စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ စတင်ကျင်းပဖို့ ၁၂ နာရီအလိုမှာမှ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် ထပ်မံတိုးလာကြောင်း ဒီဇင်ဘာလ ၂၇ ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
မူလက မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သတ်မှတ်ထားပေမယ့် အခုအခါ ၉ မြို့နယ် ထပ်တိုးလာတာကြောင့် စုစုပေါင်း ၆၅ မြို့နယ်အထိ ရှိလာတာပဲ ဖြစ်ပါတယ်။
ထပ်တိုးလာတဲ့ မြို့နယ်တွေကတော့ ချင်းပြည်နယ်က တွန်းဇံ၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်၊ စစ်ကိုင်းတိုင်းက ကောလင်းနဲ့ ဗန်းမောက်မြို့နယ်၊ ရခိုင်ပြည်နယ်က အမ်း၊ သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့ ဖြစ်ပါတယ်။

အခုလို စစ်အုပ်စုကနေ ရွေးကောက်ပွဲ မကျင်းနိုင်ကြောင်းထပ်တိုးခဲ့တဲ့ မြို့နယ်တွေဟာ လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့ ဒေသတွေလည်း ဖြစ်နေပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲအတုကို အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားပြီး အပိုင်း (၁) ကိုတော့ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ စတင်တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အပိုင်း (၂) ကို ဇန်နဝါရီလ ၁၁ ရက်နဲ့ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်တွေမှာ ပြုလုပ်မယ်လို့ ကြေညာထားပေမယ့် လက်တွေ့မြေပြင်မှာတော့ နယ်မြေလုံခြုံရေးနဲ့ စိုးမိုးမှု အားနည်းချက်တွေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ တစ်စစ ပိုမိုများပြားလာနေတာပဲ ဖြစ်ပါတယ်။