နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။
စစ်ကောင်စီဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကို လုပ်ဆောင်နိုင်မှာမဟုတ်သလို ၂၀၂၁ အာဏာသိမ်းမှုက အစပြုခဲ့တဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာလည်း အစိုးရ-လူထုဆက်ဆံရေး၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွေရဲ့ အခြေခံကျတဲ့ ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုဆီကို ဦးတည်ရွေ့လျားလျက်ရှိနေတာပါ။
နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံကို အကြမ်းဖက်အာဏာသိမ်းခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲ ရေစီးကမ်းပြို အနိုင်ရမှုကို အဓမ္မဖယ်ရှားပစ်ခဲ့ပါတယ်။
မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ ခိုင်လုံတဲ့အထောက်အထားတွေမရှိဘဲ စွပ်စွဲပြောဆိုခဲ့ပေမယ့်၊ လက်ရှိ ၎င်းတို့စီစဉ်နေတဲ့ ရွေးကောက်ပွဲမတိုင်ခင် သန်းခေါင်စာရင်းကောက်ယူမှုဟာလည်း အလွန်ကမောက်ကမ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။
ဒေသတွင်းအစိုးရတွေက မြန်မာပြည်ကို တမျိုးမျိုးသော “ပုံမှန်အခြေအနေ” ဆီ ပြန်ရောက်နေစေချင်တာမျိုး မဟုတ်ရင် စစ်ကောင်စီရဲ့ ဒီလိုမျိုး အတုအယောင်အာဏာရယူဖို့ ကြိုးပမ်းမှုဟာ ရယ်စရာကောင်းနေမှာပါ။ နိုင်ငံတကာကလည်း အာဆီယံကိုပဲ မြန်မာ့အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းထားစေပြီး တိုးတက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။
စစ်ကောင်စီက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အထင်မှားနေတာ မရှိနေပေမဲ့၊ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့ ဆွဲဆောင်မှုရှိတဲ့ “ထွက်ပေါက်” အဖြစ်တော့ ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်အောက်မှာ ရွေးကောက်ပွဲတွေပြုလုပ်ခြင်းက နောက်ထပ်နောက်ထပ် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဆီကို တွန်းပို့သလို ဖြစ်နိုင်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေဟာ နိုင်ငံရဲ့ နေရာတော်တော်များများကို စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့ပြီး ယခင်က အစိုးရထိန်းချုပ်မှု အခိုင်အမာရယူထားတဲ့ ဗမာလူမျိုး အများစုနေထိုင်ရာ အညာဒေသတွေအထိတောင် လွတ်မြောက်နယ်မြေတွေ ထူထောင်နိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃နှစ်ခွဲကျော်အကြာ ၂၀၂၄ စက်တင်ဘာလအရောက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံတဝက်ကိုတောင် မထိန်းချုပ်ထားနိုင်တော့ပါဘူး။ ဆိုလိုတာက နိုင်ငံသားပေါင်းများစွာဟာ မဲပေးခွင့်မရှိတာ ဒါမှမဟုတ် အန္တရာယ်များတဲ့အနေအထားမှာသာ မဲပေးနိုင်တာမျိုး ဖြစ်နေမှာပါ။
ကျောင်းဆရာတွေနဲ့ အခြားအရပ်ဘက်ဝန်ထမ်းတွေဟာလည်း သန်းခေါင်စာရင်းကောက်ယူဖို့နဲ့ ရွေးကောက်ပွဲတွေ စီမံလုပ်ဆောင်ဖို့ အတင်းအကြပ် ဖိအားပေးခံရဖွယ်ရှိပြီး စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ဒါမှမဟုတ် ဒီထက်ပိုပြင်းထန်တဲ့ ဒဏ်ခတ်တာတွေကို ခံရစေမှာပါ။
စစ်ကောင်စီဟာ တော်လှန်ရေးအုပ်စုတွေကို ဖော်ထုတ်ချေမှုန်းဖို့ အဓိကရည်ရွယ်ပြီး သန်းခေါင်စာရင်းကောက်ယူနေတာလို့ တက်ကြွလှုပ်ရှားသူတွေ တော်တော်များများက သံသယရှိနေပါတယ်။ စစ်ကောင်စီလုပ်ဆောင်မယ့် ရွေးကောက်ပွဲကို များလှစွာသော ပြည်သူလူထုတွေနဲ့ အဓိကနိုင်ငံရေးပါတီတွေက သပိတ်မှောက်ကြဖွယ်ရှိနေပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီဟာ လူပေါင်း ၂၇,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူပေါင်း ၂၀,၀၀၀ ကျော်ဟာ အကျဉ်းချခံထားရဆဲပါပဲ။ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၅,၅၀၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေရဲ့ အလွန်တရာ ရွံ့ရှာမုန်းတီးခြင်းကို ခံနေရပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာရင်လည်း စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ ဘယ်ပါတီကိုမှ ပြည်သူတွေ မဲပေးဖို့ မဖြစ်နိုင်ပါဘူး။
၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက စစ်တပ်နောက်ခံပါတီတွေဟာ မြန်မာနိုင်ငံက ရှားရှားပါးပါး ရွေးကောက်ပွဲတွေထဲမှာ တပြည်လုံးမဲရဲ့ လေးပုံတပုံကျော် ရဖို့ခဲယဉ်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောလို့ရသလိုရှိတဲ့ ရွေးကောက်ပွဲသုံးခု (၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀) မှာလည်း NLD ပါတီက တစ်နိုင်ငံလုံးအနေနဲ့ လူထုဆန္ဒမဲ ၆၀% ဝန်းကျင်နဲ့ အနိုင်ရခဲ့ပြီး မြန်မာပြည်ရဲ့ မဲများသူအနိုင်ရတဲ့စနစ် (first-past-the-post) စနစ်အောက် အမတ်နေရာအများစုကို ရရှိခဲ့ပါတယ်။
