ကမ္ဘာ့လေကြောင်း ကုမ္ပဏီကြီး Airbus အနေနဲ့ သူ့ရဲ့စီးပွားမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လက်နက်တွေ ထောက်ပံ့ပေးနေမှုအပေါ် ဩဇာအာဏာ အသုံးပြုပြီး ကန့်ကွက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း Justice For Myanmar နဲ့ Info Birmanie တို့က ပူးတွဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာစစ်အုပ်စုနဲ့ စီးပွါးရေးပတ်သက်မှုတွေကို AVIC ချက်ချင်းရပ်တန့်ဖို့ ဒီလိုမှမဟုတ်ရင် Airbus အနေနဲ့ AVIC ကနေ အလုံးစုံနုတ်ထွက်ဖို့ သူ့ရဲ့ သြဇာအာဏာကို အသုံးပြုရမှာ ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်တာပါ။

Airbus ကုမ္ပဏီဟာ ဥရောပက လေယာဉ်တည်ဆောက်မှုနဲ့ အာကာသဆိုင်ရာ အကြီးဆုံးကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အဓိကလုပ်ငန်းတွေထဲမှာ အရပ်ဘက်လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေ၊ ကာကွယ်ရေးပစ္စည်းတွေ၊ လုံခြုံရေးပစ္စည်းတွေနဲ့ အာကာသဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ခြင်း ပါဝင်နေပါတယ်။

Airbus ရဲ့ ရှယ်ယာရှင်တွေထဲမှာ ပြင်သစ်အစိုးရ (၁၀.၈ %)၊ ဂျာမဏီအစိုးရ (၁၀.၈ %) နဲ့ စပိန် အစိုးရ (၄.၁ %) တို့ ပါဝင်နေပါတယ်။ Airbus ရဲ့ ပင်မရုံးဟာ ပြင်သစ်နိုင်ငံမှာ ရှိပေမယ့် ကုမ္ပဏီရဲ့ စီးပွါးရေးလုပ်ငန်းရုံးချုပ်ဟာ နယ်သာလန်နိုင်ငံမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

ပင်မ ပိုင်ရှင်တွေရဲ့ အစိုးရတွေဟာ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အကြိမ်ကြိမ် ရှုတ်ချခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် Airbus ရဲ့ သိသာထင်ရှားတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ တရုတ်လုပ်ငန်းစု AVIC နဲ့အတူ ဘဏ္ဍာရေးနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေခြင်းတွေဟာ ဆန့်ကျင်ဘက်ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။

AVIC ဟာ မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုကျူးလွန်ရာမှာအသုံးပြုတဲ့ စစ်လေယာဉ်တွေကို အဓိက ရောင်းချထောက်ပံ့ပေးနေသူလည်း ဖြစ်ပါတယ်။

AVIC ရဲ့ ကြီးကြပ်မှုအောက်မှာ AVIC ကို ကိုယ်စားပြုတဲ့ ကုမ္ပဏီတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်တွေနဲ့ ဆက်စပ် စစ်လက်နက်တွေ ဆက်လက်ရောင်းချထောက်ပံ့ခဲ့တယ်လို့ ဖော်ထုတ်တွေ့ ရှိခဲ့တာပါ။

အနီးကပ်ဆုံံးပေးပို့မှုကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရှိခဲ့ပြီး မြန်မာစစ်အုပ်စုထံ ရောင်းချခဲ့တဲ့ လေယာဉ်တွေထဲမှာ ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီထံ ရောင်းချလွှဲပြောင်း ပေးပို့မှုကို China National Aero-Technology Import & Export Corporation (CATIC) က ဆောင်ရွက်ပေးခဲ့တာပါ။ CATIC ဟာ AVIC က ပံ့ပိုးထားတဲ့ တရုတ်နိုင်ငံပိုင် နောက်ထပ် စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့ကလည်း လေယာဉ်တွေကို နှစ်စဉ်ရောင်းချနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ကောင်စီဟာ FTC-2000G အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ပထမအသုတ် ပေးပို့မှုကို လက်ခံရရှိခဲ့ပါတယ်။

FTC-2000G လေယာဉ်ကို AVIC ရဲ့ ကုမ္ပဏီခွဲ Guizhou Aviation Industries Corporation (GAIC) က ထုတ်လုပ်တာဖြစ်ပြီး အဲဒီလေယာဉ်ဟာ မြေပြင်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုအတွက် ဒုံးကျည်၊ ဒုံးပျံ သို့မဟုတ် ဗုံး တန်ချိန် ၃ တန်အထိ သယ်ယူနိုင်သလို လေ့ကျင့်ပျံသန်းရေး၊ ဝေဟင်ကင်းထောက်လုပ်ငန်းတွေ၊ ထောက်လှမ်းရေး လုပ်ငန်းတွေ၊ အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ အနီးကပ်လေကြောင်းပစ်ကူပေးရေးတို့အတွက်လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ လေတပ် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ AVIC ကုမ္ပဏီခွဲတွေက ထုတ်လုပ်တဲ့ တခြားလေယာဉ်တွေနဲ့အတူ FTC 2000G လေယာဉ် ၆ စင်း (နောက်မြီးနံပါတ် ၁၄၀၁၊ ၁၄၀၂၊၁၄၀၃၊ ၁၄၀၄၊ ၁၄၀၅ နဲ့ ၁၄၀၆) တို့ကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။

