မြန်မာပြည်မှာ ဒီမိုကရေစီရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ စက်တင်ဘာလမှာ ဖူမီအို ကိုင်ရှီဒါ (Fumio Kishida) ဟာ ဂျပန်ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့လည်း မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကိုင်ရှီဒါလက်ထက် ဂျပန်နိုင်ငံရဲ့ အကန့်အသတ်နဲ့ ထောက်ခံပံ့ပိုးပေးမှုက စိတ်ပျက်စရာဖြစ်ပါတယ်။
ကိုင်ရှီဒါ ဟာ ယခင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခင်ကတော့ သူဟာ မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ပြီး မြန်မာအရပ်သားအစိုးရ အရာရှိတွေနဲ့ ဒေသအနှံ့က အရာရှိတွေနဲ့ တွေ့ဆုံမှုများစွာကို ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ဂျပန်နဲ့ ကိုင်ရှီဒါ တို့ဟာ ၎င်းတို့ကို ပိုပြီး ကူညီကြမယ်လို့ မြန်မာပြည်သူတွေက အများကြီး မျှော်လင့်ထားခဲ့ကြပါတယ်။ သို့ပေမဲ့လည်း ကိုင်ရှီဒါ ရဲ့ ခေါင်းဆောင်မှုအပေါ် အထူးသဖြင့် ကွယ်လွန်သူ ၀န်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့ နှိုင်းယှဉ်ပြီး စိတ်ပျက်ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်မှာ အာဏာပြန်ရပြီးနောက် အာဘေး ဟာ တက်ကြွတဲ့ နိုင်ငံခြားရေး အစီအစဉ်ကို လက်ခံကျင့်သုံးခဲ့ပါတယ်။ သူ့ရဲ့ “စံတန်ဖိုးအပေါ် အခြေခံတဲ့” သံတမန်ရေးနည်းလမ်းက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လုံခြုံရေးကို ဂျပန်နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့အရာတွေအဖြစ် ထားရှိဖို့ ကတိပြုထားခဲ့ပါတယ်။
အာဘေးအစိုးရဟာ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ထောက်ခံခဲ့ပြီး အကြွေးဒေါ်လာ ၂ ဘီလီယံခန့်ကို ပယ်ဖျက်ကာ အကူအညီတွေ ထပ်မံပေးအပ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ အကြီးဆုံးအလှူရှင်အဖြစ် ဂျပန်နိုင်ငံဟာ စက်မှုဇုန်တခုကိုလည်း ထူထောင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကိုင်ရှီဒါ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတန်ဖိုးတွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးဖို့ အာဘေးအစိုးရက မြန်မာနိုင်ငံကို ငါးနှစ်အတွင်း ယန်း ၈၀၀ ဘီလီယံ (ဒေါ်လာ ၅.၅ ဘီလီယံ) တန်ဖိုးရှိ အကူအညီတွေ ပေးအပ်သွာမယ်လို့ ကတိပြုခဲ့ပါတယ်။
အာဘေး ဟာ ဒေသတွင်းက နောက်ဆက်တွဲ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွေထဲ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမြင့်ဆုံး ပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ မြန်မာနိုင်ငံအပေါ် ကိုင်ရှီဒါ ရဲ့ မူဝါဒတွေက အထိန်းအကွပ်ရှိတယ်လို့ ဆိုရမှာပါ။ ၂၀၂၁ အာဏာသိမ်းပြီးနောက် လက်ရှိအစိုးရဟာ မြန်မာပြည်အကျပ်အတည်းမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှာကို ရှောင်ရှားခဲ့ပြီး ပြည်တွင်းရေးတခုအဖြစ် ရှုမြင်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေနဲ့မတူဘဲ ဂျပန်ဟာ စစ်ကောင်စီအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ထားခြင်း မရှိပါဘူး။ အဲဒီအစား ၎င်းဟာ အာဏာသိမ်းစစ်တပ်ထိပ်ပိုင်းတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နိုင်ငံရေးဖိအားတွေထက် စီးပွားရေးအရဆက်ဆံမှုအပေါ် ပိုမိုအာရုံစိုက်ထားပါတယ်။
စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသည့်တိုင်အောင် အာဏာသိမ်းမှုဟာ မြန်မာပြည်က ဂျပန်လုပ်ငန်းတွေကို ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး Eneos Holdings နဲ့ Kirin Holdings တို့လို အဓိကကုမ္ပဏီကြီးတွေကို အရေးပါတဲ့ စီမံကိန်းတွေကနေ နုတ်ထွက်စေခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်အတွက် ဂျပန်ရဲ့ ဘဏ္ဍာရေးအကူအညီတွေက စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းကတဆင့် အများအပြား ဖြတ်သန်းရတာကြောင့် စစ်ကောင်စီကို ထောက်ပံ့ရာမှာ ပါဝင်နေမှာကိုလည်း စိုးရိမ်နေရပါသေးတယ်။
အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံဟာ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်နဲ့ ထောက်ပံ့ပေးခဲ့ပေမဲ့ အများစုက စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ထိခိုက်ခံရသူတွေထံ မရောက်ရှိခဲ့ပါဘူး။ အထူးသဖြင့် အာဘေးအစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ ချဉ်းကပ်မှုနဲ့ ယှဉ်ရင် ကိုင်ရှီဒါ လက်ထက်မှာ ဂျပန်ရဲ့ ပါဝင်ပတ်သက်မှုက သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
နိုင်ငံတကာ ဖိအားတွေ တိုးလာနေပေမဲ့ ကိုင်ရှီဒါ လက်အောက်က ဂျပန်ရဲ့မူဝါဒဟာ သမိုင်းနောက်ခံနဲ့ စီးပွားရေး အကျိုးစီးပွားတွေရဲ့ လွှမ်းမိုးမှုကြောင့် စစ်ကောင်စီကို ထိပ်တိုက်ရင်ဆိုင်မှု ပိုပြီးနည်းပါးသွားစေခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အာဘေး ရဲ့ ခြေရာအတိုင်း ဆက်လျှောက်ဖို့ အထူးသဖြင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးဖို့ အကြီးအကျယ် ပျက်ကွက်ခဲ့ပါတယ်။ အာဘေး က ဒီပန်းတိုင်ကို အာမခံထားခဲ့ပေမဲ့ ကိုင်ရှီဒါ ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ သိသိသာသာ ထိတွေ့ဆက်ဆံခြင်းမရှိခဲ့ဘဲ ခေါင်းဆောင်နှစ်ဦးအကြား ခြားနားမှုကို ရှင်းလင်းထင်ရှားစေပါတယ်။
ဒေသတွင်း လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ရာမှာ ဂျပန်က ဦးဆောင်မယ်လို့ အမေရိကန်နဲ့ အခြားဒီမိုကရေစီနိုင်ငံတွေက မျှော်လင့်ထားပေမဲ့ ဂျပန်အပါအဝင် အာရှဒီမိုကရေစီနိုင်ငံအအတော်များများက တရုတ်နဲ့ အခြားအာဏာရှင်အစိုးရတွေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုဆက်ဆံရေးတွေကို ဦးစားပေးလုပ်ဆောင်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အာရှတလွှားမှာ ဒီမိုကရေစီ ကျဆင်းနေပြီး ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေက တက်တက်ကြွကြွ ပါဝင်ပတ်သက်မှု မရှိနေခြင်းကြောင့် မြန်မာပြည်အပေါ် တရုတ်ရဲ့ သြဇာနဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ပိုပြီး တိုးလာစေခဲ့ပါတယ်။
ကိုင်ရှီဒါရဲ့ ဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးလာပြီဖြစ်တဲ့တိုင်အောင် မြန်မာစစ်အာဏာသိမ်းမှုက ပြေလည်ဖို့ အရိပ်အယောင် မမြင်ရသေးပါဘူး။
ဒါပေမယ့် ဂျပန်ရဲ့ နောက်တက်လာမဲ့ ခေါင်းဆောင်သစ်အနေနဲ့ ဒေသတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မြှင့်တင်ဖို့၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်း အာဏာရှင်စနစ် လွှမ်းမိုးမှုကို တန်ပြန်ဖို့နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်ရာမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အရမ်းအရေးကြီးနေပါတယ်။
Ref: TheJapanTimes/ Kishida’s failure to support democracy in Myanmar
ဓာတ်ပုံ – ၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ထိုစဥ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကိုင်ရှီဒါ