အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေဟာ သူတို့ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အာရုံလွှဲပြောင်းဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု၊ နိုင်ငံတကာ ထင်ယောင်ထင်မှားစေဖို့ ကြိုးပမ်းမှုသာဖြစ်ပြီး ယုံကြည်လက်ခံနိုင်စရာ မရှိဘူးလို့ SAC-M ရဲ့ အမှုဆောင်ဒါရိုက်တာ ဘန်လီက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို အစပျိုးနေတဲ့ လမ်းကြောင်းပေါ်မှာရှိခဲ့ပေမယ့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုက အဲ့ဒီလမ်းကြောင်းကနေ လုံးဝသွေဖယ်စေခဲ့တယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလပတ်လုံး မြန်မာစစ်တပ်ကို ပြည်သူလူထုအပေါ် သတ်ဖြတ်နေတဲ့ စစ်ယန္တရားတစ်ခုအဖြစ် သူက ပုံဖော်ခဲ့တယ်။ တကယ်တမ်းတော့ မင်းအောင်လှိုင်ဆိုတဲ့နာမည်က ရက်စက်ကြမ်းကြုတ်မှုရဲ့ ပြယုဂ်သာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို လမ်းကြောင်းသစ်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်မယ့် ပုံသဏ္ဍာန် (သို့မဟုတ်) ဒီမိုကရေစီအစပျိုးပေးမယ့်သူအဖြစ် ထင်မြင်ချက်က ယုတ္တိမရှိသလို လုံးဝမဖြစ်နိုင်ပါဘူး” လို့ SAC-M အမှုဆောင်ဒါရိုက်တာ ဘန်လီက ပြောခဲ့ပါတယ်။
စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ပြီး ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုနဲ့ စည်ကားမှု မရှိဘဲ ခြောက်ကပ်ကပ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ရွေးကောက်ပွဲအတု အပိုင်း (၂) နဲ့ အပိုင်း (၃) ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ဆက်လက်ကျင်းပသွားဖို့ ရှိနေပါတယ်။
“သင်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ ဗုံးကြဲခံနေရတဲ့အခါ သင့်အနေနဲ့ ဘယ်လို လွတ်လွတ်လပ်လပ် အပြင်ထွက်ပြီး မဲသွားပေးနိုင်မှာလဲ။ နိုင်ငံတွေအနေနဲ့ သံတမန်တွေစေလွှတ်ကာ မင်းအောင်လှိုင်နှင့်တွေ့ဆုံစေခြင်း၊ သူ၏စစ်တပ်နှင့် ခရိုနီများနဲ့ ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် ၄င်းအား တရားဝင်မှုပေးမည်ဆိုပါက သင်တို့သည် စစ်အုပ်စုကကျူးလွန်နေသည့် ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်သူတွေဖြစ်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် ယန်ဟီးလီကလည်း DW သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။