မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၂၅ရက်၊ နေ့လည်လောက်ကစလို့ ချင်းတောင်ပေါ် မိုးကြီးပြီး တောင်ကျချောင်းရေထိုးကျခဲ့တဲ့အတွက် မကွေးတိုင်း၊ ဆောမြို့နယ်ထဲက ချောင်းခွရွာ၊ လယ်ကြီးအိုင့်ရွာနဲ့ တောင်ဇလပ်စစ်ရှောင်စခန်းတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ တောင်ကျချောင်းရေ အရှိန်နဲ့ထိုးဆင်းလာပြီး တောင်ဇလပ်စစ်ရှောင်စခန်းနေ အသက် ၃၈နှစ်အရွယ် ချင်းအမျိုးသမီး၁ယောက်နဲ့ အသက်၃နှစ်ကလေးငယ်တို့ ရေထဲမျောပါသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ကလေးငယ်အလောင်းကိုတော့ စက်တင်ဘာ ၂၆ရက်၊ မနေ့က မနက်ပိုင်း ချောင်းအစပ်မှာ ပြန်ပြီးရှာတွေ့ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။

တောင်ကျချောင်းရေလျှံမှုကြောင့်လယ်ကြီးအိုင့်ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတို့မှာ ရေနစ်မြုပ်ခဲ့ပြီးဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာရေပြန်ကျသွားပေမယ့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲဖြစ်ပြီး အရေးပေါ် ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် လယ်ကြီးအိုင့်ရွာနဲ့ ကံချောင်းရွာကြားမှာရှိတဲ့ ဒေသအခေါ် သံဘောင်တံတားအနီးက ကတ္တရာလမ်းဟာလည်း ရေတိုက်စားပြီး ပျက်စီးသွားတဲ့အတွက် ဆော- ကျောက်ထုလမ်းပိုင်းကိုယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ပျက်စီးသွားတဲ့ လမ်းပိုင်းအတွက်  ကျေးရွာနေပြည်သူတွေ၊ စစ်ဘေးရှောင်တွေ၊ ရွာခံဘုန်းကြီးတွေနဲ့ YDF ရဲဘော်တွေက လူအား၊ ငွေအားနဲ့ပြန်လည်ပြုပြင်ပေးခဲ့တဲ့အတွက် ပြန်ပြီးအသုံးပြုနိုင်ပြီလို့လည်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

“ဆရာတော်​တွေ ဦးဆောင်ပြီး အနီးနားရွာခံအလှူရှင်တွေ၊ စစ်ဘေးရှောင် စခန်းကအလှူရှင်တွေနဲ့အတူ YDF ရဲဘော်တွေရဲ့ ငွေအား လူအား ပါဝင်ကုသိုလ်ယူယူခဲ့လို့ မနေ့က  (စက်တင်ဘာလ ၂၆ ရက်) ည ၈နာရီလောက်မှာပဲ အားလုံး ပြီးစီးသွားပါတယ်။ ဆိုင်ကယ်နဲ့ ကားတွေအားလုံး ပြန်သွားလာလို့ရပါပြီ။ ဆရာတော်တစ်ပါးမိန့်တာအရ ပျက်စီးသွားလို့ ဆည်ခတ်လိုက်ရတဲ့နေရာကပဲ အမြင့် ပေ၂၀နဲ့ အကျယ် ပေ ၄၀လောက်ရှိတယ်။ အောက်ပိုင်းကိုလည်းဆည်ခတ်ပြီး မြေသားတွေဖို့ရတယ်။ ပြီးတော့ သဲကြမ်းလောင်းရတယ်။ တစ်နေကုန်လုပ်ခဲ့ရတယ်” လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူ ကိုဘကောင်းက မောင်းကိုပြောပါတယ်။

ဓာတ်ပုံ (ဒေသခံပေးပို့နှင့် ယောအလင်းတန်းအဖွဲ့) – တောင်ကျချောင်းရေလျှံနေတဲ့ ကျေးရွာများနဲ့ လမ်းပိုင်းပြုပြင်နေပုံများ

0 Shares:
You May Also Like
Read More

မင်းတပ်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန် ရှိနေသေးတာကြောင့် ပြည်သူများကို ဝင်ရောက်ခွင့်မပြုသေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပြည်သူတွေအနေနဲ့ လတ်တလော မင်းတပ်မြို့ကို ဝင်ထွက်ခြင်းမပြုဖို့ ချင်းညီနောင်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကနေဒီတောင်ကို ချင်းညီနောင်တပ်များ ပြန်လည်ထိန်းချုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ကို ချင်းညီနောင် (CB) က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland က သတင်းထုတ်ပြန်လာပါတယ်။ စစ်ကောင်မရှင်တပ်တွေဟာ ချင်းပြည်နယ်အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ကနေဒီတောင်ကနေ CB တပ်ဖွဲ့တွေက ဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် CB ဘက်က စစ်ကော်မရှင်တပ်တွေကို ပြန်လည် စစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းကို PDF Zoland ကနေ လူမှုကွန်ရက်ကတဆင့် အသိပေးလာတာ ဖြစ်ပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ABSDF အမှတ် ၃ စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် (၃) စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲကို အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။