မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက် မနေ့က မဲသွားပေးရင်း မဲရုံထဲ ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်း မူလွန်ကျောင်းထဲမှာ မဲပေးနေချိန်အတွင်း ဖုန်းဝင်လာလို့ ဖုန်းထုတ်ကိုင်တဲ့ အမျိုးသမီးနဲ့ အဖော်ဖြစ်သူကို စစ်တပ်က ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေတယ်လို့ အကြောင်းပြပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“အစ်မ ၂ယောက်ပေါ့နော်။ အစ်မဆိုပေမယ့် အသက် ၄၀ကျော် ၅၀ အရွယ်တွေပါ။ ပြီးတော့ ရွာဘက်ကဆိုတော့ မဲရုံစည်းကမ်းတွေကို နားမလည်တာလည်းပါတာပေါ့။ အရင် ရွေးကောက်ပွဲတုန်းကကျတော့ ဖုန်းတွေ ယူသွားလို့ရတာဆိုတော့လေ။ အဲ့လိုဆိုတော့ သူတို့လည်း မဲသွားပေးတော့ သူတို့ရဲ့ ပိုက်ဆံအိတ်ထဲမှာ သာမန်ကာ လျှံကာ ဖုန်းထည့်သွားမိတာ။ အဲ့မှာဖုန်းလာတော့ ဖုန်းပြန်ဖြေတာကို ဓာတ်ပုံရိုက်တယ်ဆိုပြီး ဖမ်းခံထိသွားတာ ဟုတ်ပါတယ်” လို့ မွန်ပြည်နယ် ပကဖ ဒုတာဝန်ခံ စေထူးအောင်က မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရသူအမျိုးသမီး ၂ ယောက်ဟာ မရမ်းကုန်းကျေးရွာနေ မခင်မိုးလှိုင်နဲ့ မခင်မာဝေတို့ဖြစ်ပြီး လက်ရှိ သထုံမြို့မရဲစခန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၄(က) နဲ့ အမှုဖွင့်ထားခံရကာ မြို့မရဲစခန်းမှာပဲ အချုပ်ကျနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သထုံမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆ အုပ်စုနဲ့ ကျေးရွာပေါင်း ၁၇၅ ရွာရှိပြီး မဲရုံ စုစုပေါင်း ၈၀ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း သထုံမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စု ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြရာ သထုံမြို့နယ်အတွင်းရှိ လူဦးရေ ၁,၄၀၀ ကျော်ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားပါတယ်။