စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်​ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူတွေ ဆက်တိုက်သုံးပြီး ဗုံးကြဲခုခံနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၇ရက်နေ့ကစလို့ ကန့်ဘလူမြို့နယ်၊ မလည်ရွာက စစ်အုပ်စုအထိုင်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်ကအထိနာပြီး မနေ့က(စက်တင်ဘာ ၁၈) တစ်ရက်တည်းကိုပဲ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ၆ကြိမ်သွားရောက်ကာ ဗုံးသီး၁၃လုံးနဲ့ စက်လက် ၃ကြိမ် ပစ်ခတ်တိုက်ခိုက်သွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
မနေ့က(စက်တင်ဘာ ၁၈)တိုက်ပွဲမှာ စစ်အုပ်စုတွေ အထိနာနေတာကြောင့် စစ်ကောင်စီက ပထမဦးဆုံးအနေနဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ မနက်၁၁နာရီကျော်မှာ ဗုံးသီး၂လုံးချပြီး စက်လက်နဲ့ လေယာဥ်ပေါ်ကနေ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မနက်၁၁နာရီခွဲအချိန်မှာလည်း ဗုံးသီး၄လုံးနဲ့ စက်လက်တွေပစ်ခတ်သွားသေးကြောင်း၊ နေ့လည်ပိုင်းမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့အတွက် ဂျက်ဖိုက်တာနဲ့ ဗုံးသီးတွေ ဆက်တိုက်ကြဲချခဲ့သေးတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ညနေပိုင်းအထိပါ မလည်ကျေးရွာကို ဗုံးသီးကြဲချရင်း တိုက်ပွဲနဲ့မဆိုင်တဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းက ရေကြည်ဦးရွာကိုလည်း အကြောင်းမဲ့ဗုံးကြဲခဲ့လို့ ရွာဦးဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မလည်ရွာ ဘုန်းကြီး​ကျောင်းဆောင်နဲ့ အရပ်သားနေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတာကြောင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို တော်လှန်ရေးအဖွဲ့တွေက လုံခြုံရေးအရယာယီပိတ်ထားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတွေဝင်ရောက်တပ်စွဲထားတဲ့ မလည်ရွာကို ပြီးခဲ့တဲ့ မေလတုန်းကလည်း တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ၆ယောက်ထက်မနည်း သေဆုံးကာ လက်နက်ငယ်၁၄လက်၊ ကျည်မျိုးစုံ ၇၀၀ ကျော်နဲ့ ကျည်အိမ်၁၁ခု၊ လက်ပစ်ဗုံး၁လုံး ၊ အီနာဂါ၆လုံး၊ ဂျမ်မာ၁လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။
“တိုက်ပွဲက ဆက်လက်ဖြစ်ပွါးနေတာမို့ စစ်ရေးကတော့ ပြောမရသေးပါဘူး‌ဗျ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်း လက်ရှိအချိန်ထိ မကြားရသေးဘူး” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဓာတ်ပုံ – ကန့်ဘလူမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့စဥ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကိုင်းနှင့် မကွေးတွင် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် ၇၇ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့ အခွင့်အရေး” ဖြစ်ပြီး လှုပ်ရှားမှုအဖြစ် လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်း၊ အဓိပ္ပာယ်နဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပေါ်လာပုံတွေ၊ စာပိုဒ်အပါအကြောင်းအရာတွေ၊ လူတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေး အမျိုးအစားတွေကို ကဏ္ဍအလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်နှင့် ဇနီးသည်ဒုတပ်ကြပ်တို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်​ပြောင်းခိုလှုံ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။