မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
အာဏာချုပ်ကိုင်မှုအပေါ် စိန်ခေါ်မှုတွေ တိုးလာနေပေမယ့် ၎င်းရဲ့အားနည်းနေတဲ့ အခြေအနေကနေ နာလန်ပြန်ထူနိုင်တဲ့ လမ်းတချို့ ရှိနေတာကြောင့် မြန်မာစစ်တပ်ဟာ ၎င်းရဲ့အုပ်စိုးမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးရေပြင်ကျယ်မှာ အခုအချိန်ထိ လိုက်ပါစီးမျှောနေနိုင်ခြင်းလည်း ဖြစ်ပါတယ်။
ဒါဆို ဘယ်လိုအရာတွေက စစ်တပ်ရဲ့ ရှင်သန်နိုင်စွမ်းကို ခြိမ်းခြောက်နေတာလဲ။ သူ့ကို ဘာက တည်မြဲနေစေတာလဲ။ ဒီအတွက် တိကျတဲ့အဖြေတခု မရှိနေတဲ့တိုင် စစ်တပ်ရဲ့ အသက်ဆက်နေမှုအတွက် အဓိကကျတဲ့ အကြောင်းအချက်တခုက ဆယ်စုနှစ်များစွာအတွင်း မွေးမြူထားတဲ့ ၎င်းတို့ရဲ့ တပ်တွင်းသစ္စာခံတဲ့ ယဉ်ကျေးမှုပဲဖြစ်ပါတယ်။
ထုံးစံအားဖြင့် တပ်တွင်းသစ္စာခံမှုရဲ့ အရင်းခံအကြောင်းအရာတွေက စစ်သားတွေပဲ ခံစားခွင့်ရတဲ့ အဆင့်မြင့်လူတန်းစားဖြစ်မှုနဲ့ ငွေကြေးဆိုင်ရာ အခွင့်ထူးတွေအပေါ် မူတည်ပါတယ်။ အရာရှိကြီးတွေက ၎င်းတို့ရဲ့ပိုင်နက်နယ်ပယ်တွေအတွင်း အကျင့်ပျက်ခြစားမှု၊ ခေါင်းပုံဖြတ်မှုနဲ့ သယံဇာတထုတ်ယူမှု တွေကတဆင့် မတရားစီးပွားရှာကြတာပါ။ ဒါ့အပြင် အမျိုးသားရေး၊ ဘာသာရေးနှင့် လူမျိုးရေးအခြေခံတဲ့ အယူဝါဒတွေကြောင့် စစ်တပ်အပေါ် သူတို့ရဲ့သစ္စာခံမှုက ပိုပြီးအားကောင်းလာပါတယ်။
ဒီကနေ့ခေတ်မှာတော့ မြန်မာစစ်တပ်အတွင်း သစ္စာခံမှုက အတော်လေး အားလျော့သွားပြီလို့ ဆိုရပါမယ်။ စစ်တပ်ရဲ့ အရင်းခံအယူဝါဒတွေဟာ ပုပ်ပွနေပါပြီ။ သူတို့ရဲ့ သူကောင်းပြုနိုင်တဲ့ကွန်ရက် ကလည်း မသေချာမရေရာတဲ့အခြေအနေကို ပြောင်းလဲသွားပါတယ်။ စီးပွားရေးအကျိုးခံစားခွင့်တွေကလည်း အရာရှိတွေက ပိုပြီး လက်ဝါးကြီးအုပ်လာတာကြောင့် လက်လှမ်းမီဖို့ ခက်ခဲလာပါတယ်။ ဒါ့အပြင် စစ်မှုထမ်းရတာကလည်း လူမှုအသိုင်းအဝိုင်းကြား လေးစားခံရမယ့် ကိစ္စတခုဆိုတာထက် ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာပါတယ်။
ဒီအခြေအနေတွေကြောင့် ဗိုလ်ချုပ်ကြီးတွေဟာ နိုင်ထက်စီးနင်း အကြပ်ကိုင်ပြီး သူတို့ရဲ့အာဏာကို ထိန်းသိမ်းဖို့ ပိုလုပ်လာခဲ့ကြပါတယ်။ သူတို့ကို အုပ်စုဖွဲ့ပြီး အာမခံနိုင်အောင် အရာရှိတွေကို တာဝန်ပေးပြီး နေရာပြောင်းတာတွေ မကြာခဏလုပ်ဆောင်သလို အာခံမယ့်အရိပ်အယောင်တွေ့ရင်လည်း ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ တပ်တွင်းညီညွတ်မှုကို ထိန်းသိမ်းဖို့ စစ်အုပ်စုရဲ့ ကြိုးပမ်းမှုက ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို အားလျော့သွားစေပါတယ်။ တပ်တွင်းပုန်ကန်မှုတွေထက်စာရင် စစ်မြေပြင်အရှုံးမှုတွေက လက်ရှိမှာ စစ်တပ်ကို ပိုပြီး ခြိမ်းခြောက်လာပါတယ်။
