စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၃ရက်နေ့က တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတွေ၊ စစ်တပ်လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၃ကြိမ်ရှိခဲ့ပြီး ကသည်းလက်နက်ကိုင် ၃ယောက်သေဆုံးကာ ၁ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ရင်းရဲ့ ကာကင်းစခန်းတစ်ခုလည်း ဝင်ရောက်စီးနင်းခံရပြီး တပ်စိတ်မှူးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ယောက်ကျဆုံးခဲ့တယ်လို့ တမူးခရိုင် အမှတ် ၄ တပ်ရင်းက တပ်ရေးဗိုလ် အောင်ပြည့်ဖြိုးက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်၊ မနက်အစောပိုင်းမှာ တမူးခရိုင်အမှတ် ၄တပ်ရင်းရဲ့ ရဲဘော်တွေ ရှိနေတဲ့ ကာကင်းစခန်းကို ပန်းသာပျူစောထီးရွာ အထိုင်စခန်းကလာတဲ့ အကြမ်းဖက်စစ်သားနဲ့ပျူတွေက အင်အား၅၀နီးပါးနဲ့ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မနက် ၅ နာရီခွဲဝန်းကျင်လောက်မှာ ကျနော်တို့ တပ်ရင်း ၄ ကာကင်းကို စကစ နဲ့ ပျူစောထီးတွေ အလစ်ငိုက် ဝင်တိုက်ပါတယ်။ ရဲဘော်တွေလည်း ပြင်ဆင်ချိန်မရခဲ့ပေမယ့် ရသလောက် နဲ့ ပြန်လည်ခုခံနိုင်ခဲ့ပါတယ်။ ရန်သူကတော့ ရန်သူပီသတယ်ပဲ ပြောရမယ်။ ကလေးတွေ အရှင်မိတော့ ခေါင်းကိုမှ ရွေးပစ်သွားတယ်။ တပ်စိတ်မှူးကျတာကလည်း ရဲဘော်တွေ ကျန်ခဲ့လို့ဆိုပြီး ပြန်သွားခေါ်တဲ့အချိန်မှာ ဖမ်းခံလိုက်ရတာပါလို့ တမူးခရိုင် အမှတ် ၄တပ်ရင်းက တပ်ရေးဗိုလ် အောင်ပြည့်ဖြိုးက မောင်းကို ပြောပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေ သိမ်းဆည်းထားတဲ့ ကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြန်လည်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

တမူးခရိုင်တပ်ရင်း ၄ မှ ကျဆုံးရဲဘော်များ (ဓာတ်ပုံ တမူးခရိုင်တပ်ရင်း ၄)

မနက် ၁၀နာရီဝန်းကျင်လောက်မှာကျနော်တို့ဘက်က တန်ပြန်စစ်ထိုးပြီး ကာကင်းကို ပြန်ဝင်စီးခဲ့ပါတယ်။ ပါတဲ့အင်အားနဲ့ မရပ်တမ်းပစ်ခတ်နိုင်ခဲ့လို့ သူတို့တွေ ပြင်ဆင်ချိန်မရဘဲ ပြန်ပြီးထွက်ပြေးကုန်ကြပါတယ်။လို့ တမူးခရိုင် အမှတ် ၄တပ်ရင်းက တပ်ရေးဗိုလ် အောင်ပြည့်ဖြိုးက မောင်းကိုပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း နမွန်းတားကျေးရွာကို ဆိုင်ကယ်တွေနဲ့ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ မနက် ၆နာရီ ခွဲဝန်းကျင်လောက်မှာပဲ စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တွေက ခရိုင်၁ ဂိတ်လို့ခေါ်တဲ့ နမွန်းတားဂိတ်ကို ဆိုင်ကယ် ၅စီး လူ၁၀ ယောက်စီးပြီး ရောက်လာပါတယ်။ ဒါပေမယ့် ၃စီးနဲ့ ၆ယောက်က တံတားပေါ် စောင့်ကျန်နေခဲ့ပြီး ၂စီးနဲ့ ၄ယောက်သာ ဂိတ်ထိရောက်လာလို့ ကျနော်တို့နဲ့ ပစ်ခတ်ခဲ့တာမှာ ၃ယောက်ပွဲချင်းပြီးသေပြီး ၁ယောက် အရှင်မိခဲ့ပါတယ်။ တစ်ပါတည်းသူတို့နဲ့ပါလာတဲ့ AK 47 သေနတ်၄လက်ကိုလည်း သိမ်းဆည်းရမိတယ်ပေါ့။ ကျန်တဲ့ ဆိုင်ကယ်၃စီးနဲ့ ၆ယောက်ကတော့ ဆိုင်ကယ်တွေထားပီး လူလွတ်ရုန်းပြေးကြပါတယ်။လို့ တပ်ရေးဗိုလ် အောင်ပြည့်ဖြိုးက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲထဲ ကျဆုံးခဲ့တဲ့ရဲဘော်တွေအတွက် သဂြိုလ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လူ့အသက်များ စတေးထားရသည့် တော်လှန်ရေးဖြစ်တာကြောင့် သဘောထားများ တိုက်ဆိုင်အောင် ကြိုးပမ်းရမည်ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

လူငယ်ထုကို ချနင်းကာ အာဏာတည်ဆောက်နေသည့် စစ်အုပ်စုကို တော်လှန်ဖို့အတွက် NUG နှင့် NUCC ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရန် GSCB အကြံပြု

တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုပြီး လူငယ် ၇၀၀၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က အကြံပြုတိုက်တွန်းထားပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။