ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ အကျဉ်းထောင်အတွင်း အမျိုးသမီးဆောင်က အကျဉ်းသူတွေ ခရစ္စမတ်ဆုတောင်းပွဲပြုလုပ်နေစဉ် ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄ ခုက ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။

ရိုက်နှက်မှုကို ဦးဆောင်သူမှာ ဒုထောင်ပိုင် ဟိန်းဇင်အောင်ဆိုသူဖြစ်ပြီး သူ့အဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် အကျဉ်းသူတွေ ထိခိုက်ဒဏ်ရာရရှိပြီး ၁၅ယောက်ခန့် တိုက်ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရသလို နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကနေ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားတဲ့ ဆေးပဒေသာပင် (ကျပ်ငွေ သိန်း ၃၀) ကိုလည်း မလိုအပ်ဟုဆိုကာ ထောင်အာဏာပိုင်တွေက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

ဆေးဝါးလုံလောက်စွာပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကိုလည်း  ဒုထောင်ပိုင် ဟိန်းဇင်အောင်က နာမည်စာရင်းမှတ်ထားကာ လေးဘက်ထောက်ခိုင်းပြီး ရိုက်နှက်တာတွေ၊ ရှာဖွေရေးဝင်ရာမှာလည်း မိသားစုဝင်တွေကနေ ပေးပို့ထားတဲ့ ဆေးဝါးတွေကို သိမ်းဆည်းတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒုထောင်ပိုင်က ပြီးခဲ့တဲ့ ဒီဇင်ဘာမတိုင်မီမှာ ထောင်ပြောင်းရောက်လာသူပါ။ ရောက်ပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေတာပါ။ သူက စစ်တပ်အသွင်ပြောင်းပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေသာမက နိုင်ငံရေးအကျဉ်းသူတွေကိုပါ ဖိနှိပ်မှုမှာ အဓိကပါဝင်နေသူဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

အခုလို ဖိနှိပ်မှုတွေအပြင် ထောင်အာဏာပိုင်တွေဟာ ထောင်တွင်း မူးယစ်ဆေးဝါးတွေကို ဖြန့်ဖြူးနေပြီး နိုင်ငံရေးအကျဉ်းသားတွေက မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ အကွက်ဆင်ကာ ရိုက်နှက်မှုတွေကို ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်တဲ့အထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒုထောင်ပိုင်အပါအဝင် အမျိုးသား အကျဉ်းသားတချို့ဟာ အမျိုးသမီးဆောင်ထဲကို မကြာခဏ ဝင်ရောက်နေတာကြောင့် အမျိုးသမီးအကျဉ်းသူတွေရဲ့ လုံခြုံရေးအတွက် များစွာစိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

“ဒုထောင်ပိုင်ဟာ အမျိုးသမီး အကျဉ်းသူတွေကို စကားအသုံးအနှုန်းနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာမျိုးတွေကို လုပ်နေတာကို ကြားသိရပါတယ်။ အခုလို ဖိနှိပ်မှုတွေကို လုပ်နေတဲ့ ဒုထောက်ပိုင်သာမကပေါ့နော် ဦးစီးမှုးတွေ၊ စေခိုင်းမှုတွေကို လိုက်ပါလုပ်ဆောင်နေတဲ့  အခြားရာဇဝတ်အကျဉ်းသားတွေ… ဝန်ထမ်းတွေ ဒီလူတွေ အားလုံးဟာ သေချာပေါက် တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ သေချာပေါက်ပြန်ခံရမှာ ဖြစ်တယ်ဆိုတာကို သတိပေးပြောကြားလိုပါတယ်” လို့ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

အခုလို လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုတွေအပေါ်  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) တို့က  ပြင်းထန်စွာ ကန့်ကွက်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့လည်း ဒိုက်ဦးအကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်ပေးဖို့နဲ့ ကျူးလွန်နေသူတွေကို  အရေးယူနိုင်ရေး ဖိအားပေးဆောင်ရွက်ပေးဖို့ အလေးအနက်ထား တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

ပေါက်မြို့နယ်မှာ ပျူစောထီး ၁ ယောက် တာဝန်ကျစစ်သားတွေဆီက လက်နက်တွေယူပြီး ပကဖ တွေထံ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဇီးပြားကျေးရွာက ပျူစောထီး၁ယောက် လက်နက်ခဲယမ်းတွေယူဆောင်ပြီး မြိုင်-ပေါက် ပကဖ အဖွဲ့တွေဆီ အလင်းဝင်ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲလွန် ကာလတွေအထိ အတူရပ်တည်ပေးဖို့ နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အဆိုပါအတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အတုအယောင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆက်လက်အသိအမှတ်မပြုဖို့ NUCC က နိုင်ငံတကာကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံအများစုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်မပြုတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့တာပါ။
Read More

ပြည်သူ ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သာ အတည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးသည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လက်ရှိ စစ်အုပ်စု ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကသာ ပြည်သူလူထုဆန္ဒနဲ့အညီ တည်ရှိနေဆဲဖြစ်ကြောင်း မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။