စစ်ကောင်စီက ကြေညာထားတဲ့ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီခန့် ရွေးကောက်ပွ်ကော်မရှင်က အချိုးကျကိုယ်စားပြုမှု (PR) စနစ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါဟာ စစ်တပ်နောက်ခံပြုပါတီတွေနဲ့ စစ်ကောင်စီခြယ်လှယ်မယ့် ရွေးကောက်ပွဲတွေထဲ ပါဝင်ရလောက်အောင် အမြော်အမြင်မရှိတဲ့ တချို့သောလူမျိုးစုပါတီတွေအတွက်သာ အကျိုးရှိစေမှာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ မြန်မာနိုင်ငံအတွင်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ မဖြစ်နိုင်သလို၊ ကျယ်ပြန့်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပြန်ပြီး အသက်သွင်းဖို့ တောင်းဆိုမှုတွေကနေ ပိုပြီးရှေ့ဆက်လာပြီဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့သုံးနှစ်ကျော်အတွင်း မြန်မာပြည်ရဲ့ အစိုးရ-လူထုဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲဖို့ရည်ရွယ်ပြီး အမြစ်လှန်ပြောင်းလဲလိုတဲ့ အထွေထွေသဘောထားပါဝင်တဲ့ နွေဦးတော်လှန်ရေးတခု ဖြစ်လာခဲ့ပါတယ်။
အာဏာသိမ်းမှုမတိုင်မီက ရှုထောင့်အမြင်တွေနဲ့ ဆွေးနွေးငြင်းခုန်မှုတွေဟာ ဒီမိုကရေစီရရှိဖို့ သို့မဟုတ် ခိုင်မာလာဖို့အပေါ် အာရုံစိုက်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဖက်ဒရယ်စနစ်ကို အတိုင်းအတာတခုအထိ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အခြားသော စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေက နိုင်ငံတွင်းက နေရာအတော်များများမှာ မြန်မာစစ်တပ်ကို အနိုင်ယူထားနိုင်တဲ့အလျောက် လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် စိတ်ဓာတ်တွေကလည်း ပိုပြီး အရှိန်အဟုန်မြင့်လာပါတယ်။ (၂၀၂၀ ရလဒ်အရ အစိုးရဖွဲ့ဖို့ မအောင်မြင်ခဲ့တဲ့) NLD အစိုးရကို ပြန်လည်အသက်သွင်းဖို့ ဆိုတာထက် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် လိုအပ်ကြောင်း လူထုရဲ့တောင်းဆိုမှုအပေါ် ပိုအာရုံစိုက်လာပါတယ်။
နိုင်ငံရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေကို အခြေခံကျကျ ပြောင်းလဲမှပဲ အစိုးရနဲ့လူထု၊ လူများစုနဲ့ လူနည်းစု၊ ဗဟိုနဲ့အစွန်အဖျား စတာတွေအကြားက ဆယ်စုနှစ်များစွာအကြာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ လူငယ်တက်ကြွလှုပ်ရှားသူတွေကလည်း ထောက်ပြပြောဆိုနေကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုတွေက ဒေသန္တရ အုပ်ချုပ်ရေးအစီအစဉ်တွေကို အသိအမှတ်ပြုခြင်း အပါအဝင် ကိုယ်ပိုင်ပြဌါန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကျပ်အတည်းကြားက ထွက်ပေါ်လာတဲ့ (ကရင်နီပြည်အတိုင်ပင်ခံကောင်စီလိုမျိုး) ပြည်နယ််အခြေပြု အဖွဲ့အစည်းတွေနဲ့ အရေးပါတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီး ဦး‌ဆောင်လုပ်ကိုင်‌နေတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုတွေအပေါ် အသိအမှတ်ပြု ပံ့ပိုးပေးဖို့ အစောတလျင်လိုအပ်မှုပဲ ဖြစ်ပါတယ်။
အဲဒီလိုအစီအစဉ်တွေကို ပေါင်းစည်းနိုင်မှသာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေအနေတွေအောက်မှာ ရွေးကောက်ပွဲတွေ အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်ထားဖို့အရေး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း အားလုံးပါဝင်တဲ့ အုပ်ချုပ်မှုအစီအစဉ်တွေကို အားပေးမြှင့်တင်ခြင်းအားဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတည်ဆောက်မှုမျိုးကို ပံ့ပိုးကူညီနိုင်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်-ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်သစ်ကို သဘောတူညီထားခြင်းမရှိရင် ရွေးကောက်ပွဲတွေ အထူးသဖြင့် စစ်ကောင်စီက စီမံခန့်ခွဲမယ့် ရွေးကောက်ပွဲတွေဟာ အကောင်းဆုံးရလဒ်အနေနဲ့ အာဏာရှင်/ လူများစု ကြီးစိုးအုပ်ချုပ်ရေး ကနေ အဆိုးဆုံးအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီကို တရားဝင်ဖြစ်စေရေးကို ပြန်ပြီးအသက်သွင်းနိုင်လောက်ထိ အန္တရာယ်များစေမှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အပူတပြင်း လုပ်ချင်နေတဲ့အစီအမံကို ထောက်ခံခြင်းက တိုင်းပြည်ရဲ့ အမှန်တကယ် လိုအပ်ချက်တွေကနေ လွဲချော်သွားစေမှာပါ။ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသူတွေဟာလည်း နွေဦးတော်လှန်ရေးနောက် ရပ်တည်ပေးသင့်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကတဆင့် အကူအညီပေးအပ်ကာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အခြေပြု အုပ်ချုပ်ရေးအဖွဲ့တွေကို အသိအမှတ်ပြုပေးသင့်ပါတယ်။
===================
East Asia Forum မှာ ဖော်ပြထားတဲ့ မိကွန်းချန်းနွန်နဲ့ Ashley South တို့ရဲ့ “Don’t fall for the fake election in Myanmar” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ မိကွမ်းချန်နွန်ဟာ မွန်အမျိုးသမီးများအဖွဲ့ (MWO) မှာ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရဲ့ ဒါရိုက်တာဖြစ်သလို၊ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) က အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ Ashley South ဟာ ချင်းမိုင်တက္ကသိုလ်က သုတေသီဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