မကြာသေးမီလတွေအတွင်း စစ်တပ်အရာရှိတွေဟာ စစ်တိုက်မဲ့အစား တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အညံ့ခံခဲ့ကြပြီး စစ်တပ်ကနေ စစ်ပြေးတာတွေနဲ့ ဘက်ပြောင်းတာတွေ ဆက်တိုက်ရှိလာပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ ၎င်းတို့ကို ပံ့ပိုးပေးမယ်ဆိုတဲ့ကတိက ဒီအပေါ် တစိတ်တပိုင်း တွန်းအားဖြစ်စေခဲ့ပါတယ်။ ဒီလိုကိစ္စတွေ ပိုပြီးအရှိန်မြင့်လာသည့်တိုင် တော်လှန်ရေးဘက်မှာ စစ်ကောင်စီရဲ့ အလတ်တန်းနဲ့ အကြီးတန်းအရာရှိတွေကို ဒီထက်ပို ဖြိုခွင်းနိုင်ဖို့ အရင်းအမြစ်တွေ မလုံလောက်နေသေးပါဘူး။
ဒါကြောင့်လည်း စစ်ကောင်စီဟာ အာဏာဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ပြီး ၎င်းရဲ့ အနာဂတ်က ပိုမိုမှုန်ဝါးလာသည့်တိုင် အင်အားကြီးအစုအဖွဲ့အဖြစ် ဆက်လက်တည်ရှိနေခြင်းလည်းဖြစ်ပါတယ်။
ပြည်သူကို အာဏာနဲ့အနိုင်ကျင့်တဲ့ စစ်တပ်
======================
မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေ၊ နေရာတိုင်းမှာရှိတဲ့ ထိန်းချုပ်ရေးယန္တရားတွေနဲ့ လူထုအပေါ် ခြယ်လှယ်နေပြီး နိုင်ငံရေးနဲ့ စီးပွားရေးအရ အခွင့်ထူးခံလူတန်းစားတရပ်အဖြစ် အချိန်ကြာရှည် ရပ်တည်ခဲ့ပါတယ်။ နိုင်ငံရေးပြိုင်ဘက်တွေ၊ ပြည်တွင်းတော်လှန်ရေးတွေနဲ့ လူထုအုံကြွမှုတွေကို နိုင်ထက်စီးနင်း အကျပ်ကိုင်ပြီး ဆက်တိုက် ဖိနှိပ်ခဲ့ပါတယ်။
တော်လှန်ပုန်ကန်မှုတွေဖြစ်လာရင် ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အနိုင်ယူနိုင်မယ်လို့ ယုံကြည်တာကြောင့်လည်း စစ်ကောင်စီဟာ အခုလို မတရားအာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တာပါ။
တကယ်တမ်း မြန်မာစစ်တပ်ဟာ စစ်တပ်ပီသတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် မဟုတ်ပါဘူး။ မြန်မာစစ်တပ်ဟာ လက်နက်တပ်ဆင်ထားတဲ့ အင်အားကြီး အာဏာရှင် အဖွဲ့အစည်းတခုသာဖြစ်ပါတယ်။ ၁၉၆၂ ကနေ ၁၉၈၈ အထိ မြန်မာပြည်ရဲ့ အာဏာရှင် ဗိုလ်နေဝင်းက ပဒေသရာဇ်စနစ်နဲ့ ပုံသွင်းခဲ့တာပါ။ ဒီလိုဖွဲ့စည်းပုံမျိုးနဲ့ပဲ အများစုက အခုချိန်ထိ ဆက်ရှိနေပါသေးတယ်။
