မန္တလေးနန်တွင်း ထပရ-၁၂၁ တပ်ကနေ စစ်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စစ်အုပ်စုက အိမ်တိုင်ရာရောက် လိုက်လံနှုတ်ပိတ်ပြီး အခြေအနေမှန်ကို သတင်းဖုံးဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက် အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁) စတင်ဖို့ နာရီပိုင်းအလို မနက်အစောပိုင်းမှာ Brave Warriors For Myanmar (BWM) နဲ့ ပူးပေါင်းတပ်တွေက မန္တလေးနန်းတွင်းရှိရာကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး အထိနာသွားတဲ့စစ်အုပ်စုက အရပ်သားထိခိုက်မှာကို ဂရုမစိုက်ဘဲ လက်နက်ကြီးတွေ ပြန်လည်ရမ်းကားပစ်ခတ်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၅ လမ်းထောင့်က နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ယောက် ခြေနဲ့ လက်တွေ ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်အုပ်စုရဲ့ နန်းတွင်း ထပရ ၁၂၁ (ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီနေ့မနက်ပိုင်းမှာပဲ အခင်းနေရာကို စစ်တပ်အာဏာပိုင်တွေသွားရောက်ပြီး သဲလွန်စ လက်နက်ကြီးကျည်ခွံတွေကို သိမ်းယူသွားသလို ကာယကံရှင်တွေကို နစ်နာကြေးသဘောမျိုးပေးရင်း သတင်းမပြန့်ဖို့အတွက် ကြိမ်းမောင်းသွားတယ်လို့လည်း Brave Warriors For Myanmar (BWM) က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ရဲ့ တပ်တွင်းထိခိုက်မှုတွေကို ဖုံးကွယ်နိုင်ခဲ့ပေမယ့် အရပ်သားနေရာ ထိခိုက်မှုတွေကိုတော့ မဖုံးကွယ်နိုင်ဘူးလို့ ဆိုပါတယ်။
“သူတို့ ကြောင့် ထိတာကို ကျနော်တို့ ရှော့ဒုံးကြောင့် ထိတယ်လို့ စွပ်စွဲတယ်။ ကပျာကယာပဲ ထိတဲ့နေရာက လက်နက်ကြီး အစတွေ သွားသိမ်းတယ်။ ငွေပေးပြီး ခြိမ်းခြောက်နှုတ်ပိတ်တဲ့သဘောပါ။ ကျနော်တို့ကြောင့် ဖြစ်ရအောင် လက်နက်ကြီးကျတဲ့အိမ်နဲ့ ကျနော်တို့ရှော့တိုက်ဒုံးတွေ ဦးတည်ရာကလည်း တခြားစီပါ။” လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် BWM နဲ့မဟာမိတ်တွေဟာ တော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့အထိ ၅ နှစ်နီးပါး ရှော့တိုက်ဒုံးကို စနစ်တကျ သင်ကြားပစ်ခတ်ခဲ့ပြီး အခုလို အရပ်သားပစ်မှတ် ထိမှန်မှာမျိုးတွေကို မလုပ်ဆောင်ဘူးလို့လည်း ဖြေရှင်းထားပါတယ်။
“သူတို့ထုံးစံအရ သူတို့ကိုလုပ်ပြီဆို ကမူးရူးတိုးနဲ့ ပြန်လုပ်တာပါ။ ဘယ်သူသေသေ ဂရုမစိုက်တဲ့သဘောပါ။ မြေပြင်အနေအထားအရ အရပ်သားတွေထိမှာ သိသိကြီးနဲ့ လုပ်တာပါ။ ကျနော်တို့ကို ပုံဖျက်တာတော့ ကြုံနေကျပါ” လို့ နန်းတွင်းထဲကို ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ခံက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ရွေးကောက်ပွဲအတုကို အားထည့်နေချိန်ဖြစ်တာကြောင့် ဒီဖြစ်စဥ်ကို သတင်းဖုံးအောင် လုပ်ဆောင်ခဲ့တာလို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၉ရက် မနေ့မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် ၅၉လမ်းနဲ့ ၁၁၄× ၁၁၅ကြားက အမှိုက်ကန်အနီးကို ပျူစောထီးအဖွဲ့ဝင်တွေက အမျိုးသားအလောင်း ၁လောင်း လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution အဖွဲ့က ဖော်ပြထားပါတယ်။
အလောင်းဟာ ဦးခေါင်းကြေမွတဲ့အထိ ရိုက်နှက် နှိပ်စက်ခံထားရပြီး အလောင်းလာပစ်သူတွေဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ဃရပ်ကွက်ရုံးနေ စစ်တပ်လက်ပါးစေ ပျူစောထီးတွေဖြစ်ကြောင်း၊ အကြောင်းအရင်းကို မသိရသေးကြောင်း ဆိုပါတယ်။
မန္တလေးမြို့ခံ အကြမ်းဖက်စစ်အုပ်စုကတော့ ရွေးကောက်ပွဲအတုကို အရပ်သားတွေ စိတ်ဝင်စားအောင် ဖိအားပေးတာမျိုးတွေရှိခဲ့ပြီး လာမယ့် နှစ်သစ်ကူးညမှာလည်း ဖျော်ဖြေပွဲလုပ်ဆောင်ဖို့ ရှိနေကြောင်း သိရပါတယ်။