ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းစဉ် အစောပိုင်းကာလတွေမှာ တူးမီး၊ လက်လုပ်သေနတ်တွေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်တွေဟာ  ၃နှစ်ကျော်အတွင်း စစ်ကောင်စီကို အကောင်းဆုံးစိန်ခေါ်ကာ မြို့သိမ်းတိုက်ပွဲတွေအဖြစ် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

ထန်တလန် တိုက်ပွဲကို ချင်းပြည်ကောင်စီ (CC) ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး မင်းတပ်နဲ့ ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက Operation CB အဖြစ်သတ်မှတ်ကာ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

တခြားသော တိုင်းရင်းသားဒေသတွေနဲ့ မတူညီတဲ့ အချက်ကတော့ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ ဆိုတဲ့ တော်လှန်ရေးအဖွဲ့နဲ့  ချင်းညီနောင်တပ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲကာ စစ်ကောင်စီကို ဖိအားပေးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မူလက တိုက်ပွဲတွေ မပြင်းထန်ခင်မှာ စစ်ကောင်စီက မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်ကို နယ်မြေစိုးမိုးထားပြီး ကျေးလက်ကရွာတွေမှာ  ချင်းတော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားတာ ဖြစ်ပါတယ်။

ထန်တလန်မြို့ (ဓာတ်ပုံ The Chinland Post)

လက်ရှိအချိန်မှာတော့ တော်လှန်ရေးတပ်တွေက မြို့ပေါ်အထိ ချဉ်းကပ်လာကာ စစ်ကောင်စီရဲ့ စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားနိုင်တဲ့အထိ အားကောင်းလာခဲ့ပါတယ်။

ဖလမ်းမြို့နယ်ထဲမှာ ပါဝင်တဲ့ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ်မှာ ချင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖလမ်းနဲ့ ကလေးမြို့ကြား ဝေဘူလမြို့ကိုလည်း နယ်မြေ စိုးမိုးထားတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်းမှာ ပထဝီအနေအထားအရ တောင်ကုန်းတောင်ကြောတွေပေါ်မှာ တည်ရှိတဲ့ ချင်းပြည်နယ်မှာ နယ်မြေရဲ့ ၇၀  ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မီဒီယာတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။

 စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာတင် ဒေသန္တရအုပ်ချုပ်ရေးတွေ ပျက်ပြားသွားပြီး အစိုးရရုံးဌာနအများစု မြို့ပေါ်ကနေ စွန့်ခွါကြေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ အဓိကစိန်ခေါ်မှုဟာ လမ်းပန်းဆက်သွယ်ရေးဖြစ်တာကြောင့် လေကြောင်းကိုသာ အဓိကအားထားပြီး အင်အားဖြည့်နေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ချင်းပြည်က မြို့သိမ်းတိုက်ပွဲတွေဟာ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တွေကလို နာမည်မကြီး မထင်ရှားပေမယ့်  ချင်းတော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးဗျူဟာအရ စစ်ကောင်စီကို လနဲ့ချီပိတ်ဆို့ပြီး ရိက္ခာနဲ့အင်အား ပြတ်တောက်သွားအောင် တိုက်ခိုက်နေတာဖြစ်တယ်လို့ CDM တပ်မတော်အရာရှိတွေက Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ဟားခါး-ထန်တလန်ကြားရှိ စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ရာတွင် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ The Chinland Post)

နိုင်ငံအတွင်း လူဦးရေအနည်းပါးဆုံး ချင်းပြည်နယ်မှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေက တိုက်ပွဲတွေကြောင့် မြို့ပေါ်ကနေ စွန့်ခွာနေရပြီး အိန္ဒိယနယ်စပ်နဲ့ စစ်ကိုင်းတိုင်းဘက်ကို စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်မှာ ချင်းပြည်နယ်က မြို့ ၇ ခုကို ချင်းတော်လှန်ရေး အဖွဲ့တွေက သိမ်းပိုက်ထားပြီး စစ်တပ်က ပြည်နယ် မြို့တော် ဟားခါး၊ မင်းတပ်၊ ကန်ပက်လက် နဲ့ဖလမ်း တို့ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။

ပြည်နယ် မြို့တော် ဟားခါးကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် အရေးပါတဲ့ ထန်တလန် မြို့ မကျစေဖို့ စစ်တပ်က ကြိုးပမ်းနေပြီး မြေပြင်စစ်ကူအင်အား ပို့ဆောင်ထားတဲ့ကြားကနေ ထန်တလန်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

မကွေးတိုင်းနဲ့ ထိစပ်နေတဲ့ မင်းတပ်မြို့မှာလည်း စစ်တပ်နဲ့ ချင်းတော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာတင် စစ်ကောင်စီက ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့ ၃ မြို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မြေပြင်မှာ စစ်ကူမပို့နိုင်လို့ ဝေဟင်ကို အသုံးပြုပြီး စစ်ကောင်စီ ခုခံနေစဉ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကြီး ၃မြို့ကို တပြိုင်နက်တည်း ဖိအားပေး ထိုးစစ်ဆင်နေကာ ၂၀၂၄ ခုနှစ်မကုန်ခင်မှာ အသာရမယ့် အခြေအနေတွေရှိနေကြောင်း ချင်းစစ်ရေးသတင်းအရင်းအမြစ်တွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ချင်းညီနောင်အဖွဲ့များ (ဓာတ်ပုံ The Matupi Times)
0 Shares:
You May Also Like
Read More

ရန်ကုန်နဲ့ မန္တလေးမှာ တစ်လအတွင်း လူငယ်လူရွယ် ၇၀၀ ကျော် အဓမ္မဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူတွေထဲ စစ်မှုထမ်းအကျုံးဝင်သူတွေအပြင် မြို့ပြတော်လှန်ရေးသမားတွေလည်းပါဝင်

ဇန်နဝါရီလအတွင်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီး ၂ခုမှာ လူငယ်ပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရပြီးစစ်မှုထမ်းပေါ်တာဆွဲမှုအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

အပြန်အလှန်ထိုးစစ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲ မန္တလေးအနီးက မတ္တရာ

မန္တလေး PDF ကစိုးမိုးထိန်းချုပ်ထားတဲ့ မတ္တရာ အနောက်မြောက်ခြမ်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ လက်ရှိအချိန်မှာ ပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာသော စစ်ကောင်စီ

သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။