စစ်တိုင်းမှူးတွေက ၎င်းတို့ရဲ့ နယ်မြေတွေကို အုပ်စိုးခွင့်ရရှိထားပေမဲ့ အဆုံးမဲ့အာဏာကတော့ ကာကွယ်ရေးဦးစီးချုပ်ဆီမှာပဲ ရှိတာပါ။ သူတို့စနစ်အတွင်းက ဘယ်သူမှ ကာချုပ်ရဲ့လုပ်ပိုင်ခွင့်ကို စိန်မခေါ်ရဲပါဘူး။ ဒုတပ်ချုပ်စိုးဝင်းကို တပ်ထောက်ခံသူတွေက အဲဒီလိုလုပ်ဖို့ တောင်းဆိုကြတာတောင်မှ သူ့အနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေရာကို သွားပြီးထိပါးနိုင်တဲ့ အနေအထား မရှိနေပါဘူး။
ပြည်သူလူထုအပေါ် ချုပ််ကိုင်ချယ်လှယ်တဲ့ အာဏာကို တည်တံ့ခိုင်မြဲစေဖို့နဲ့ သူတို့ရဲ့ သူကောင်းပြုတဲ့ကွန်ရက်ကို ရှင်သန်နေစေဖို့ စစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ််းထားမှုတွေက စစ်တပ်ကို အမြစ်တွယ် မပြိုလဲအောင် လုပ်ဆောင်ထားပါတယ်။ မတရားအာဏာနဲ့ အမြတ်ထုတ်ထားတဲ့ အရင်းအမြစ်တွေကို အသုံးချပြီး စစ်တပ်ကို ကိုယ့်ဘာကိုယ်ရပ်တည်နိုင်တဲ့ တပ်တွင်းစည်းနှောင်မှု အားကောင်းတဲ့ အခွင့်ထူးခံအဖွဲ့အစည်းကြီးတခု ဖြစ်လာအောင် တည်ဆောက်ခဲ့ကြပါတယ်။
စစ်တပ်ကို ၎င်းရှင်သန်တဲ့ကမ္ဘာမှာ အမှီအခိုကင်းကင်း ရပ်တည်နိုင်အောင် နိုင်ငံအတွင်းက စီးပွားရေးကဏ္ဍတခုလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားလိုက်ပါတယ်။ ဒီအတွက် ပြည်သူတွေငတ်နေရင်တောင် စစ်တပ်က ထမင်းဝစေပါလိမ့်မယ်။
ယိုယွင်းနေတဲ့ တပ်တွင်းအယူအဆ
===================
စစ်တပ်ဟာ ၎င်းရဲ့လုပ်ရပ်တွေ မှန်ကြောင်းပြဖို့ သူ့ကိုယ်သူ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေသူအဖြစ် ကြေညာပြီး တိုင်းပြည်ညီညွတ်ရေး၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာတည်တံ့ရေးနဲ့ တိုင်းပြည်မပြိုကွဲရေးတို့ကို စစ်တပ်ရဲ့ အဓိကတာဝန်တွေအဖြစ် ဖော်ညွှန်းထားပါတယ်။ ဗမာလူမျိုးနဲ့ ဗုဒ္ဓဘာသာ (အမျိုး၊ ဘာသာ၊ သာသနာ) ကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းအဖြစ်လည်း အခိုင်အမာပြောဆိုနေပါသေးတယ်။
တပ်အရာရှိတွေ အတော်များများကတော့ ဒီအရေးတွေကို စစ်တပ်ရဲ့ လမ်းညွှန်ရည်ရွယ်ချက်တွေအဖြစ် မယုံကြတော့ပါဘူး။ ၂၀၂၁ စစ်အာဏာသိမ်းမှုက သူတို့ရဲ့ ဆင်ခြင်တုံတရားကို လုံးဝလှိုက်စားသွားစေခဲ့ပါတယ်။ (ဗမာ) အမျိုးကို ကာကွယ်ပေးနေတယ်လို့ဆိုပြီး အရပ်သားနေအိမ် ၁၀၁,၄၆၃ လုံးကို မီးရှို့တာတွေ၊ ဆိုးယုတ်တဲ့ ရက်စက်မှုတွေကို ကျူးလွန်တာတွေကို ဗမာအများစုနေထိုင်ရာ အညာဒေသထဲ လုပ်ဆောင်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာ၊ သာသနာကို ကာကွယ်တယ်လို့ဆိုဖို့ကလည်း