တိုင်းပြည်ကို အာဏာသိမ်းခဲ့တဲ့ စစ်တပ်အဆက်ဆက်ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို အလေးမထားဘဲ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် မြန်မာနိုင်ငံဟာ စစ်ဘေးနဲ့အတူ သဘာ၀ဘေးကို တခြားနိုင်ငံတွေထက် ပိုမိုပြင်းထန်စွာ ခံစားနေရတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြလာပါတယ်။
“ခေါင်းဆောင်တွေနဲ့ နယ်ပယ်အလိုက် အသံကျယ်ကျယ် ဦးဆောင်လှုပ်ရှားသူတွေ ကြားထဲမှာလည်း ‘သဘာဝမုန်တိုင်း‘ ထက် ‘နိုင်ငံရေးမုန်တိုင်း‘ကို ပိုလို့ ရှေ့တန်းတင် စဉ်းစားနေကြဆဲပါပဲ။ ဒီစဉ်းစားချက်တွေက တစိတ်တပိုင်းအားဖြင့် မှားတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ကင်းမဲ့နေဆဲ၊ စစ်အာဏာရှင်နဲ့ စစ်တပ်က အုပ်ချုပ်နေဆဲ နိုင်ငံတခု ဖြစ်နေပါတယ်။ ဒီလို အာဏာရှင်စနစ် ကြီးစိုးတဲ့ နိုင်ငံတွေမှာ လူထုတောင်းဆိုချက်တွေကို တုံ့ပြန်တတ်တဲ့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်မျိုး မထွန်းကားနိုင်ပါဘူး။ တချိန်တည်းမှာ စစ်ယန္တရားကို မောင်းနှင်နိုင်ဖို့ အရင်းအမြစ်တွေကို အင်အားစုဘက်အသီးသီးက ရှေ့နောက် မစဉ်းစားဘဲ အလုအယက် ထုတ်ယူနေကြတာ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် အော်သံကို သူတို့ မကြားနိုင်ကြသေးပါဘူး။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ လူနေလို့ မရလောက်အောင် ဖြစ်လာတဲ့ ‘မြေကော‘ တခုဖြစ်ဖို့ ဦးတည်နေပါတယ်။ ဥတုကပ်ဘေးတွေဟာ ဘက်လိုက်မှာမဟုတ်သလို အညှာအတာလည်း ကင်းမဲ့ပါလိမ့်မယ်” လို့ ISP Myanmar ရဲ့ ဘေးနှစ်သွယ်အမြွှာဆင့်ချိန် ဥတုကပ်ဘေးနှင့် သတိပြုဖွယ်သုံးသပ်ချက်ဆိုတဲ့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝကပ်ဘေးတွေမှာ စစ်တပ်ရဲ့ အမြော်အမြင်ကင်းမဲ့မှု အစဉ်အလာဆိုးတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနဲ့ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတွေမှာဆို လုံခြုံရေး စိုးရိမ်စိတ်နဲ့ နိုင်ငံတကာ အကူအညီတွေ၊ ပြည်သူလူထုတွေရဲ့ အကူအညီနဲ့ လှုပ်ရှားမှုတွေကို အလွန်အမင်း တင်းကြပ် ကန့်သတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အထူးသဖြင့် စစ်တပ်ဟာ နိုင်ငံတကာ အကူအညီနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် သံသယကြီးကြီးထား တုံ့ပြန်ခဲ့ကြပြီး လွဲမှားတဲ့ အကျင့်ပျက်ခြစားမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တိုင်ဖွန်းရာဂီရဲ့ အဖျားခတ် မိုးများရေကြီးမှု ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ မုန်တိုင်းဒဏ် အပြည့်ခံခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံထက်တောင် လူအသေအပျောက် များခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီကထုတ်ပြန်တဲ့ စာရင်းတွေအရ လူပေါင်း ၄၃၃ ယောက် သေဆုံးခဲ့ရပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ဒုတိယအကြီးဆုံး သဘာ၀ဘေးလို့ဆိုနိုင်တဲ့ ‘၂၀၁၅ ခုနှစ် ရေကြီးမှု‘ ကာလထက်တောင်လူသေဆုံးမှုများခဲ့တာဖြစ်ပါတယ်။
အယ်လ်နီညိုနဲ့ လာနီညာတို့လို ပုံမှန်မဟုတ်တဲ့ ပြင်းထန် ဥတုကပ်ဘေးတွေကိုလည်း တခြားနိုင်ငံတွေနည်းတူ နှစ်စဉ်ရင်ဆိုင်လာရပေမယ့် ထိခိုက်ပျက်စီးမှုမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးခံစားခဲ့ရတာပါ။

၂၀၂၄ ခုနှစ် နွေရာသီကာလတုန်းကလည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထဲ မြန်မာနိုင်ငံက သုံးမြို့ ပါတဲ့အထိ အပူချိန် မြင့်မားမှုကို ရင်ဆိုင်ခဲ့ရပြီး အခုနှစ် မိုးရာသီရောက်ပြန်တော့လည်း ပထမ ရေကြီးကာလမှာတင် ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ရိုးတလျှောက်က ဒေသတွေမှာ ရေကြီးမှုဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရပါတယ်။
ဒါဟာ နိုင်ငံတွင်းသယံဇာတတွေကို အလွန်အကျွံထုတ်ယူမှုတွေ မြင့်တက်လာခြင်းကနေ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု ဖောက်ပြန်မှုကို ပြန်လည်ခံစားခဲ့ရတာဖြစ်ပြီး စစ်တပ်အပါအဝင် အစိုးရအဆက်ဆက်ဟာ ရာသီဥတု ကပ်ဘေးထက် နိုင်ငံရေးမှာ ပိုမိုဦးစားပေးခဲ့တာကြောင့် ပိုမိုအထိနာခဲ့ရတယ်လို့ အစီရင်ခံစာမှာ ရေးသားထားတာပါ။
၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဥတုဖောက်ပြန်ပြောင်းလဲမှု အန္တရာယ်ညွှန်းကိန်း (Global Climate Risk Index) မှာ နိုင်ငံပေါင်း ၁၈၃ နိုင်ငံအတွင်း မြန်မာနိုင်ငံက ဒုတိယနေရာကို ရောက်ရှိနေခဲ့ပါတယ်။
ဒါကြောင့် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံဟာ ဥတုကပ်ဘေး စိုးရိမ်ဖွယ်ရာနဲ့ အဆိုးရွားဆုံး ခံစားနေရတာလည်း ဖြစ်ပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် နစ်နာနိုင်ခြေ (climate vulnerability) တွေကိုအကြိမ်ကြိမ်ထောက်ပြဆွေးနွေးခဲ့ကြပေမယ့်အာဏာသိမ်းစစ်တပ်အပါအဝင်အစိုးရအဆက်ဆက်ကကြိုတင်ပြင်ဆင်စိတ်ဝင်စားခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေနဲ့အတူ ဆိုးရွားပြင်းထန်တဲ့ သဘာ၀ဘေးအန္တရယ်တွေကို ရင်ဆိုင်ရတဲ့အခါ နလန်ထူဖို့ ပိုမိုခက်ခဲလာဦးမှာ ဖြစ်ကြောင်း အစီရင်ခံစာက တိုက်တွန်းရေးသားထားပါတယ်။