လှန်လူငယ်တွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ချိန်သားကိုက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်မှာ စစ်ကောင်စီရဲ့ အချက်အချာကျတဲ့ နေရာတွေကို စစ်ရေးလှုပ်ရှားမှုအဖြစ် ၅ ကြိမ်တိုင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေကို စာရင်းပြုစုလေ့ရှိတဲ့ Yangon Scout Network က ထုတ်ပြန်ပါတယ်။

စစ်ရေးလှုပ်ရှားမှု ၅ ကြိမ်အတွင်း သေနတ်နဲ့ ပစ်ခတ်မှု တစ်ကြိမ်၊ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှု ၁ ကြိမ်၊ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှု ၃ ကြိမ်အထိ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ကောင်စီအခြေစိုက်ရာ နေရာတွေကို တိုက်ရိုက် ချိန်သားကိုက် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

တိုက်ခိုက်မှုတွေထဲမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ကို မိုင်းခွဲတိုက်ခိုက်နိုင်တဲ့အထိ စစ်ရေးပစ်မှတ်တွေကို ထိရောက်အောင် လှုပ်ရှားနိုင်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ခမရ ၅၃၂ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ခြိမ်းခြောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဒီဇင်ဘာ ၁၃ ရက် ည ၈နာရီဝန်းကျင်မှာ အင်းစိန်မြို့နယ်၊ ခလရ ၁၆ တပ် ကင်းဂိတ်ကို ပစ်မှတ်ထားပြီး God’s Hand Forces (GHF) အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းကလည်း မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ သန္ဓေပင်ကျေးရွာက စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို ပစ်မှတ်ထားပြီး Operation Flame (OF) က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေ အဓိက အခြေစိုက်ပြီး လုံခြုံရေး တင်းကြပ်တဲ့ကြားကနေ အခုလို လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရအပြီး မှော်ဘီနားက ကျေးရွာတွေကို  ဧည့်စာရင်းစစ်တာ၊ ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ပြီး သင်္ကာမကင်းဖြစ်တဲ့ အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ အနီးစပ်ဆုံးနေရာတွေကနေ တတ်နိုင်သမျှ ရှောင်ရှားပေးကြပါ၊ မလွဲသာမရှောင်သာ သွားရမယ်ဆိုရင်လည်း အထူးသတိထားပြီး အမြန်ဆုံးထွက်ခွာပေးကြပါ” လို့  မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ယောက်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စစ်ကောင်စီဟာ အရင်ကလောက် လုံခြုံရေးအင်အား ဖြည့်တင်းနိုင်ခြင်း မရှိတော့သလို ကင်းလှည့်ရာမှာ ရဲအင်အားကိုသာ အဓိက အားပြုလုပ်ဆောင်နေရတယ်လို့ တော်လှန်လူငယ်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ စစ်ဆင်ရေးတွေနဲ့အတူ အဓိကကျတဲ့ သပိတ်လှုပ်ရှားမှုတွေကိုလည်း စစ်ကောင်စီရဲ့ စောင့်ကြည့်မှုတွေကြားထဲကနေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သပိတ်အဖွဲ့အစည်းတွေက အသိပေးပြောဆိုထားပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီကလည်း ရန်ကုန်မှာ ပွဲလမ်းသဘင်အခမ်းအနားတွေကို ဆက်တိုက်ကျင်းပနေပြီး လူစည်ကားအောင်ပြန်လည် လုပ်ဆောင်နေပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့က မင်းအောင်လှိုင်ကို  ကမ္ဘာ့အဆင့်မီဝရမ်းပြေးတစ်ယောက် နိုင်ငံထဲမှာ ရောက်ရှိနေကြောင်း အစချီကာ ရန်ကုန်မြို့ လူစည်ကားရာနေရာတစ်ခုမှာ Bluetooth Speaker ဖွင့်ပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) က လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

ရေဘဝဲတို့၏ နှိုးဆော်သံ လှုပ်ရှားမှု

ဒီဇင်ဘာ ၁၀ ရက်နေ့မှာလည်း ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ “လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသား ကိုင်ဆောင်ကာ ဆန့်ကျင်ဆန္ဒပြမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြောင့်ပဲ တော်လှန်လူငယ်နှစ်ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ New Generation Youth Strike က ထုတ်ပြန်ပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးရာမှာ အရင်ကလို အင်အားအလွန်အကျွံအသုံးပြု ရှာဖွေဖမ်းဆီးခြင်းတွေ မပြုလုပ်ဘဲ ရပ်ကွက်တွေအတွင်း သူတို့လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကတဆင့် သတင်းအချက်အလက်တွေ ရယူစောင့်ကြည့်ကာ ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးမှုတွေမှာ အရပ်သားပြည်သူတွေရဲ့ကားကို အသုံးပြုပြီး အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးနေသလို ရန်ကုန်ရဲ့ အချက်အချာကျတဲ့နေရာတွေမှာလည်း လက်သပ်မွေးထားတဲ့ လူမိုက်(ပျူစောထီး)တွေက စောင့်ကြည့်နေတယ်လို့ တော်လှန်လူငယ်တွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အလင်းဝင် သတင်းတုများဖြန့်၊ ဖုန်းမက်ဆေ့ချ်များ ပို့ကာ တော်လှန်ရေးကို သွေးခွဲဖို့ စစ်ကောင်စီ ကြိုးစားပေမယ့် ထိရောက်မှု မရှိ

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက PDF နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေ နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ဖို့ဆိုတဲ့ အလိုအလျောက် မက်ဆေ့စာတိုတွေကို ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေတာ တွေ့ရပါတယ်။
Read More

တစ်လတိတိ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေ သေသူသေ၊ ပြေးသူပြေးကာ သိမ်းပိုက်နိုင်ခဲ့တဲ့ မဲပလီဗျူဟာစခန်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း အပူရုပ်နှင့် ဟန်လုပ်ပြောခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နှုတ်ထွက်မိန့်ခွန်းများ

မကြာခင် အချိန်ပိုင်းအတွင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းလိုကြောင်း ၅ ကြိမ်ထက်မနည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။
Read More

သေနတ်ထောက်ပြီး ဖုတ်ပူမီးတိုက်လုပ်မည့် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ၊ “ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် NUG က စစ်နိုင်အောင် တိုက်ရမှာပဲ။ သူမလုပ်ရင်တော့ ကြာလာတာနဲ့အမျှ စကစရဲ့ စစ်ရေးနိုင်ငံရေးက အပေါ်ကို ပြန်ရောက်သွားပြီး တော်လှန်ရေးက ခံစစ်ကို ရောက်သွားမယ်”

အဖက်ဖက်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အသည်းအသန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
Read More

စစ်ကောင်စီကို တရားဝင်နိုင်စေတဲ့ ဒေသတွင်းနိုင်ငံတချို့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုဟန့်တားကြမလဲ

လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီသည် အလွန်အားနည်းလာသော်လည်း စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်း၊ တော်လှန်ရေးတပ်များသည် အတော်အတန် အနိုင်ရလာပြီဖြစ်သော်လည်း အောင်ပွဲကို ထိန်းထားရန် မလွယ်သေးကြောင်း၊ ပိုဆိုးသည်မှာ အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် မဟာမိတ်များကြားတွင် နိုင်ငံရေးသဘောတူညီချက်ကို ရနိုင်ဖို့မလွယ်သေးကြောင်း စသဖြင့် မြန်မာ့အိမ်နီးချင်းများက ရှုမြင်ကြသည်။