ခရိုနီဘုန်းကြီးတွေပဲ မျက်နှာသာရ တန်ခိုးထွားလာတာကို မြင်ရတာပါ။ ဒီဂုဏ်ပုဒ်ကလည်း စစ်တပ်ရဲ့ ဘုန်းကြီးကျောင်းတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတပါးကို ပစ်သတ်ခဲ့အပြီး ဆုတ်ယုတ်သွားခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ သီလရှင်တွေအကြား မကျေနပ်မှုတွေလည်း ကြီးထွားလာပါတယ်။
အယူဝါဒနှင့် ခံယူချက်ရဲ့ လှုံ့ဆော်မှုအားက သိသိသာသာ ကျဆင်းသွားပေမဲ့ စစ်ကောင်စီတပ်ရဲ့ ရှင်သန်နိုင်စွမ်းအတွက် အရေးပေါ်အခြေအနေတော့ မဟုတ်နေသေးပါဘူး။ သူတို့အတွက် ဒီထက်ပို အရေးကြီးတာက ၎င်းရဲ့ဖွဲ့စည်းပုံနဲ့ သစ္စာခံတွေကို မျက်နှာသာပေး သူကောင်းပြုတဲ့ ကွန်ရက်တွေပဲဖြစ်ပါတယ်။
သစ္စာခံတွေသာ သူကောင်းပြုတဲ့ စနစ်သစ်
=======================
စစ်သားတော်တော်များများ စစ်တိုက်ဖို့မဟုတ်ဘဲ လူမှုအဆင့်အတန်းမြင့်ဖို့နဲ့ စီးပွားရေးအခြေအနေ ကောင်းချင်လို့သာ တပ်ထဲဝင်လာကြတာပါ။ အခုတော့ တပ်ထဲဝင်ရင် အဲဒီလိုအခွင့်ထူးတွေ မရနိုင်တော့ပါဘူး။
တပ်ထဲကသူတချို့ကတော့ အခုအချိန်အထိ သူတို့ရဲ့ရာထူးကိုသုံးပြီး အစိုးရလုပ်ထုံးလုပ်နည်းတွေကနေ ရှောင်ထွက်တာတွေနဲ့ သူတို့မိသားစုတွေ အခြေမပျက်အောင် လုပ်နိုင်နေဆဲပါပဲ။ သူတို့တွေဟာ သူတို့နားကလူတွေကို အဓမ္မစစ်မှုထမ်းဖို့ကနေ ရှောင်ရှားဖို့ ဒါမှမဟုတ် တစတစပိုပိုရှားလာတဲ့ အခြေခံကုန်စည်တွေကို ရနိုင်ဖို့ ကူညီပေးနိုင်နေပါတယ်။ ဒါပေမဲ့ လက်ရှိမှာ စစ်ကောင်စီ ဒါမှမဟုတ် မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေသူတွေဟာ အရှက်ကွဲတာ၊ ဖယ်ကြဉ်ခံရတာတွေနဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ စီးပွားရေး အလျင်အမြန်ကျုံ့ကျလာတဲ့ကြားက စစ်တပ်အတွက် ဦးစားပေးပြီး အရင်းအမြစ်တွေသုံးစွဲတာတွေနဲ့ စစ်တပ်အရာရှိတွေ ဖောင်းပွလာတာကြောင့်လည်း စီးပွားရေးအရ အခွင့်ထူးတွေလည်း နည်းလာပါတယ်။
ဒါပေမယ့် အာဏာကို ဗဟိုကဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ မင်းအောင်လှိုင်ဟာ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်ဖို့ သစ္စာခံသူကောင်းပြုကွန်ရက်တွေကို ပြန်လည်ဖွဲ့စည်းဖို့ စတင်နေခဲ့ပါတယ်။
နေဝင်းက စတည်ပြီး ၁၉၉၂-၂၀၁၀ ခုနှစ်အထိ တိုင်းပြည်ကို ကြီးစိုးခဲ့တဲ့ အာဏာရှင်သန်းရွှေ ဆက်ထိန်းခဲ့တဲ့ အဲဒီကွန်ရက်တွေကြောင့်ပဲ စစ်တိုင်းမှူးတွေဟာ သူတို့ရဲ့ ကွပ်ကဲဒေသအတွင်းက စီးပွားရေးလုပ်ငန်းတွေကနေတဆင့် ချမ်းသာကြွယ်ဝလာကြပါတယ်။
