မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
ဘေးလွတ်ရာတိမ်းရှောင်နေတဲ့ အရပ်သားတွေအတွက် အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်ချက်ရှိနေသလို ဆောင်းရာသီထဲ ရောက်လာပြီဖြစ်တာကြောင့် အအေးဒဏ်ပြဿနာကို ရင်ဆိုင်နေကြရတယ်လို့ မင်းဘူးခရိုင် ပကဖ DIA ကိုအညာသား က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၇ရက် မနက်ပိုင်းက ပွင့်ဖြူမြို့အ​နောက်ခြမ်း ဆည်တော်-မဲဇလီကြိုးတံတားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုရှိခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်းကစလို့ စေတုတ္တရာမြို့နယ်အတွင်းက ကျောက်ပုံ၊ ခဲပြစ်နဲ့ ညောင်ကုန်းရွာတွေဆီ အင်အား၃၀၀နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးတွေပစ်ခတ်ရင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်၊ စေတုတ္တရာ အခြေစိုက် ကပစ ၂၀ နဲ့ ပွင့်ဖြူမြို့နယ် ဆင်လူးရွာခံ ပျူစောထီးတွေ ပါဝင်တဲ့စစ်ကြောင်းကို မင်းဘူးခရိုင် တပ်ရင်း ၄နဲ့ ပွင့်ဖြူ ပကဖတို့က ရွာတွေထဲမဝင်ခင် ခုခံတိုက်ခိုက်ခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၈ရက် မနက်ပိုင်းမှာတော့ ကျောက်ပုံ၊ ခဲပြစ်နဲ့ ညောင်ကုန်းရွာတွေကို စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကြောင်းဝင်လာချိန် မပြေးနိုင်ခဲ့တဲ့ အသက် ၆၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ကိုလည်း စစ်အုပ်စုက ပစ်သတ်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီနောက်မှာ အကြမ်းဖက်စစ်တပ်က ​ရွာမီးရှို့လာတဲ့ စစ်ကြောင်းအပြင် တန့်ဆည်တောင်ခြေဘက်က စစ်ကြောင်းနဲ့ပါ ထပ်ပေါင်းပြီး စစ်ကြောင်းတွေခွဲကာ ပွင့်ဖြူမြို့နယ် လယ်မနဲ့ ကျွဲခြံရွာတွေဆီ ထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၉ရက်၊ မနက်ပိုင်းမှာတော့ စစ်ကြောင်းဝင် ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သလို နေအိမ်တွေ မီး​ငြှိမ်းသတ်တာ၊ သေဆုံးသူကို သဂြိုလ်ပေးတာတွေအပြင် မဲဇလီရွာတံတားထပ်က ဂိတ်တွေဆီ ဒရုန်းနဲ့ဗုံးသီးချတာတွေလုပ်ဆောင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်၄တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။
“စစ်ရှောင်တချို့ဆို ဆန်တွေ၊ ဆီတွေ ပြတ်နေပြီ။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ရှိနေပါတယ်။ ဒီဇင်ဘာလထဲဆိုတော့ ပိုဆိုးတာပေါ့။ စစ်ကြောင်းက ရုတ်တရက် ဝင်လာ​တာဆိုတော့ အရေးပေါ်ပြင်ဆင်ထားတာမျိုး မရှိခဲ့ဘူး။ ​ဒါကြောင့်ဖြစ်သလိုပဲ နေနေကြရတာပေါ့။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေ အတော်လေး ဒုက္ခရောက်နေတာပေါ့။” လို့ မင်းဘူးခရိုင် ပကဖ DIA ကိုအညာသား က မောင်းကိုပြောပါတယ်။
သူကပဲဆက်လက်ပြီး “စစ်​ကြောင်းကပြန်မဆုတ်နိုင်သေးတာရယ်။ ရှောင်နေရတဲ့ ရွာ၅ရွာမှာ နေအိမ်အလုံး၂၀၀ ကျော် မီးလောင်ခံထားရတော့ ပြန်ဖို့တောင် အိမ်မရှိတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတာပေါ့။ လောလောဆယ် ကျနော်တို့ ကာကွယ်ရေးတပ်တွေကလည်း ဆုတ်ပေးထားတယ်။ သူတို့လည်းလိုချင်တဲ့ပစ္စည်းတွေ သယ်သွားတယ်။ အိမ်တွေလည်း ပြာပုံကျနေပြီဆိုတော့ စစ်ကြောင်းက ထိုးမယ့်အရိပ်အယောင်တော့ မရှိတော့ပါဘူး။ ဒါပေမယ့် ဒေသခံတွေရှောင်နေရဆဲပါပဲ” လို့ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေက ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းနဲ့ ဆင်လူးကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်သွားပြီဆိုပေမယ့် စေတုတ္တရာနဲ့ ပွင့်ဖြူအစပ် မုံရွာ-ပုသိမ်လမ်းဘေးမှာရှိတဲ့ လယ်မ ၊ ကျွဲခြံ၊ ကျောက်ပြစ်၊ ခဲပုံနဲ့ ညောင်ကုန်းရွာတွေက အရပ်သား ၄ထောင်ကျော်ကတော့ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတာဖြစ်ပါတယ်။
မင်းဘူးခရိုင်တပ်ရင်း ၄ နဲ့ ပကဖ တပ်ရင်းတွေကတော့ စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ စားနပ်ရိက္ခာ ဆန်ဝေငှတာတွေအပြင် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားသူအတွက် သ​ဂြိုလ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ – မင်းဘူးခရိုင် တပ်ရင်း၄ က ထုတ်ပြန်တဲ့ စစ်ဘေးရှောင်တွေကို ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ပုံရိပ်တချို့
0 Shares:
You May Also Like
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ရဲဘော်တွေကို တပ်သားကုဒ်နဲ့ တာဝန်တွေ ခန့်အပ်​​ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။