မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ ရပ်ကွက်အလိုက် မဲစာရင်းတွေကြေညာထားပေမဲ့လည်း ဒီအတုအယောင်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူ မရှိသလောက်ဖြစ်နေတာကြောင့် အရပ်သားတွေကို မဲစာရင်းကြည့်ဖို့ စစ်အုပ်စုက ဖိအားပေးလုပ်ဆောင်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ ကမောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ရက်နေ့ကစလို့ ဂန့်ဂေါမြို့ပေါ် ရပ်ကွက် ၄ခုရဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲအတုအတွက် မဲစာရင်းတွေ ကပ်ထားပေမယ့် စိတ်ဝင်တစားလာရောက်ကြည့်ရှုသူ မရှိပဲဖြစ်နေတာပါ။
ဒီလိုမဲစာရင်းကြေညာမှုဟာ တတိယအကြိမ်ဖြစ်ပြီး အရပ်သားတွေဘက်က စိတ်ဝင်စားမှုနည်းပါးတာကြောင့် စစ်အုပ်စုလက်ပါးစေတွေဟာ ညအချိန် နေအိမ်တွေအထိ ဧည့်စာရင်းသွားရောက်စစ်ဆေးရင်း မဲစာရင်းကြည့်ရှု့ပြီးစီးမှုရှိမရှိကို မေးမြန်းတာတွေ ရှိလာတယ်လို့ သိရပါတယ်။
“မြို့ပေါ်မှာ မဲစာရင်းတွေကို ပြန်ကြေညာထားပေမဲ့ သွားကြည့်တဲ့သူ အဆမတန်နည်းပါတယ်။ မဲစာရင်းကို လာမကြည့်ကြတော့ စစ်တပ်နဲ့အပေါင်းအပါတွေက ညဘက်တွေမှာ မြို့ပေါ်ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လိုစစ်ရင်းနဲ့ မဲစာရင်းသွားကြည့်သေးလား၊ မကြည့်ဘူးလားဆိုတာတွေပါ စစ်ပါတယ်” လို့ မြို့ခံတစ်ယောက်ကပြောကြားခဲ့ကြောင်း ယောအလင်းတန်း ဆိုပါတယ်။

ပုံစာ- ဂန့်ရောမြို့နယ်တွင်ပြုလုပ်သည့် မဲရုံမှူးသင်တန်းမြင်ကွင်း
ပုံ-စစ်အုပ်စု
ယောဒေသဖြစ်တဲ့ ဂန့်ဂေါခရိုင်အတွင်းက မြို့နယ်တွေထဲ ဂန့်ဂေါ ၁ မြို့နယ်တည်းသာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်နိုင်တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၁ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၂) မှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်အုပ်စု အဓိကစိုးမိုးထားတဲ့ မြို့ပေါ်ရပ်ကွက်(၄)ခုမှာသာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျန်တဲ့ကျေးရွာအုပ်စု (၇၀)ကျော်မှာတော့ လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ကိုမင်းဒဿက ပြောပါတယ်။
ဒီအတွက် မြို့ပေါ်က စာသင်ကျောင်းတွေကို မဲရုံအဖြစ်ပြင်ဆင်ထားသလို တစ်ပတ်တစ်ကြိမ် လူစည်ကားရာနေရာတွေမှာ လက်ကမ်းစာစောင်ဝေတာမျိုးနဲ့ ဧည့်စာရင်းစစ်ရင်း မဲစာရင်းကြည့်ခိုင်းတာမျိုးတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဂန့်ဂေါမြို့တစ်ခုလုံးအတိုင်းအတာအရ စစ်အုပ်စုက မဲရုံ ၄ခု ဖွင့်လှစ်ထားပြီး မဲရုံ၀န်ထမ်းအဖြစ် တာဝန်ကျတဲ့ Non CDM ပညာရေးဝန်ထမ်း၃၀ ကျော်ကို မဲရုံသင်တန်းပေးတာတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ်အတွင်း လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
“အခုက စိတ်မဝင်စားတာ အရပ်သားတွေအပြင် ဝန်ထမ်းတချို့ရောပဲ။ စိတ်မပါလဲ လုပ်ပေးနေကြရသလိုပေါ့။ ဘယ်အချိန် မြို့ ထသိမ်းမလဲဆိုတဲ့ အတွေးတွေဝင်နေကြတာ။ မဲပေးစက်အကြောင်း ပြောတာတွေ၊ ဘာတွေတော့ မရှိသေးဘူး။ ဒါပေမယ့် ဧည့်စာရင်းစစ်ရင်းနဲ့ မဲစာရင်းနံပါတ်တွေ မေးတယ်။ မကြည့်ရသေးရင် ကြည့်ခိုင်းတယ်။ ပြည်သူတွေ စိတ်မဝင်စားဘူးဆိုတာသိလို့ လုပ်နေရတာပေါ့” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿမောင်းကို ဆက်ပြောပါတယ်။
ဂန့်ဂေါမြို့နယ်ကနေ လွှတ်တော် သုံးရပ်အတွက် အမတ် ၅ယောက် ဝင်အရွေးခံဖို့ရှိနေပြီး လက်ရှိအခြေအနေအရ တိုင်းဒေသကြီးလွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်အရွေးချယ်ခံတဲ့ ဦးဇော်ထွန်းဦးကတော့ ပြိုင်မယ့်သူမရှိတာကြောင့် ကြိုတင်အရွေးခံထားရပြီးဖြစ်တယ်လို့ လည်း သိရပါတယ်။