စစ်တပ်ထဲတွင် ဆေးသုံးထားပြီး ထမင်းမကျွေးရင် မစားသူ၊ တစ်ယောက်တည်း စကားပြောနေသူ၊ ရယ်နေသူ၊ ငိုနေသူများ တွေ့ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းတပ်သား ပြော

အကြမ်းဖက်စစ်တပ်ထဲမှာ ဆေးကြောင်နေသူတွေ၊ အဘိုးအိုတွေ၊ ပညာမဲ့တွေနဲ့အတူ အထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေ ကြုံခဲ့ရတဲ့အကြောင်း စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စစ်ရေးဗျူဟာအတွေ့အကြုံတွေကို သွေးနဲ့ရင်းပြီးရခဲ့တဲ့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း

ဗျူဟာကျကျ စစ်တိုက်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံတွေလိုချင်လို့ ချင်းညီနောင်အဖွဲ့နဲ့အတူ  မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃ ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ပြည်သူတွေကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

ထိုင်းနိုင်ငံခေါ်သွားမယ့် ပွဲစားက စစ်တပ်ထဲရောင်းစားခဲ့လို့ ပြန်ထွက်ပြေးလာရသူ

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အပြစ်မဲ့ပြည်သူတွေကို ရရာနည်းလမ်းသုံးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေမှုမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လူအရောင်းအဝယ် လုပ်ကာ စုဆောင်းနေတာတွေလည်း ရှိနေပါတယ်။