ဒီဇင်ဘာလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း အယောက် ၂၀ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင် ပူးပေါင်းလာတဲ့ စစ်သား ၁၂ ယောက်ရှိပြီး အဲဒီထဲက ၁၁ ယောက်က စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းမှာ ၆ ယောက်၊ တနင်္သာရီတိုင်းမှာ ၄ ယောက်၊ စစ်ကိုင်းတိုင်း ၁ ယောက်နဲ့ မန္တလေးတိုင်း ၁ ယောက် အလင်းဝင်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စစ်သား ၈ ယောက်ရှိခဲ့ပြီး ၈ ယောက်လုံးကို စစ်ကိုင်းတိုင်းမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ တတိယပတ်အထိ အကြမ်းဖက်စစ်တပ်ထံကနေ အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း အရေအတွက် စုစုပေါင်း ၂၄၉၁ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