အဲဒီအထဲမှာ သယံဇာတတူးဖော်တာတွေ၊ မြေယာသိမ်းတာတွေ ဒါမှမဟုတ် ဒေသခံပြည်သူတွေကို နစ်နာစေခဲ့တဲ့ ရာဇ၀တ်မှုလုပ်ငန်းတွေပါဝင်ပါတယ်။ ဒါတွေဟာ အာဏာမသိမ်းခင်က စစ်တပ်အပေါ် လူထုက မုန်းတီးစေခဲ့တဲ့ အဓိကကျတဲ့ကိစ္စတွေ ဖြစ်နေပါလိမ့်မယ်။
စစ်တပ်မှာ အရာရှိကြီးအဖြစ် ခန့်အပ်ခံလိုက်ရတယ်ဆိုကတည်းက အကျင့်ပျက်ခြစားမှုတွေနဲ့ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေကို သွယ်ဝိုက်လုပ်ခွင့်ပေးလိုက်သလို ဖြစ်နေတာပါ။
========================
ဆက်လက်ဖော်ပြပါမယ်။
Ye Myo Hein နဲ့ Billy Ford တို့ ရေးသားပြီး USIP မှာ ဖော်ပြထားတဲ့ “The Myanmar Military’s Institutional Resilience” ဆိုတဲ့ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဖော်ပြခြင်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

အရည်အသွေးနိမ့် မြန်မာရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ ပြည်သူတွေကို တော်လှန်ရေးကနေ အာရုံလွှဲဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီဟာ သူတို့ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေပြီး ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ သွေးခွဲဖို့ လုပ်ဆောင်မှုတွေ ရှိနေကြောင်း တော်လှန်အနုပညာရှင်တွေက ပြောပါတယ်။
Read More

ပဲခူးနှင့် တနင်္သာရီတိုင်းမှာ စစ်ကောင်စီစခန်း ၈ ခုကို ပကဖ များပါဝင်သည့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွင်း အင်အားရာချီပါသည့် စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့

ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အင်အား ရာချီရှိတဲ့ အကြမ်းဖက်စစ်ကြောင်းများကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 
Read More

မြန်မာစစ်ကောင်စီအလိုကျ ကပြအသုံးတော်ခံနေသည့် ကုလသမဂ္ဂ

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရာရှိတွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မလုပ်ရင် မြန်မာ့အကျပ်အတည်းမှာ ကျူးလွန်သူတွေကို တရားဝင်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒါဟာမြန်မာပြည်သူတွေအပေါ် နောက်တခါ သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။
Read More

စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။