စစ်အုပ်စုထံ စစ်လေယာဉ်တွေအပါအဝင် စစ်ဘက်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ရောင်းချ ထောက်ပံ့တဲ့ တရုတ်အခြေစိုက် CATIC ရဲ့ အခန်းကဏ္ဍကို အနီးကပ်ဆုံး ၂၀၂၃ ခုနှစ်၊ မေလက ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက FTC-2000G လေယာဉ် ၁၂ စင်းအတွက် လက်နက်စနစ်တွေ တပ်ဆင်မြှင့်တင်ခြင်းမှာ CATIC ရဲ့ ပါဝင်မှုအခန်းကဏ္ဍကို Justice For Myanmar ဆီ လျှို့ဝှက်ပေါက်ကြားလာတဲ့ အစည်းအဝေး မှတ်တမ်းအရ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ CATIC ရဲ့ ကိုယ်စားလှယ်တွေအကြား ၂၀၁၉ ခုနှစ်က အစည်းအဝေးမှတ်စုအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၃၁ သန်းကျော် (၂၃၁,၆၀၀,၀၀၀) တန်ဖိုးရှိ အရောင်းအဝယ်သဘောတူညီချက်တွေ ပါဝင်တယ်လို့လည်း လေ့လာစုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

သဘောတူညီချက်တချို့မှာ အရေးပေါ်လေယာဉ် ပစ္စည်းကိရိယာတွေ၊ ညဘက်စစ်ဆင်ရေးလုပ်ဆောင်နိုင်စွမ်းနဲ့ ထောက်လှမ်းရေးကိရိယာတွေ၊ IR နဲ့ UV သတိပေးစနစ်တွေကဲ့သို့ သီးသန့်မှာယူတဲ့ ပြုပြင်မွမ်းမံမှုတွေ ပါဝင်လာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လေယာဉ်မောင်း ၁၂ ယောက်နဲ့ “စက်မှုအရာရှိ” ၄၈ ယောက်တို့ကို တရုတ်နိုင်ငံမှာ လက်တွေ့လေ့ကျင့် သင်တန်းပေးမှုတွေ ပါဝင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း FTC-2000G လေယာဉ်တွေအတွက် နောက်ထပ် ဒုံးကျည်အိမ် (mission pods) တွေနဲ့ အပိုပစ္စည်းတွေကို မြန်မာ့လေတပ်က ထပ်မံဝယ်ယူဖို့ ကတိကဝတ်တစ်ရပ်လည်း ပါဝင်ခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ အစည်းအဝေးမှတ်တမ်းတွေထဲမှာ မြန်မာစစ်အုပ်စုက အမေရိကန်ဒေါ်လာ ၇ သန်းကျော်(၇,၁၃၂,၅၀၀) တန်ဖိုးရှိ ဝေဟင်ကနေပစ်တဲ့ PL05 DE ဝေဟင်ပစ်ဒုံးကျည်အစုံလိုက် ဝယ်ယူဖို့ ကတိကဝတ်လည်း ပါဝင်ခဲ့ပါတယ်။

အထူးသဖြင့် PL-5 DE ဒုံးကျည်နှစ်စင်း၊ လေ့ကျင့်ရေးဒုံးကျည် နှစ်စင်း၊ တွဲဖက်ပစ္စည်းတွေနဲ့ စမ်းသပ်ကိရိယာတွေ စာရွက်စာတမ်းတွေနဲ့ သင်တန်းတွေ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် CATIC ဟာ SD-10 A ဒုံးကျည်နှစ်စင်း၊ လေ့ကျင့်ရေးဒုံးကျည်နှစ်စင်း၊ တွဲဖက်ပစ္စည်းတွေနဲ့ စမ်းသပ်ကိရိယာတွေ၊ စာရွက်စာတမ်းတွေနဲ့ သင်တန်းတွေပါဝင်တဲ့ အမေရိကန်ဒေါ်လာ ၉ သန်းကျော် (၉,၇၄၁,၀၀၀) တန်ဖိုးရှိ SD-10 A ဝေဟင်ကနေ ပစ်တဲ့ ဒုံးကျည်အစုံလိုက်ကိုလည်း ရောင်းချပေးဖို့ကိုပါ သဘောတူညီမှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် FTC-2000G လေယာဉ်တွေဟာ မြန်မာနိုင်ငံမှာ မကြာသေးမီကမှ တပ်တော်ဝင်ခဲ့ပြီး စစ်အုပ်စုက နိုင်ငံတဝန်း လူနေထူထပ်ရာဒေသတွေက အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေမှာ FTC-2000G လေယာဉ်တွေကို အသုံးပြု တိုက်ခိုက်လျက်ရှိနေကြောင်းJustice For Myanmar က ထုတ်ဖော်ရေးသားလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီက လမ်းတံတားနဲ့ အဆောက်အဦတွေ ပျက်စီးရတာ တော်လှန်ရေးအင်အားစုတွေကြောင့် လို့ ပြော

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
Read More

လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူ ကိုထိန်လင်း နဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ တွေ့ဆုံခဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းနဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ လန်ဒန်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Read More

စစ်မှုထမ်း ဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲရောက်နေတဲ့ တပ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ မကွေး PDF ဆီ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ မကွေးတိုင်းအရှေ့ခြမ်းက ကြိုးကြာနီတပ်ရင်း (၇) ဆီ ဆက်သွယ် အလင်းဝင်ရောက်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။